မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၅ တနင်္လာနေ့ –
မနက်ခင်းအတွေး
စစ်အစိုးရခေတ်အဆက်ဆက် နိုင်ငံရေးအရ ကြိုးပေးကွပ်မျက်ခံရတဲ့ လူစာရင်းကို ချပြတိုင်း ဆလိုင်းတင်မောင်ဦးကနေ ကိုဂျင်မီအထိ ကျောင်းသားခေါင်းဆောင်တွေကိုပဲ ပြေးမြင်မိကြတယ်။ ကြိုးစင်ပေါ်တက်တဲ့အထိ ဝဇီပိတ်နေထိုင်သွားတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ကို သိပ်ပြောလေ့မရှိကြဘူး။ သူက စနစ်ကိုပြောင်းဖို့လား၊ လူကိုလုပ်ကြံရုံလား။ စစ်အာဏာရှင်ခေတ်အမြစ်မတွယ်ခင် စောစောစီးစီး အပင်ပေါက်ဘဝမှာ နှုတ်ပစ်ဖို့ ကြိုးစားတာလား။ ပုဂ္ဂိုလ်ရေးမနှစ်သက်မှုနဲ့ ကိုယ့်လူကိုယ်တင်ဖို့ကြိုးစားတာလား။ သေချာတာကတော့ အထမမြောက်တဲ့ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုဆိုတာပါပဲ။
တနေ့ကပဲ ဟားမက်စ်ခေါင်းဆောင် အီရန်နိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်။ ဒီအရင်က ဆီးရီးယားမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဗိုလ်ချုပ်ကြီးကို အမေရိကန်က ဒရုန်းနဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်။ တဖက်ရန်သူရဲ့ အဓိကခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့အခါ စစ်ပွဲတွေက အရှိန်ကျသွားသလား။ ပိုမြင့်မားကျယ်ပြန့်လာသလား။ စနစ်ကိုပြောင်းနိုင်ဖို့သာ အဓိကကျပါတယ်ဆိုပေမဲ့ အဲဒီမလိုလားအပ်တဲ့စနစ်ကြီးတွေကို မောင်းနှင်နေတဲ့သူတွေကို ဖယ်ရှားရှင်းလင်းပစ်တာဟာလည်း စနစ်ပြောင်းဖို့ အားထုတ်မှုတခုပဲလို့ ပြောရင်ရနိုင်ပါတယ်။
အမေရိကားမှာလည်း နိုင်ငံရေးအရ အပြောအဆိုအပြုအမူရမ်းကားတဲ့ သမ္မတဟောင်း၊ လက်ရှိသမ္မတလောင်းလည်းဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကို ချောင်းမြောင်းပစ်ခတ် လုပ်ကြံခဲ့တယ်။ ကံကောင်းလို့မသေတော့ မဲဆွယ်နည်းတမျိုးလားလို့တောင် မေးစရာဖြစ်သွားတယ်။ လုပ်ကြံတဲ့သူဘက် ကြီးကျယ်အောင် ခုခံပြောဆိုမယ်ဆိုရင်တော့ အမေရိကန်ဒီမိုကရေစီကို ကာကွယ်ဖို့ ကြိုးစားတာပေါ့လေ။ ဒါပေမဲ့ လူကိုသတ်တဲ့နိုင်ငံရေးမျိုးကို အားပေးဖို့ဆိုတာကတော့ အတော်ခက်ပါတယ်။ စစ်ပွဲက လွဲလို့ပေါ့။
