“The Call ရဲ့ မနက်စာ”
-၂၀၂၄ ဇူလိုင် ၂၆ သောကြာနေ့ –
■ မနက်ခင်းအတွေး
ဘယ်နှစ်ရက်ရှိပြီလဲ၊ မိုးက ကောင်းလိုက်တာ။ မိုးကောင်းတုန်းတော့ ရွာထားဦးပေါ့။ ကိုယ့်ဘက်က ဘာမှပြန်မလုပ်နိုင်ဘဲ တဖက်သတ်ခံနေရသောအခါ လူအများ ပြောလေ့ရှိတဲ့စကား သတိရမိသည်။ လက်စားချေစိတ်ကို ရင်ထဲမှာ မွေးမြူလိုက်ခြင်းဟု ဆိုရမည်။ ကိုယ့်လက်ထဲ လုပ်ပိုင်ခွင့်ရလာသည့်အခါ ကိုယ်တွေခံခဲ့ရသည့်အတိုင်း ပြန်လုပ်ဖို့ တေးထားလိုက်တာမျိုးဖြစ်သည်။ အဲတော့ ဘာထူးမလဲ။ ကိုယ်မကြိုက်တာကို သူများကိုလည်း မလုပ်နဲ့ဟု သင်ကြားချက်ရှိသည်မဟုတ်လား။ အာဏာရှင်၏ အကြမ်းဖက်စိတ်ကို ရွံမုန်းသည်ဟုဆိုလျှင် ဘာ့ကြောင့် ကိုယ်ကလည်း သူတို့လို အကြမ်းဖက်ဖို့ စဉ်းစားမလဲ။
ဒီလိုတွေပြောတော့ တဖက်ကပြန်တွေးလျှင် တကယ်ခံစားခဲ့ရသည့်သူတွေကို မစာနာရာရောက်သည်။ သူတို့ နစ်နာဆုံးရှုံးခဲ့ကြသည့် တချို့အရာတွေက အလျော်ပြန်ပေးလို့မရ။ သေသွားတဲ့အသက်တချောင်းအတွက်၊ ပျက်စီးသွားတဲ့မိသားစုဘဝတခုအတွက် ဘာနဲ့ပြန်အလျော်ပေးမလဲ။ တဘလုံးစာ ပြန်ရွှေချပေးတောင် တရားမျှတမှု ပြန်မရနိုင်တော့။ တခုပဲရှိသည်။ နောင်ကို တခြားလူတွေ ဒီလိုမခံစားရအောင်၊ ဒီလိုမတရားမှုတွေ အကြမ်းဖက်မှုတွေ လူမဆန်မှုတွေ ဒီလူ့အဖွဲ့အစည်းမှာ နောက်တကျော့ပြန်ထွန်းကားမလာအောင် စိတ်ဓာတ်တွေ၊ ကျင့်ဝတ်တွေ၊ တရားဥပဒေတွေကို ပြန်လည်တည်ဆောက်ယူပေးကြဖို့လိုသည်။ အဲဒီလို စနစ်ကောင်းကြီးတခုတည်ဆောက်ခွင့်ရအောင် ပေးဆပ်စွန့်လွှတ်ခဲ့သည့်သူတွေကို ပစ်ထားသလိုမဖြစ်ဖို့တော့ ဂရုစိုက်ကြရပေမည်။
တော်လှန်ရေးဆိုတာ လိုအပ်သည့်အခါ စစ်ကို ရွေးချယ်ရသည်။ ဒါပေမယ့် အဲဒီစစ်ဆိုတာ အသစ်တွေပြန်လည်တည်ဆောက်မွေးဖွားနိုင်ဖို့ အဟောင်းတွေ ဖြိုချသည့်စစ်မျိုးဆိုတာကို မမေ့ကြဖို့သတိထားကြရမည်။ အထူးသဖြင့် တော်လှန်ရေးက လုပ်ပိုင်ခွင့်တချို့ လက်ထဲရောက်လာသည့် အခြေအနေမျိုးမှာ ဒီအသိစိတ်လွတ်မသွားကြဖို့ ပိုအရေးကြီးပါသည်။ လူဆိုတာက ခံစားချက်နှင့် သွေးဆူလွယ်သည့် သတ္တဝါတမျိုးမဟုတ်လား။ မိုးကုတ် လားရှိုးသတင်းတွေအောက်က ကွန်မန့်တွေလျောက်ဖတ်ပြီး မိုးအေးအေးနှင့် တွေးမိတာလေးတွေ မနက်အိပ်ယာထ သတိရလိုက်မိတာဖြစ်ပါသည်။ သံသရာဆိုတာ အဖန်ဖန်ကျော့တတ်စမြဲမို့ ကိုယ့်ဘက်က အသိဦးဖို့ ဆိုပါတော့။ တခြားသူတွေကိုလည်း ဆက်လက်ဖြန့်ကျက် တွေးမိကြစေချင်သည်။ မိုးကောင်းလေ တွေးကောင်းလေပေါ့လေ။
Be the first to comment