The Call ရဲ့ မနက်စာ”
-၂၀၂၄ သြဂုတ် ၂ သောကြာနေ့ –
■ မနက်ခင်းအတွေး
သောကြာနေ့မနက် အိပ်ယာထလျှင်ပင် လူက လန်းဆန်းနေတတ်သည်။ ဖုန်းတွေ မက်ဆေ့တွေကလည်း အရင်နေ့တွေကထက် ပိုလို့ ဆူညံနေသည်။ ညနေ ဘယ်မှာဆုံကြမှာလဲ။ နောက်မကျစေနဲ့နော်။ အိမ်ပိုင်အောင်တခါတည်းလုပ်ခဲ့ စသဖြင့်။ ခြေလှမ်းတွေက သွက်နေသည်။ ဒီတပတ်တာအတွက် ဒီနေ့က နောက်ဆုံးအလုပ်လုပ်ရက်မဟုတ်လား။ ညနေ ရုံးကဆင်းသည်နှင့် စိတ်ကို လေထဲလွှင့်ပစ်လိုက်မည်။ တွေ့ကြဆုံကြ ပျော်ကြပါးကြမည်။ တပတ်တာလုံး နပမ်းလုံးခဲ့ရတဲ့အလုပ်တွေနဲ့ နှစ်ရက်လောက်တော့ ဝေးခွင့်ရပြီ မဟုတ်လား။ အရင်နေ့တွေက ပင်ပမ်းခဲ့တာတွေအတွက်၊ ဖိုင်တွဲကြီးတွေပိုက် ခေါင်းကြီးငိုက်စိုက်နဲ့ ပြန်ခဲ့ရတဲ့ညနေတွေအတွက် သောကြာညက လှပနေသည် မဟုတ်လား။
ဘဝကပုံမှန်ဖြစ်နေလျှင် နေ့ရက်တွေကလည်း အခုလိုပဲ ပုံမှန်လည်ပတ်စီးဆင်းနေမှာပဲပေါ့။ ဒါပေမဲ့ အလုပ်လက်မဲ့တွေနဲ့ ပြည့်နှက်နေတဲ့ တိုင်းပြည်၊ အလုပ်တခုနဲ့ ထမင်းမစားလောက်တဲ့ တိုင်းပြည်၊ နေဝင်မိုးချုပ်အလုပ်ထဲ ဘဝတခုလုံးနစ်မြုပ်နေတာတောင် လူရုပ်မပေါ်တဲ့ တိုင်းပြည်၊ လုပ်ခနဲ့ ဘဝ မဖူလုံတဲ့ တိုင်းပြည်က လူတွေအတွက်တော့ သောကြာညလည်း ဘာမှပိုထူးမလာနိုင်။ ချဉ်ချဉ်တူးတူး မူးပြီးရောသောကြာပဲ ဖြစ်နေမှာ သေချာသည်။ အဲတော့လည်း သောကြာနေ့မနက်ခင်းဆိုတာလည်း အိုးဘဲဥမပါ၊ အကြော်မပါ၊ ဟင်းရည်အဆစ်တောင်းရင်တောင် မျက်စောင်းထိုးခံရတဲ့ မနက်ခင်းမျိုးတွေပဲဖြစ်နေပေလိမ့်မည်။
ကဲ ဘယ်လိုသောကြာနေ့မျိုးတွေကို ချစ်ရေးဆိုကြမလဲ။ ဘဝဆိုတာ ကံကြမ္မာက ပေးစားတဲ့သူနဲ့ပဲ ရိုးမြေကျလို့ လွယ်ရဲ့လား။ သူများတွေအလကားနီးနီးရတဲ့ သောကြာနေ့ကိုမှ ငါတို့မှာ တဘဝလုံး တိုက်ယူရတယ်ဆိုပါတော့။
■ ဖတ်စရာမှတ်စရာ