တချိန်ခေတ်ပြောင်းရင် လွတ်သွားမယ့်ငါးကြီးတွေရှိတယ်။ အကူးအပြောင်းကာလ တရားမျှတမှုတို့ ဘာတို့ဆိုတာက နိုင်ငံရေးအရသာ စကားလုံးတွေကလှတာ။ တကယ်တမ်းကျ နစ်နာခဲ့သူတွေရဲ့စိတ်ဒဏ်ရာကို ပြောပလောက်အောင် ကုစားပေးနိုင်တာမျိုးမဟုတ်ဘူး။ အဆိုးဆုံးက ကမ်းကုန်အောင်ကျူးလွန်သွားတဲ့သူတွေကို ထိထိရောက်ရောက်အပစ်ပေးဖို့ရာမှာ လိုရင်းမရောက်နိုင်ဖြစ်ကြရတာပဲ။ ဒီအဖြစ်မျိုးတွေ နောက်တကြိမ်ပြန်အဖြစ်မခံနိုင်တဲ့သူတွေကတော့ ဒီလိုလူမျိုးတွေက အမြစ်ကလှန်မှဖြစ်မယ်လို့ တထစ်ချယုံကြည်ကြတယ်။ အဲဒီအခါ နာဇီတွေကို ကမ္ဘာအနှံ့ အမဲလိုက်ခဲ့တဲ့ မော့ဆက်အကြောင်း ပြောသံတွေထွက်လာတော့တယ်။ ခိုးထားတဲ့အထုပ်တွေပိုက်ပြီး တနေရာမှာ သွားနှပ်နေကြမယ့် စစ်ရာဇဝတ်ကောင်တွေကို ပြည်သူတွေကိုယ်တိုင်တရားစီရင်ဖို့ လိုအပ်တယ်ဆိုတာကတော့ မငြင်းသာတဲ့ကိစ္စပဲ။
ညက မအိပ်ခင်ဖတ်ခဲ့တဲ့သတင်းတွေကို ခေါင်းထဲကမထုတ်နိုင်ခင် မနက်နိုးနိုးချင်း တွေးမိတာတွေပေါ့လေ။ ဘာပဲဖြစ်ဖြစ် အပြစ်ရှိတဲ့သူတွေကို အပြစ်ပေးနိုင်တာဟာ မင်္ဂလာတပါးပဲ မဟုတ်လား။
ဖတ်စရာမှတ်စရာ
“စာဖတ်တဲ့အလေ့အကျင့်”
(ခင်မျိုးချစ်)
စာပေ ဆိုတာ ရေးတဲ့သူက ဦးနှောက်ထဲက အတွေးအခေါ်တွေနှင့် နှလုံးသားရဲ့ခံစားမှုကို အရင်းတည်ပြီး စာတစောင် ပေတစောင် ဖြစ်လာအောင် ဖန်တီးကြရတာပါ။ လွယ်လွယ်နှင့် ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် စာပေ ဆိုတဲ့ အမျိုးအစားထဲမှာ အကျုံးဝင်တဲ့ ဝတ္ထုတို/ရှည်၊ သုတစာပေ၊ အတ္ထုပ္ပတ္တိစာပေ၊ ဒဿနိကစာပေတွေဟာ ဖတ်သင့်ဖတ်ထိုက်တာတွေချည်း ပါပဲ။ ကိုယ့်ရဲ့ စာဖတ်နိုင်စွမ်းအား ရှိသလောက် ဖတ်ကြရတာပဲ။ ကိုယ့်ရဲ့ စွမ်းအားနှင့် အလှမ်းမမီလို့ မဖတ်နိုင်တာတွေ ထားပြီး ဖတ်နိုင်သလောက်တော့ ကြိုးစားပြီး ဖတ်ကြရတာပဲ။
စာပေရဲ့အရသာကို သိတတ်လာတဲ့ အခါကျတော့ ဘယ်လိုစာမျိုးပဲ ဖတ်ဖတ် အရသာကို သိတတ်တယ်။ စုံထောက်ဝတ္ထု၊ သည်းထိတ်ရင်ဖို သူလျှိုဝတ္ထုတွေ ဖတ်တဲ့အခါမှာ ဝတ္ထုကောင်းရဲ့ အရည်အသွေးရှိတဲ့ ဝတ္ထုတွေကို ရွေးပြီး ဖတ်တတ်လာတယ်။
