“The Call ရဲ့ မနက်စာ”
-၂၀၂၄ ဇူလိုင် ၈ တနင်္လာနေ့ –
■ မနက်ခင်းအတွေး
‘အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဖြိုဖျက်လို့မရနိုင်ဘူး’ ဆိုတဲ့ အဖိုးသခင်ကိုယ်တော်မှိုင်းရဲ့စကားလိုပဲ ၆၂ က စခဲ့တဲ့ သွေးမတိတ်တဲ့ သမိုင်းအနာပေါ်မှာ ၆၂ နှစ်ကြာခဲ့တဲ့အခါ ရှစ်ဆယ့်ရှစ်စိတ်ဓာတ်၊ နွေဦးစိတ်ဓာတ်တွေနဲ့ လူထုရဲ့တော်လှန်ရေးလှိုင်းဟာ ဒီကနေ့တွေ့မြင်နေရတဲ့အတိုင်း မြင့်မားပြင်းထန်လာခဲ့တယ်။ ဖက်ဆစ်သန္ဓေမှာ မိုက်ရိုင်းကြီးထွားလာခဲ့တဲ့ စစ်အာဏာရှင်စနစ်ဟာလည်း အခုအချိန်မှာတော့ ဝိုင်းရိုက်ခံထားရတဲ့မြွေတကောင်လို ပျော့ခွေနေပြီ။ အဲဒါဟာ လွတ်လပ်ရေးရဲ့သမိုင်းအုတ်မြစ် ကျောင်းသားသမဂ္ဂကို ဗုံးခွဲဖြိုဖျက်ပြီး မြန်မာလူထုရင်ထဲကနေ အစဖျောက်ပစ်ဖို့ကြိုးစားခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ သမိုင်းကျိန်စာသင့်ခြင်းပဲဖြစ်ပါတယ်။
ဒီ ၆၂ နှစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်းလှုပ်ရှားမှုကြီးထဲမှာ ပေးဆပ်ခဲ့ရတာတွေလည်း မနည်းဘူး။ သမဂ္ဂအုတ်နံရံကနေ အကျဉ်းထောင်အုတ်နံရံတွေ တောတွေတောင်တွေထဲက စစ်စခန်းခံကတုတ်တွေနဲ့ ကျေးလက်ခုခံစစ်ရဲ့ ရွာလမ်းမတွေအထိ သမိုင်းအနာကြီးက သွေးမတိတ်ခဲ့ဘူး။ သွေးကြွေးဟာ သွေ့ခြောက်မသွားခဲ့ဘူး။ မိခင်တွေရဲ့မျက်ရည်ဟာ သွေးတွေထက် ပိုနီရဲခဲ့တယ်။ အမေတွေဟာ သူ့သားသမီးတွေကို အိမ်ပေါက်ဝကနေ ထိုင်မျှော်နေတဲ့ခေတ် မဟုတ်တော့ဘူး။ တိုက်ပွဲရဲ့လက်တကမ်းအကွာအထိ ရေပူရေချမ်းကမ်းဖို့ လိုက်ပါလာခဲ့ကြတယ်။ သူတို့နိုင်တဲ့ဝန်ကို အတူဝင်ထမ်းကြတယ်။ ဖက်ဆစ်အလောင်းကောင်တွေပေါ်မှာ စိုက်ထူခဲ့တဲ့အောင်ပွဲအလံတိုင်းဟာ မိခင်တွေရဲ့လက်နဲ့ ကိုယ်တိုင်ချုပ်လုပ်ထားတာဖြစ်ပါတယ်။
စစ်အာဏာရှင်ကို မြေမြုပ်သင်္ဂြိုလ်ပြီးတဲ့အခါ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုလည်း ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြမယ်။ ပြီးတော့ သမဂ္ဂစိတ်ဓာတ်၊ ၈၈ စိတ်ဓာတ်၊ နွေဦးစိတ်ဓာတ်တွေနဲ့အတူ တော်လှန်တဲ့ တောင်ပေါ်မြေပြန့်ပြည်သူလူထုကြီးနဲ့အတူ ရှေ့ဆက်ဘယ်လိုနေထိုင်ကြမယ်ဆိုတဲ့ လွတ်လပ်ပြီး အခွင့်အရေးပြည့်ဝတဲ့ သာတူညီမျှ လူ့အဖွဲ့အစည်းကြီးတခုကိုလည်း ခိုင်ခိုင်မာမာ အုတ်မြစ်ချကြမယ်။ ဖြိုချဖျက်ဆီးခံလိုက်ရတဲ့ ဘယ်အရာကိုပဲဖြစ်ဖြစ် ဒီထက်ပိုကောင်းအောင် ပြန်ဆောက်ကြရတာပဲမဟုတ်လား။
Be the first to comment