လူဟာ သူ့ခေတ်ကို သူ့ခံစားချက်နဲ့ ပြန်တုံ့ပြန်တယ်။ အနှစ်တရာလောက် ကွာချင်ကွာသွားမယ်။ လူတယောက်ရဲ့ရင်ထဲက ထွက်လာတဲ့ ခံစားချက်ပစ္စည်းတခုကတော့ ဘယ်တော့မှ ဟောင်းမသွားဘူး။ မြင်တဲ့ ထောင့်လေးတွေ၊ တင်စားချက်လေးတွေနဲ့ သူ့ပြုလုပ်ချက်တွေက မတူခြားနားချင်ခြားနားနေမယ်။ သူတို့ဝေမျှမှုကရလိုက်တဲ့ ရသနဲ့အသိကတော့ လူတယောက်နဲ့တယောက်ကြားက နားလည်မှုစစ်စစ်နဲ့ သူ့ဖြတ်သန်းခဲ့တဲ့ခေတ်အပေါ် သူထားခဲ့တဲ့ သစ္စာရှိရှိ ချစ်ခြင်းတရားပါပဲ။ အခု နာဇီလက်အောက်က ဂျာမန်တယောက်နဲ့ ခေတ်ပြိုင်ကမ္ဘာကြီးထဲက အမေရိကန်တယောက်ရဲ့ သူတို့ခေတ်အပေါ်နှလုံးသားနဲ့ ဘယ်လိုဆက်ဆံခဲ့ကြသလဲဆိုတာ စူးစမ်းကြည့်လိုက်ပါတယ်။
“အဆီယစ်နေသူများ”
ပြည်သူ့ချွေးနှီးစာ အခွန်ဘဏ္ဍာတော်ကို
အလွဲသုံးစားလုပ်နေသူတွေက
နဲနဲနဲ့ ရောင့်ရဲကြပါလို့
ဆုံးမနေပါလားဟေ့။
ဗိုက်အပြည့် စားသောက်နေရတဲ့သူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့။
တိုင်းပြည်ကြီးကို ဂျောက်ထဲ ဆွဲခေါ်ချမဲ့လူတွေက
တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
နီးလာပြီတဲ့လေ။
တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေ နားလည်ဘို့
အင်မတန် ခက်ပါတယ် ဆိုပါလားဟေ့။ ။
– ဘားတော့ဘရက်။
Bertolt Brecht. (10 February 1898 – 14 August 1956)
နာကျင်မှုနဲ့ သာယာမှုရဲ့ တစ်ခုတည်းသော
မြစ်ဖျားခံရာဟာ
အံ့ဖွယ်မဆုံးနိုင်အောင်ပါပဲ။ တစ်ဘက်မှာကြည့်ရင်
လူအများစုအတွက် အကန့်အသတ်မဲ့ ပျော်ရွှင်မှုတွေ
အခြားတစ်ဘက်မှာတော့ လူတစ်ယောက်တည်းရဲ့ နှလုံးသားထဲ
ပျစ်နှစ်နေတဲ့ နာကျင်ခံစားရမှုကြီး။ မှန်ပါတယ်
ကျွန်တော်တို့ တစ်ဦးတစ်ယောက်စီဟာ အဲဒီလူစုကြီး
ဖြစ်သလို အဲဒီလူတစ်ယောက်လည်းဖြစ်တယ်။
အများစုရဲ့ ပျော်ရွှင်နေမှုကြီးရဲ့ အတွေ့အကြုံနဲ့
အလှတရားကို နတ်သုဒ္ဒါလို အံ့ဩရပြီး
တစ်ချိန်တည်းမှာပဲ ကျနော်တို့ မျက်လုံးတွေဟာ
အတွင်းထဲက အမှောင်နဲ့ ဟာလာဟင်းလင်းထဲ
စိုက်ကြည့်လို့။
– ဂျွန် အက်ရှ်ဘရီ
John Ashbery. (28 July 1927 – 3 September 2017)
Be the first to comment