ကိုယ့်အဖို့မှာ ငယ်စဉ်က(Sherlock Holmes) စုံထောက်ဝတ္ထုတွေ အတွဲပေါင်းများစွာ ဖတ်ခဲ့ရတယ်။ စုံထောက်ကြီး ရှားလော့ဟုမ်းနှင့် သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် ဒေါက်တာဝပ်ဆင်တို့ရဲ့ လှုပ်ရှားမှုတွေကို အတော်ပဲ စွဲလမ်းခဲ့တယ်။ ဆေးတံကြီး ခဲပြီး စဉ်းစားခန်း ဝင်နေတဲ့ ရှားလော့ဟုမ်းရဲ့ ရုပ်ပုံလွှာကို တကယ့် အသက်ရှင်နေတဲ့ လူကြီးလို မျက်စိထဲမှာ မြင်နေတယ်။ သူနေတဲ့ လန်ဒန်မြို့၊ ဘေကာလမ်း ဆိုတာကို ကိုယ်တိုင် ရောက်ဖူးသလိုပဲ စာဖတ်သူရဲ့ စိတ်အာရုံထဲမှာ အဲသလို ထင်မြင်အောင် ရေးတတ်တဲ့ စာရေးဆရာ ဆာကွန်နွံဒိုင်းကို စိတ်ဝင်စားပြီး သူ့ရဲ့ အတ္ထုပ္ပတ္တိကို ရှာဖွေဖတ်ဖြစ်ခဲ့တယ်။
စုံထောက်ကြီး ရှားလော့ဟုမ်း ဆိုတာ စာဖတ်သူတွေအဖို့ တကယ် အသက်ဝင်ပုံ အဖြစ်အပျက်တခု ရှိပါတယ်။ တခါတော့ ပြင်သစ်နိုင်ငံက ကျောင်းသားလူငယ်တွေ လန်ဒန်မြို့ကို အလည်အပတ် ရောက်လာကြတယ်။ သူတို့ကို ဧည့်ခံလိုက်ပို့တဲ့သူက “ကဲ… ဘယ်ကို အရင်ဆုံး သွားကြမလဲဟေ့။ လန်ဒန်တာဝါကြီးလား၊ ဝက်(စ)မင်စတာ ဘုရားရှိခိုးကျောင်း သွားမလား” လို့ မေးလိုက်တယ်။ ဒီကျောင်းသားတွေက တသံတည်း ပြောလိုက်တယ်။ “ဘေကာလမ်းမှာရှိတဲ့ ရှားလော့ဟုမ်း နေတဲ့အိမ်ကို သွားချင်တယ်”တဲ့။
စုံထောက်ဝတ္ထုတွေ ဖတ်တဲ့အခါမှာ ဘယ်အမှု ဘယ်လိုစုံထောက်ရတယ်၊ ဘယ်လို သည်းထိတ်ရင်ဖို စွန့်စားရတယ် ဆိုတဲ့ ဇာတ်လမ်းတွေက ဖတ်နေတုန်းတော့ စွဲတာပဲ။ ဒါပေမဲ့ ဝတ္ထုအရေအတွက်များစွာ ဖတ်ပြီးတဲ့ အခါမှာတော့ ဇာတ်လမ်းတွေ မမှတ်မိပါဘူး။ အဓိကဖြစ်တဲ့ အရသာ ကတော့ စုံထောက်ရှားလော့ဟုမ်း အစရှိတဲ့ ဇာတ်ဆောင်ပုဂ္ဂိုလ်ကြီးတွေရဲ့ရုပ်ပုံလွှာတွေသာ အသက်ဝင်ပြီး သတိရနေတာ။ သူတို့ စုံထောက်တဲ့ အမှုအခင်း သောင်းခြောက်ထောင်တွေကို မမှတ်မိနိုင်ပါဘူး။ အဲဒီအချက်ဟာ စုံထောက်ဝတ္ထုတွေ ဖတ်ရတဲ့ အရသာပါပဲ။
(ရွှေရုပ်စုံမဂ္ဂဇင်း၊ ဇွန်၊ ၁၉၉၃ မှ ကောက်နှုတ်ဖော်ပြသည်)
About The Call 338 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*