“The Call ရဲ့ မနက်စာ”
-၂၀၂၄ ဇူလိုင် ၂၅ ကြာသပတေးနေ့ –
■ မနက်ခင်းအတွေး
ဒီနေ့တနေ့လုံး မိုးကုတ်ပဲ။ ဒီတညနေလုံးလည်း မိုးကုတ်ပဲ။ လွယ်လွယ်နဲ့တော့မဟုတ်ဘူး။ တလလုံးလုံး တလက်မချင်း တလမ်းချင်း တိုက်ယူခဲ့ကြရတာ။ အခုတွေ့ရတဲ့ အပျော်တွေ အပြုံးတွေနောက်မှာ တပြည်လုံးကပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ စောင့်စားမှုတွေ တက်ကြွမှုတွေ ယုံကြည်မှုတွေက ထုနဲ့ထည်နဲ့။ လူထုရဲ့ထောက်ခံအားပေးမှုကြောင့် အခုလိုအောင်ပွဲတွေရရှိခဲ့တာပါတဲ့။ တိုက်ပွဲဝင်ရဲဘော်လေးတဦးရဲ့စကားက တောင်နံရံတွေမှာ ပဲ့တင်ထပ်လို့။
ငါတို့မှ အိမ်မပြန်ရတာမဟုတ်ဘူး။ သက်သက်ခိုင်နဲ့ ကြူကြူလှလည်း အိမ်ပြန်လို့မရတော့ဘူး တဲ့။ မြိန်မြိန်ယှက်ပဲ ပြုံးခဲ့ကြ။ သံတွဲနဲ့ မိုးကုတ်ဟာ စစ်ဖိနပ်ကို ဆောင့်ကန်ထုတ်ပစ်ခဲ့ပြီ။ တလှိုင်းပြီးတလှိုင်း လာခဲ့ကြတယ်။ တော်လှန်ရေးက ဘယ်အခြေရောက်နေပြီလဲဆိုတော့ မိုးကုတ်ကို ရောက်နေပါပြီပေါ့လေ။ ချိတ်ပိတ်ထားတဲ့သော့ခလောက်ကို ဆယ်ပေါင်တူနဲ့ရိုက်ဖွင့်တာ နွေဦးရဲ့ အလှပဆုံးပါဖောင့်မန့်တခုဖြစ်တယ်။ ညီမလေးတွေပြန်လာမှ အပိတ်ခံထားရတဲ့အိမ်ကို ဖွင့်ဝင်တာကလည်း နွေဦးရဲ့ ရင်အခုန်ရဆုံး ဇာတ်ဝင်ခန်းတခုဖြစ်တယ်။ မြို့အခြေအနေဘယ်လိုဖြစ်နေပါလိမ့်လို့ စိတ်ပူနေတုန်းမှာ အောင်ပွဲခံဝင်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားလေးကို သနပ်ခါးအဖွေးသားနဲ့ ဆီးကြိုနမ်းနေတဲ့အမေ့ရဲ့ဓာတ်ပုံကို လိုင်းပေါ်မှာ ပက်ပင်းကြီးတွေ့လိုက်ရတဲ့အခါ အဝေးရောက်နေတဲ့ရင်ခုန်သံဟာ ကြီးကျယ်ခမ်းနားခဲ့ပါတယ်။
ဒီနှစ်အာဇာနည်နေ့မှာ ပေးဆပ်ခဲ့သူတို့ရဲ့ ကျေးဇူးတရားကို ပိုလို့တန်ဖိုးထားခဲ့ကြတယ်။ ဒီ ဇူလိုင် ၂၃ မှာ အကြမ်းဖက်စစ်အာဏာရှင်ရဲ့ လူမဆန်မှုတွေအတွက် တော်လှန်စိတ်တွေ ဒီရေပိုမြင့်ခဲ့ကြတယ်။ စစ်မြေပြင်မှာပဲဖြစ်ဖြစ် စားပွဲဝိုင်းပေါ်မှာပဲဖြစ်ဖြစ် ပြစ်မှုကျုးလွန်ခဲ့သူတို့အတွက် လွတ်လမ်းမရှိစေရ။ နေလုံးဟာ ငပလီကမ်းခြေက ပင်လယ်ရေပြင်ထဲမှာ တိုက်တန်းနစ်လို တပိုင်းနစ်နေလေရဲ့။ တရုတ်ပုလွေသံလေးနဲ့ တဖြည်းဖြည်းဝေးသွားတဲ့ အသက်ကယ်လှေရဲ့ လှော်တက်သံတစွပ်စွပ်ဟာ ဇာတ်သိမ်းခန်းကို သရုပ်ဖော်နေလေရဲ့။ ဒီတကြိမ်မှာတော့ စစ်အာဏာရှင်တွေအတွက် no more come back ပြန်လမ်းမရှိလေပြီ။
■ သတင်း
Be the first to comment