မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၆ အင်္ဂါနေ့ –
မနက်ခင်းအတွေး
လာပြန်ပြီ။ စခန်းတွေ မြို့တွေ နယ်မြေတွေဆုံးရှုံးရတာဟာ ပြည်ပနိုင်ငံတွေက ကူညီနေလို့ တဲ့။ သမိုင်းတလျောက်လုံး ဟိုလူ့လက်ညှိးထိုး၊ ဒီလူ့လက်ညှိးထိုးနဲ့ ပြဿနာရဲ့အရင်းအမြစ်ကို ရှောင်လွဲပြီး အနာတခြား ဆေးတခြားနဲ့ဖြေရှင်းရင်း ဒီအခြေဆိုက်ခဲ့တာလည်း စောက်ချိုးကမပြောင်းဘူးလို့ ပြောရပါမယ်။ တကယ့်လက်တွေ့မှာ ဟိုပြေးဒီပြေးနဲ့ ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်နေတာက ပြည့်အင်အားသည် ပြည်တွင်းမှာရှိသည်လို့ အော်ခဲ့တဲ့ သူတို့ကိုယ်တိုင်ပါ။
တကယ်တော့ ပြည်သူ့အင်အား မကိုးစားလျှင်၊ ပြည်သူ့နှလုံးမသိမ်းကြုံးလျှင်ဆိုတဲ့ ဆုံးမစကားကို မသိချင်ယောင်ဆောင်ပြီး ပြည်သူကို ရန်သူလိုသဘောထားပြီး စစ်ခင်းခဲ့တဲ့ အကျိုးဆက်တွေချည်းပါပဲ။ သမိုင်းတလျောက်လုံး ပြည်သူကိုဖိနှိပ်သွေးစုတ်ခဲ့တဲ့သူတွေက၊ ထစ်ကနဲရှိ ပြည်သူကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတဲ့သူတွေက၊ ပြည်သူတွေရဲ့ရပိုင်ခွင့်နဲ့ လွတ်လပ်မှုမှန်သမျှ ပိတ်ပင်တားဆီးထားတဲ့သူတွေက ပြည်သူ့စစ်မဟာဗျုဟာကျင့်သုံးမယ်လို့ ဂယောင်ဂတမ်းထပြောတာလည်း ရီစရာတခုပါပဲ။ သူတို့ရင်ဆိုင်နေရတာက တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ခုခံတော်လှန်စစ်ဆိုတာ စဉ်းစားလက်ခံနိုင်စွမ်းလည်း အခုအထိရှိပုံမရပါဘူး။
တိုင်းပြည်ကိုလက်ညှိုးထိုးရောင်းစားနေသူများလို့ သူများကိုတံဆိပ်ကပ်ပြီး တိုင်းပြည်ဘဏ္ဍာရင်းမြစ်အားလုံး ခိုးဝှက်နေတာ ဘယ်သူတွေလဲ။ ပြည်ပအားကိုး ပုဆိန်ရိုးဆိုပြီး ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံငယ်တွေကို စွက်ဖက်ခြယ်လှယ်နေတဲ့ မိစ္ဆာဝင်ရိုးနိုင်ငံတွေဆီ သူခိုးဓားရိုးသွားကမ်းနေတာ ဘယ်သူတုန်း။ ပြည်သူတွေမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိတယ်။ တိုင်းရင်းသားတွေမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတယ်။ ဟိုအရင်က စောက်ချိုးတွေ၊ ဟိုအရင်က ကိုယ်လိုရာဆွဲတွေးပုံမျိုးတွေနဲ့ ဒီနေ့ပြဿနာတွေကို ဖြေရှင်းချင်လို့မရဘူး။ ဒါကတော့ အကြမ်းဖက်အာဏာလုတပ်မှမဟုတ် အားလုံးသိထားဖို့ လိုအပ်ပါတယ်။
