“The Call ရဲ့ မနက်စာ”
-၂၀၂၄ သြဂုတ် ၁ ကြာသပတေးနေ့ –
■ မနက်ခင်းအတွေး
အရိုင်းဆန်မှုဟာ မနက်ခင်းတခုလုံးကို စိုစွတ်စေတယ်။ သစ်ပင်အုပ်အုပ်တွေကြားမှာမြုပ်နေတဲ့ အိမ်ခေါင်မိုးတွေရဲ့အလွန် ဟိုးအဝေးမှာတော့ တောင်တန်းတွေက လွင့်မျောနေလေရဲ့။ ခေါင်မိုးပျောက်နေတဲ့ ကြောင်တွေလို မိုးတိမ်တွေဟာ တိတ်ဆိတ်စွာပဲ ပြာယာခတ်နေကြတယ်။ အုတ်တံတိုင်းရဲ့အစွန်းမှာ ဆိုလာမီးအိမ်လေးဟာ နေ့ကို အိပ်ယာပြုနေပေါ့။ အမှောင်လာမှ သူက လင်းရမယ့်သူပဲလေ။ ဖန်တီးတယ်ဆိုတာ ရှိနေတဲ့အရာတခုရဲ့ အရှိနောက်ကိုလိုက်တာပဲ။ မြင်နေတဲ့အရာရဲ့ မြင်နိုင်သမျှကိုကြည့်တာပဲ။ ကြားနေရတဲ့အသံထဲက ထပ်ကြားအောင်ကြိုးစားတာပဲ။
မနက်ခင်းတခုမှာ မျက်နှာဘယ်နှခုရှိသလဲ။
ထောင်ထားတဲ့စီစီတီဗွီတလုံးထဲ ဝင်လာတာက မနက်ခင်းတခု။ တဖြည်းဖြည်းလင်းချင်းလာတဲ့ နေရောင်အောက်မှာ တလှုပ်လှုပ်နဲ့နိုးထလာတာက မနက်ခင်းတခု။ အိပ်ခန်းတံခါးပေါက်ကနေတဆင့် ဖြတ်ကျော်ကြည့်ရင်း စာရေးစားပွဲပေါ်ကနေ လှမ်းစူးစမ်းသူရဲ့ စိတ်ထဲကို တလှမ်းချင်းဝင်လာတဲ့ မနက်ခင်းကတခု။ ပြီးတော့ အဝေးတနေရာကနေ ဒီနေ့မနက်ခင်းလေးကို လှမ်းမျှော်လွမ်းဆွတ်နေသူလေးရဲ့ ဆွတ်ကျင်နေတဲ့နှလုံးသားထဲမှာ တစိမ့်စိမ့်ယိုစီးနေတာက မနက်ခင်းတခု။ အဲဒီမနက်ခင်းတွေအားလုံးကို စာပိုဒ်တပိုဒ်ထဲမှာ သံစဉ်တခုထဲမှာ ကင်းဗတ်စတစပေါ်မှာ အားလုံးပစ်ထည့်ပြီး သစ်သီးဖျော်စက်တလုံးကို ခလုတ်ဖွင့်လိုက်ပြီးတဲ့နောက် သူ့ရှေ့ကိုရောက်လာတဲ့ မနက်ခင်းကတခု ဆိုပါတော့။
ပိုင်ဆိုင်မှုဆိုတာ အတုအယောင်ပဲ။ စိတ်ရဲ့ ထင်ယောင်မှားမှုပဲ။ တခုချင်းခွာကြည့်နိုင်မှသာ ဖြစ်တည်မှုတွေရဲ့ အလေးချိန်ကိုသိနိုင်မယ်။ ဘယ်လိုတရားဓမ္မမျိုးမှ မလိုအပ်ဘဲ အသက်ရှင်ကြည့်လိုက်စမ်းပါ။ ဘယ်လိုမနက်ခင်းမျိုးပဲဖြစ်စေ ဘယ်သူ့ကိုမဆိုပေးဖို့ ရှင်သန်ခြင်းဟာ လက်ဆောင်တခုဖြစ်တယ်ဆိုရင် ဘာမှ မစဉ်းစားဘဲ ငေးမောခွင့်ရတဲ့အခိုက်အတန့်လေးဟာ အကောင်းဆုံးမနက်စာပဲ ဖြစ်ပါတယ်။
Be the first to comment