“The Call ရဲ့ မနက်စာ”
-၂၀၂၄ ဇူလိုင် ၃၀ အင်္ဂါနေ့ –
■ မနက်ခင်းအတွေး
ကိုယ့်ရန်သူရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်ရတာလည်းမဟုတ်ဘူး။ ခံဝန်ကတိမှာ လက်မှတ်ထိုးပြီး ထွက်လာရတာလည်းမဟုတ်ဘူး။ နိုင်ငံရေးအပေးအယူတခုမှာ အမြတ်ထုတ်ခံလိုက်ရတာလည်းမဟုတ်ဘူး။ ပိုပြီး ကျေနပ်စရာကောင်းတာက နှစ်ပြည့်အောင်နေပြီးမှ အိမ်ပြန်လာရတာ မဟုတ်ပဲ၊ ရန်သူရဲ့ အကျဉ်းထောင်တံခါးကို ကိုယ့်ရဲဘော်တွေက ဖွင့်ပေးလိုက်လို့ တော်လှန်ရေးအလံတော်ရိပ်အောက်ကနေ လျှောက်လှမ်းထွက်လာခဲ့ကြရတာပဲဖြစ်ပါတယ်။ လားရှိုးအကျဉ်းထောင်ကလွတ်မြောက်သွားကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေအကြောင်းသတင်းက ဒီတနေ့လုံးကို မွှေးပျံ့နေစေခဲ့တယ်။
ဒါပေမဲ့ တိုင်းပြည်အနှံ့အပြား စစ်အကြမ်းဖက်တပ်ရဲ့လက်ထဲမှာ နိုင်ငံရေးနဲ့ဆိုင်တာကော၊ မဆိုင်တာကော… စတဲ့ပုဒ်မတွေနဲ့ သူ့ကိုဆန့်ကျင်လို့ဆိုပြီးဖမ်းဆီးအကျဉ်းချခံထားရတဲ့ လူပေါင်းသောင်းချီ ရှိနေပါသေးတယ်။ ပြီးတော့ လူထုခေါင်းဆောင်တွေကောပေါ့လေ။ လူကိုသတ်တယ်။ နိုင်ငံရေးကိုသတ်တယ်။ အနာဂတ်မျှော်လင့်ချက်တွေကိုသတ်တယ်။ သူတို့ရဲ့ဖိနှိပ်ရေးလမ်းကြောင်းမှာ ခလုတ်ကန်သင်းမရှိစေရဘူးပေါ့လေ။ ဒါပေမဲ့ ထိရင်ချ၊ ဖိရင်ကြွတဲ့တော်လှန်ရေးကို သူတို့တည့်တည့်ကြီး ရင်ဆိုင်တိုးမိကြတယ်။ သမိုင်းနဲ့ချီပြီး လည်စင်းခံခဲ့ရတဲ့ ပြည်သူတွေဟာ နွေဦးမှာ ရုန်းထလာခဲ့ကြတယ်။
ဘယ်တော့နိုင်မလဲဆိုတာ မေးခွန်းမဟုတ်တော့ဘူး။ ငါတို့အလှည့်ကျန်သေးတယ်ဆိုတာ အားတင်းကြိမ်းဝါးသံမျှ မဟုတ်တော့ဘူး။ လမ်းများအားလုံးနေပြည်တော်သို့ဆိုတာ တပ်လှန့်သံသက်သက်မဟုတ်တော့ဘူး။
တခါတုန်းက ကုလသမဂ္ဂရုံးရှေ့မှာ ဂျန်ဇီးလူငယ်လေးတဦးက မြန်မာပြည်သူတွေအားလုံးကိုယ်စား စာတမ်းလေးတခုကိုင်ပြီး ကမ္ဘာကြီးကို မေးခွန်းထုတ်ခဲ့တယ်။ ကျနော်တို့ပြည်သူတွေ နောက်ထပ် ဘယ်နှစ်ယောက် သေပေးရအုန်းမလဲ တဲ့။ တကယ်လည်း စစ်အကြမ်းဖက်တွေကိုအံတုရင်း ပြည်သူတွေက ရဲရဲကြီးသေပြခဲ့ကြတယ်။ အခုတော့ ကမ္ဘာကြီးက ညောင်နာနာနဲ့ အသံထွက်လာပြီ။ ပြဿနာတွေ ဒီထက်ပိုဆိုးမလာအောင် အမြန်ဆုံးအဖြေရှာကြပါတဲ့။ ကိုယ့်အိမ်ထဲ မီးခိုးဝင်တာတွေ့မှ သံချောင်းခေါက်တတ်ကြတာ ရပ်ကွက်ထဲမှာ ဒီလိုပဲ၊ ကျနော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲပေါ့လေ။ တိမ်တွေမဲမှောင်ထူထပ်နေပေမဲ့လည်း မနက်ခင်းဟာ ညရင်အုံကိုဖောက်ထွက်လို့ ဆိုက်ရောက်လာစမြဲ။
Be the first to comment