သေချာတာကတော့ တဖက်ကသူတွေကို ပြည်ပကကူညီနေပါတယ်လို့ အသံကုန်ထအော်တဲ့အကြောင်းက သူတို့ကိုယ်တိုင် ပြည်ပအကူအညီတခုခုကို မရှက်မကြောက် ပေါ်ပေါ်ထင်ထင်ယူဖို့ လမ်းရှာလိုက်တဲ့သဘောပါပဲ။ ပြည်သူ့အုံကြွမှုကြီး နွေဦးတော်လှန်ရေးစကတည်းက ဆီးရီးယားဇာတ်ခင်းခဲ့တဲ့ ဖက်ဆစ်စစ်အုပ်စုဟာ အခုလည်း အာဏာကို ကိုယ့်နေရာကွက်ကွက်ကလေးမှာဆုပ်ကိုင်ပြီး ပြည်သူကို ပြည်ပအကြမ်းဖက်လက်ထဲထိုးအပ်ပြီး မီးလောင်ပြင်ထဲပစ်ထားဖို့ ဆီးရီးယားအိပ်မက်မက်နေပြန်ပါပြီ။ ဒီတခါတော့ သားကိုနာမှာစိုးလို့ ဘီလူးမလက်ထဲ ထည့်ပေးလိုက်ရမှာမဟုတ်ဘဲ ဘီလူးမကို ရင်ဝနင်းပြီး ကိုယ့်သားရဲ့အသက်ကို အပါကယ်ရမယ့်အချိန်ပါ။ စစ်ဖုတ်ကောင်ရဲ့ ရင်ဝတည့်တည့်ကို နောက်ဆုံးဆို့တချောင်း မြန်မြန်ရိုက်သွင်းကြပါစို့။
ဖတ်စရာမှတ်စရာ
၁:၃: “ကျွန်တော်နှင့် ကြယ်ကြွေသတို့သမီး” သည် အလွန်လှပသော အချစ်ဝတ္ထုတစ်ပုဒ်ဖြစ်သည်ဟု ကျွန်တော် မှတ်ချက်ချလိုပါသည်။ ယနေ့ခေတ်အခါမှာ အချစ်ဝတ္ထုကို ဘယ်လိုစာဖတ်ပရိသတ်မျိုးဖတ်သလဲ ကျွန်တော်မသိပါ။ အသက်၊ ကျား၊ မ၊ အလုပ်အကိုင်၊ ဘဝပတ်ဝန်းကျင်၊ လူတန်းစား စသော အချက်အလက်များနှင့် သုတေသနပြုမှ ပြောနိုင်လိမ့်မည် ထင်ပါသည်။ သို့သော် အချစ်ဝတ္ထု ဖတ်သော ပရိသတ်အချို့ ကြိုက်နှစ်သက်ပါလိမ့်မည်ဟု ကျွန်တော် ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤဝတ္ထုသည် အလွန်လှပသော ဝတ္ထုတစ်ပုဒ်ဖြစ်အောင် ဖော်ဆောင်၍ ထိန်းထားသော အချက် ၂ ချက်ရှိပါသည်။ (၁) စကားပြော ရေးဟန် လှပခြင်း၊ (၂) သူ့ထုံးစံအတိုင်း ထူးခြားချက်များ ထည့်သွင်းထားခြင်းတို့ ဖြစ်ပါသည်။
စကားပြောရေးဟန်ကို စိစစ်မည်ဆိုပါက အမှာစာ သဘာဝ၊ ပေးနိုင်သော စာမျက်နှာအရ မဖြစ်နိုင်ပါ။ စကားလုံးအသစ် တွဲစပ်ပုံ၊ နာမ်အထူးပြုပုဒ်များ၊ ကြိယာအထူးပြုပုဒ်များ၊ ဝါကျခွဲများ၊ အဆုံးတူသော အလင်္ကာများဖြင့် အသေးစိတ် ရပါလိမ့်မည်။ ထိုသို့ အသေးစိတ် မပြနိုင်သည့်အတွက် ကျွန်တော် တောင်းပန်ပါသည်။ မူရင်းကိုဖတ်၍ ခံစားကြည့်ပါလျှင် ကျွန်တော်ပြောသော စကားပြေ ရေးဟန်အလှများ ပေါ်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ထူးခြားအောင် ရေးဖွဲ့တတ်ခြင်းမှာ ဤသို့ဖြစ်ပါသည်။ ခမောက်အပြာဆောင်းထားတဲ့ ကောင်လေးတစ်ယောက်၊ ကောင်မလေးတစ်ယောက်၏ ပိုက်ဆံအိတ်ကောက်ရ၊ ပြန်ပေး၊ ကောင်မလေးက ရိုးသားသူအဖြစ် ခြံထဲမှာ အလုပ်ခန့်ဖို့ ခေါ်သွား၊ ကောင်လေး လိုက်သွား၊ နောက် ကောင်လေးထွက်သွား၊ မီးရထား အကြိတ်ခံ သေဆုံးသွားပြီဟု နှုတ်ဆက်စာရေးခဲ့။ ဤဇာတ်လမ်း အကြမ်းထည်ကျောရိုးတွင် လှပသော စကားပြောများနှင့်အတူ ထူး ခြားချက် တစ်စုံ တွေ့ရပါသည်။ ထိုထူးခြားချက်မှာ ကောင်လေးသည် ခြေသလုံးအိမ်တိုင် လူဆင်းရဲကလေး မဟုတ်ဟူသော အချက်ဖြစ်သည်။ ထိုအချက်ကို အသေအချာ မပြ။ သူ့အဖေအကြောင်း တစ်စွန်းတစ်စ၊ ရုပ်ရှည်အတော်သန့်သည်ဟု ပြောသော ခြံစောင့်၏ စကား၊ တက္ကသိုလ်က သူငယ်ချင်းတွေဟူသော စကားရပ်၊ အနုပညာသမား ဖြစ်တဲ့ ကျွန်တော့်လက်ချောင်းများလှသည် ဟူသော စကား တို့ဖြင့် ဝှက်ဖော် ဖော်၍ ထားပါသည်။ တက္ကသိုလ်ကျောင်းသားက သူဌေးသမီး ကောင်မလေးတစ်ယောက်၏ ခြံမှာ ခြံစောင့်လာလုပ်ခြင်းသည် “လူကြိုက်များနိုင်သော အကွက်တစ်ကွက်’ ဖြစ်ပါသည်။ ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော ထူးခြားချက် ဆိုသည်မှာ ဤအချက်မျိုးကိုကျွန်တော် ဆိုလိုပါသည်။
သူဟာ မနက်မိုးစောစောလင်းချိန်မှာ ခြံထဲက စံပယ်ပွင့်ကြွေတွေ လိုက်ကောက်ပါတယ်။ ကျွန်တော် ကူညီကောက်ပေးချင်ပေမယ့် သူ့ရဲ့ ငြိမ်းချမ်းပျော်ရွှင်မှုလေးကို ကျွန်တော့်ကြောင့် ပျက်ပြိုသွားမှာ စိုးခဲ့တယ်။ မကောက်ပေးဖြစ်ခဲ့ပါဘူး။ (ပုံမှန်ဇာတ်ကြောင်းပြန်)
မြောက်ပြန်လေကတော့ ရွှေရောင်ရိုင်းရိုင်းတွေ မှုတ်ထုတ်ရင်း ဆောင်းပန်းပုရုပ်ကို ပုံဖော်ဆဲပါ မိသံလွင်။ ငါ့ရဲ့ လာရာလမ်းမှာ မင်းကို လွမ်းရင်းလခြမ်းတွေ ရှုပ်ရှက်ခတ်အောင် ကြွေခဲ့ဖူးတယ်ဆိုတာ ယုံပါ။ (R.D.S အလွတ်တိုက်ရိုက်ပြောစကား)
ဆံနွယ်ခက်ကလေးတွေကို သပ်တင်လိုက်ပါဦး သံလွင်ရယ်။ ချီချီကြွကြွဖြစ်နေတဲ့ ငါ့ဥယျာဉ်ထဲက မီးတစ်ရုံနှစ်ရုံကို မျက်တောင်ကလေး ယိမ်းဝင့် လှုပ်ခတ်ရုံမျှနဲ့ မင်းက
ငြိမ်းသတ်နိုင်ပါတယ်။ (RD.S အလွတ်တိုက်ရိုက်ပြောစကား)
ဤပုံစံသုံးခုမျှနှင့် ကျွန်တော်ပြောလိုသော အချက်ပေါ်လွင်ပြီ ထင်ပါသည်။
၂းဝး မော်ဒန်ဝတ္ထုတိုသည် နည်းပညာ၊ ရေးဟန်တို့အရ အလွန် ထွေပြားပါသည်။ ရေးသူတို့၏ တစ်ဦးချင်း (ဝါ) လက္ခဏာဆောင် သော သဘော IDIOSYNCRACY ဆိုသည်မှာ ရှိစမြဲ ဖြစ်ပါသည်။ အနုပညာတို့၏ ယေဘုယျ သဘောကိုက ထိုသို့ဖြစ်လိမ့်မည် ထင်ပါ သည်။ တာရာမင်းဝေသည် မော်ဒန်ဝတ္ထုရေးရာတွင် ဇာတ်လမ်း ဇာတ်ကွက်ကို လက်မလွှတ်ဘဲ ‘ပုံပြင်’ဆန်ဆန် ရေးလေ့ရှိပါသည်။ စကားပြေ၏ အလှအပ နွဲ့ပျောင်းမှုကို အထူးအာရုံစိုက်ကြောင်းလည်း တွေ့မြင်ရပါသည်။
အရေးကြီးသည်ဟု ကျွန်တော်ထင်သော အချက်မှာ တာရာမင်းဝေသည် တာရာမင်းဝေဖြစ်နေဖို့၊ တာရာမင်းဝေဝတ္ထုများတွင် တာရာမင်းဝေ၏ တံဆိပ်အမှတ်လက္ခဏာများ ပါဝင်ပေါ်လွင်နေဖို့ပဲ ဖြစ်ပါသည်။ ဝေဖန်ရေးဆရာတစ်ယောက်အနေနှင့် ပြောရလျှင် ကျွန်တော်တို့၏ အကြိုက်နှင့် မှတ်ချက်သည် သိပ်အရေးမကြီးပါ။ ပို၍ အရေးကြီးသည်ဟု ကျွန်တော်ထင်သော အချက်မှာ တာရာမင်းဝေ ဝတ္ထုတွေ ရေးနေဖို့ပဲ ဖြစ်ပါသည်။
ဇော်ဇော်အောင်
၂၂. ၈. ၉၆
(တာရာမင်းဝေကွယ်လွန်ခြင်း ၁၇ နှစ်ပြည့် အမှတ်တရ)
About The Call 338 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*