“The Call ရဲ့ မနက်စာ”
-၂၀၂၄ ဇူလိုင် ၂၉ တနင်္လာနေ့ –
■ မနက်ခင်းအတွေး
တခါတုန်းက သူငယ်ချင်းတယောက်က ပြောဖူးတယ်။ ငယ်တုန်းက လောကကြီးမှာ လူဆိုးတွေ မရှိသင့်ဘူးလို့ ထင်ခဲ့တယ်တဲ့။ ဒါပေမဲ့ ကြီးလာတော့ လောကကြီးမှာ လူဆိုးကော လူကောင်းကော နေခွင့်ရှိတယ်ဆိုတာ သူလက်ခံလာတယ်လို့ ဆိုပါတယ်။ လောကကြီးကို ကောင်းစေချင်တာ လူတိုင်းရဲ့ အခြေခံစိတ်ထားလို့ ပြောရမယ်ထင်ပါတယ်။
ဒါပေမဲ့ မိမိအပါအဝင် လူတဦးချင်းကတော့ ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလည်း ရှိမှာပဲ။ လူတယောက်တည်းမှာကို အရင်က ကောင်းခဲ့ပေမဲ့ အခုဆိုးနေတဲ့သူတွေရှိတယ်။ အခုဆိုးနေပေမဲ့ တချိန်မှာ ကောင်းသွားမယ့်သူတွေလည်းရှိတယ်။ တချိန်မှာ တနေရာမှာ ဆိုးခဲ့ပေမဲ့ နောက်တချိန် နောက်တနေရာမှာ ကောင်းနေပြန်တာလည်းရှိမယ်။ ဒီတယောက်အတွက် ကောင်းလှချည်ရဲ့ဆိုတဲ့သူကလည်း အခြားတယောက်အပေါ်မှာကျ ကမ်းကုန်အောင် ဆိုးနေပြန်တယ်။ လူတချို့က လူကောင်းလို့သတ်မှတ်ထားသည့်တိုင် တခြားလူတွေအတွက် လူဆိုးကြီးဖြစ်နေတာလည်း ကြုံဖူးတယ်။ လူဆိုတာက ပြောင်းလဲတတ်တဲ့သဘာဝရှိတဲ့အတိုင်း အမြဲတမ်းဆိုးမနေသလို အမြဲတမ်းလည်း ကောင်းချင်မှကောင်းမယ်။ အကောင်းနဲ့အဆိုးဟာ လူတဦးတည်းမှာတင် ရောပြွမ်းနေတတ်တာ၊ လွန်ဆွဲနေတတ်တာ၊ နေ့နဲ့ညလို မှောင်တလှည့်လင်းတလှည့်ဖြစ်နေတတ်တာ သဘာဝကျတယ်။ လူဆန်တယ်လို့တောင် ပြောရဦးမယ်ထင်ပါရဲ့။ ဒါပေမဲ့ လူရဲ့အခြေခံစိတ်ကတော့ ပြောခဲ့သလို အကောင်းကို လိုလားတာပါပဲ။
ပတ်ဝန်းကျင်ကြောင့် ဘဝကြောင့် မပြင်နိုင်တဲ့စိတ်ခံစားချက်နဲ့ မဖျောက်နိုင်တဲ့အကျင့်စရိုက်ကြောင့် လူဆိုးကြီးအဖြစ် အများက ကဲ့ရဲ့ပြစ်တင်တာခံနေရစေဦးတော့ ဖြစ်နိုင်ရင် သူ့ကို လူတိုင်းက လူကောင်းကြီးအဖြစ် အသိအမှတ်ပြုစေချင်တဲ့စိတ်ကတော့ အပြည့်ပဲမဟုတ်လား။ ဒါပေမဲ့ ကောင်းတာတွေလုပ်ဖို့ကျတော့ တွန့်ဆုတ် ပျက်ကွက်နေမိပြန်ရော။
တကယ်တော့ လူကောင်းလူဆိုးဆိုတာ မိမိရဲ့လုပ်ရပ်ကြောင့် ရရှိလာတဲ့ အမည်နာမပဲဆိုတာ လက်မခံချင်ဘဲ လူတွေက တဖက်စောင်းနင်း နိုင့်ထက်စီးနင်း သတ်မှတ်သမုတ်သယောင် သူ့စိတ်က အစွဲနဲ့မြင်လာတဲ့အခါ လောကကို ရန်ဘက်လို့မြင်လာတယ်။ လူတိုင်းနဲ့ ရက်ဖက်ပြုလာတယ်။ ဒီလိုနဲ့ တကယ့်လူဆိုးကြီး ဖြစ်သွားခဲ့ကြတယ်။ အဲလောက်ကြီးမားခိုင်ခန့်သွားတဲ့ လူဆိုးတွေကျတော့ လောကကြီးက လူကောင်းတွေနဲ့ အတူယှဉ်တွဲ နေထိုင်ခွင့်ပြုပေးဖို့ခက်လာတယ်။ သူတို့က သူတို့ကောင်းကြောင်းပြချင်တာနဲ့ပဲ အရာရာဖျက်ဆီးပစ်ဖို့ ဝန်မလေးကြသူတွေမဟုတ်လား။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတနေ့မှာ ဟောဒီလောကကြီးမှာ အဲဒီလိုလူဆိုးကြီးတွေနဲ့ အတူနေကြရမယ်ဆိုရင်တောင် သူတို့ကိုယ်သူတို့ လူကောင်းယောင်ဆောင်ခွင့်တော့ ပေးလို့မရပါဘူး။ ကောင်းခြင်းနဲ့ဆိုးခြင်းဟာ ခေါင်းနဲ့ပန်းပါပဲလို့ နားလည်မှုရောထွေးအောင်လည်း လုပ်ခွင့်မပေးဖို့ လိုပါလိမ့်မယ်။
လူကောင်းဆိုတာ တကယ်ကောင်းတဲ့သူ၊ လောကကြီးအပေါ်ကောင်းတဲ့သူ၊ လူတိုင်းအတွက် ကောင်းတဲ့သူ၊ အချိန်နေရာမရွေး ကောင်းတဲ့သူဖြစ်ပြီး ဘယ်လူဆိုးတွေအပေါ်မှာပဲဖြစ်ဖြစ် ထာဝရအောင်ပွဲခံနိုင်သောသူသာ ဖြစ်ရပါမယ်။ လူကောင်းတွေရှုံးနိမ့်သွားတဲ့ကမ္ဘာကို ဘယ်ဘုရားမှ လိပ်ပြာလုံကြမှာ မဟုတ်ဘူးလေ။
Be the first to comment