မနက်ခင်းအတွေး

by The Call
60 views

“The Call ရဲ့ မနက်စာ”
-၂၀၂၄ ​ဇူလိုင် ၃၁ ဗုဒ္ဓဟူးနေ့ –
■ မနက်ခင်းအတွေး
ရန်သူကို အနားမပေးနဲ့ တဲ့။ ၃ နှစ်နီးပါးလုံးလုံး အနားမပေးခဲ့ဘဲ ဘက်ပေါင်းစုံက အဆက်မပြတ်တိုက်ခိုက်နေခဲ့လို့ ဒီအခြေအနေရောက်လာတာပဲ။ ကံကောင်းတာက ရန်သူက သူ့အခြေအနေမှန်ကို နားမလည်နိုင် လက်မခံနိုင်ဖြစ်နေတော့ မှန်မှန်ကန်ကန် မတုန့်ပြန်နိုင်ဘူး။ အမှားပေါ် အမှားတွေပဲဆင့်နေတယ်။ သူတို့လုပ်တတ်တာကိုပဲ မပြောင်းမလဲ တစိုက်မတ်မတ်လုပ်တယ်။
အခြေအနေက ရင့်မှည့်သွားရင် အချိန်ကိုဝယ်လည်း အဲဒီအချိန်က ကိုယ့်ကိုခြွေချသွားတာပဲ။ နွေဦးပြည်သူတွေက ရွေးကောက်ပွဲဆိုတာလောက်နဲ့ ရင်မခုန်တော့ဘူး။ ပြီးတော့ ၂၀၂၀ ရလဒ်ဟာ ပါတီတခုရဲ့အနိုင်မဟုတ်ဘူး။ အဲဒီရလဒ်ဟာ သူတို့အပိုင်လို့ ပြည်သူတရပ်လုံးက သတ်မှတ်တယ်။ ဒါကြောင့် ငါတို့အာဏာ ငါတို့ပြန်ပေးလို့ တောင်းခဲ့ကြတာ။ ၂၀၂၀ ရလဒ်ကိုဖျက်သိမ်းလိုက်ရင် အနိုင်ရပါတီနဲ့ပဲ ရင်ဆိုင်ရလိမ့်မယ်လို့ တွက်တာဟာ မမှားသင့်တဲ့အမှားကို မှားတာပဲ။
စစ်တပ်ဟာ ဒီနိုင်ငံမှာ သူတို့ဟာ Best Player တွေလို့ သူတို့ကိုယ်သူတို့ အထင်ကြီးခဲ့တယ်။ အဲလိုဘဝင်လေဟပ်နေအောင် မြှောက်ပင့်သွေးထိုးနေတဲ့အုပ်စုကလည်းရှိတယ်။ စစ်တပ်ကိုမှီပြီး ရှင်သန်ကြီးထွားနေတဲ့ ကပ်ပါးအချောင်သမားတွေသက်သက်ပဲ။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့တပ်မတော်လို့ တလျောက်လုံးပြောခဲ့တယ်။ ဒါပေမဲ့ သန္ဓေမှာ ဖက်ဆစ်ဗီဇ ပါလာတယ်။ ပါးရိုက်ခံပြီး သင်လာတဲ့စစ်ပညာဟာ သူတို့ပြောင်းဝရောက်လာတဲ့သူဟာ ရန်သူပဲ။ ပြည်သူမရှိဘူး။ သက်တမ်းအရှည်ဆုံး စည်းလုံးအညီညွတ်ဆုံး စနစ်အကျဆုံးအဖွဲ့အစည်းကြီးလို့ သူတို့ကိုတော်လှန်နေတဲ့သူတွေကို အထင်ကြီးအောင်လုပ်နိုင်ခဲ့တာဟာ လူထုရဲ့နွေဦးတော်လှန်ရေးနဲ့ မတွေ့ခင်အချိန်အထိပဲ။ အခုတော့ အလယ်မှာ အူဟောင်းလောင်းနဲ့ အပေါ်ယံရွှေမှုန်ကြဲထားတဲ့ နောက်ချေးပုံကြီးမှန်း အားလုံးသိသွားကြပြီ။
နေပြည်တော်ကို သိမ်းဖို့မလိုဘူး။ စစ်တပ်ဟာ ရှုံးသွားပြီးပြီ။ အနှစ် ၇၀ ကျော် သူတို့တည်ဆောက်ခဲ့တဲ့အရာတွေအားလုံး ပြိုကျသွားပြီ။ စက္ကူကျားကြီးမှန်း အားလုံးက သိသွားပြီ။ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူး မလုပ်တတ်ဘူးဆိုတာ သူတို့အုပ်ချုပ်ခဲ့သမျှခေတ်တွေနဲ့ လူထုတင်မြှောက်တဲ့အစိုးရ ၅ နှစ်နဲ့ နှိုင်းယှဉ်ကြည့်ခံလိုက်ရကတည်းက ဘွားဘွားကြီးပေါ်ခဲ့ပြီ။ ဒါကြောင့် နောက် ၅ နှစ် ပေးမလုပ်ရဲတော့ဘူး။ လူထုရဲ့တကယ့်ခုခံစစ်နဲ့ နဖူးတွေ့ဒူးတွေ့တွေ့လိုက်တော့လည်း အပေါ်အောက်ညာစားနေတဲ့ အလိမ်တပ်ကြီးမှန်း ဖုံးမနိုင်ဖိမရ ဖြစ်ကုန်ပြန်ရော။
အာဏာလု စစ်အကြမ်းဖက်အုပ်စုအတွက်တော့ အလိမ်အားလုံးပေါ်သွားတာ အကြီးဆုံးစစ်ပွဲမှာ ရှုံးသွားတာပဲ။ ဘုရားသခင်ဝင်ကယ်လို့ ဒီစစ်ပွဲမှာ သူတို့နိုင်သွားရင်တောင် နေပြည်တော်နောက်ဖေးပေါက်ကနေ လူမသိသူမသိ ကုပ်ကုပ်ကလေးထွက်သွားရမယ့်ဘဝမျိုး ရောက်သွားကြပြီ။ သူတို့အတွက်တော့ သမိုင်းက နိဂုံးချုပ်သွားပြီလို့ ပဲ ပြောလိုက်ပါရစေတော့။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment