-၂၀၂၄ သြဂုတ် ၈ ကြာသပတေးနေ့ –
■ မနက်ခင်းအတွေး
ဘဝကိုနှစ်ကာလနဲ့တိုင်းတာလိုသူတို့၊ သင်တို့ကြားဖူးပါစ။ နာကျင်မှုတိုင်းမှာ ပန်းတခင်းရှိတယ်။ ကြီးကျယ်ခမ်းနားတဲ့ပေးဆပ်မှုဆိုတာ သူ့စာမျက်နှာနဲ့သူရှိတယ်။
ဩဂုတ်လ ၈ ရက်ဆိုတာ ဘဝတွေအသက်တွေရင်းပြီး ဖြတ်သန်းခဲ့ရသူတွေအတွက် မမေ့နိုင်တဲ့နေ့တနေ့ပေါ့။ တိုင်းပြည်အတွက်လည်း သမိုင်းဝင်နေ့တနေ့။ အထူးတလည် ဖွဲ့စရာနွဲ့စရာမလိုတဲ့ နေ့တနေ့ဆိုလည်းဟုတ်တယ်။
မှတ်စရာက ပြိုချိန်တန်ရင် ပြိုတာပဲဆိုတာဖြစ်ပါတယ်။ ဘယ်အရာမှ အမှန်တရားထက် ပိုမခိုင်ခန့်ပါဘူး။ ဒါကို သင်ခန်းစာမယူနိုင်တဲ့သူတွေအတွက်တော့ ဘယ်လမ်းမှ ရှေ့ဆက်စရာရှိမှာ မဟုတ်ဘူး။
အခုလိုတိုက်ပွဲကာလမှာ ဒီနေ့ဟာ ဆုံးဖြတ်ချက်တွေကို ပိုခိုင်မာစေတဲ့နေ့ဖြစ်တယ်။ ကိုယ်လျောက်ခဲ့ကြတဲ့လမ်းပေါ်မှာ ခြေလှမ်းတွေကို ပိုမိုသန်မာစေတဲ့နေ့ဖြစ်တယ်။ လက်ဆင့်ကမ်းပြေးပွဲလိုပဲ တာတိုကော တာဝေးပါ သက်လုံပြည့်ပြည့်နဲ့ ပန်းတိုင်ကိုမျက်ခြေမပြတ်စေတဲ့နေ့လည်းဖြစ်တယ်။
တောင်တွေ့ကိုရွေ့ပစ်ရမယ်ဆိုလည်း ဘာကြောင့်နောက်တွန့်နေကြမလဲ။ ဟောဒီမှာ သံတိုင်တွေကို ရိုက်ချိုး၊ အုတ်နံရံတွေကို ဖြိုချ၊ သစ်ပင်တွေကို ရေလောင်းကြ။
■ ဖတ်စရာမှတ်စရာ
“အခုဆိုရင် စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ ရောက်ရှိလာခဲ့ပြီ။ ပြည်ထောင်စု ပြိုကွဲမှာစိုးတယ်ဆိုတဲ့ ခြောက်လုံးနဲ့ တိုင်းရင်းသားပြည်သူအပေါ် ဂုတ်ခွစီးပြီး အခွင့်ထူးခံနေတဲ့ လုပ်စားအတွေးအခေါ်ဟာ လုံးဝကျဆုံးခဲ့ပြီဆိုတာ သတိချပ်စေလိုတယ်။ ပြည်ထောင်စု မပြိုကွဲအောင် တကယ်တမ်း တာဝန်ယူစောင့်ရှောက်နေတဲ့သူဟာ ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေပဲ ဖြစ်တယ်”
“ကျနော်တို့က စနစ်ကို တိုက်နေတာပဲ ဖြစ်တယ်၊လူကို တိုက်နေတာမဟုတ်ဘူး။ခင်ဗျားတို့ အသက်တွေ ဘဝတွေ မဆုံးရှုံးစေလိုသလို ကျနော်တို့ တော်လှန်ရေးရဲဘော်တွေ ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေလည်း အကျိုးမဲ့ မဆုံးရှုံးစေလိုဘူး။ စစ်မြေပြင်ရောက်မှ ခင်ဗျားတို့ကို သုံ့ပန်းအဖြစ် ကျနော်တို့ မဖမ်းလိုဘူး။ ခင်ဗျားတို့ အသက်သာမက ဘဝ၊ ဂုဏ်သိက္ခာကိုလည်း ဒီထက်ပိုပြီး အသိအမှတ်ပြု လေးစားလိုတယ်”
(ဦးရည်မွန်)
ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ
“သတင်းဓာတ်ပုံတွေဟာ ကျနော့်အတွက် အချက် (၃) ချက်ကို အမြဲတမ်း သတိပေးပါတယ်။”
(၁) သမိုင်းကို ပြောတယ်။
ကျနော်တို့ ဖြတ်သန်းလာတဲ့ သမိုင်းတလျှောက် ဘယ်အချိန်မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို လူတိုင်း လက်ရေးသမိုင်း မတင်နိုင်ပါဘူး။ အခုလို ဒီဂျစ်တယ်ခေတ်မှာ ပိုဆိုးပါတယ်။ လူတိုင်း စာရေး၊ မှတ်စုထုတ် အလုပ်တွေ မလုပ်ချင်ပါဘူး။ သို့သော် လူတိုင်း လက်ထဲမှာ မိုဘိုင်းဖုန်း ရှိပါတယ်။ ရှိတဲ့ မိုဘိုင်းဖုန်းနဲ့ မိမိဖြတ်သန်းနေတဲ့ သမိုင်းကို မှတ်တမ်းတင်လို့ရပါတယ်။
(၂) ဆင်ခြင်တုံတရားကို တပ်လှန့်တယ်။
ဘယ်အချိန်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို မှတ်တမ်းတင်ခြင်းအားဖြင့် ဘယ်လိုအခြေအနေမျိုးရောက်ရင် ဘာတော့ လုပ်မယ်၊ မလုပ်ဖူးဆိုတာကို ဆင်ခြင်သုံးသပ်စေနိုင်ပါတယ်။
(၃) မမေ့အပ်တဲ့ အကြောင်းအရာတွေကို မှတ်မိစေတယ်။
ကျနော်တို့ လက်ရှိ ဖြတ်သန်းနေတဲ့ ခေတ်ပြိုင်သမိုင်းမှာ မမေ့သင့် မမေ့အပ်တဲ့ လူပုဂ္ဂိုလ်တွေ၊ အကြောင်းအရာတွေ၊ မှတ်ဥာဏ်တွေ ရှိထားဖို့ လိုအပ်ပါတယ်။ ဒီလူတွေရဲ့ အားထုတ်ကြိုးပမ်းမှု ဖြစ်စဥ်တွေကို မမေ့မလျှော့ ရှိကြဖို့ လိုပါတယ်။ ဒါမှသာ သမိုင်းဆိုင်ရာ တပတ်လည်ခြင်း ကိစ္စတွေကို အနာဂတ်ကလူတွေအနေနဲ့ ဆင်ခြင် ဆပွားစေနိုင်မှာ ဖြစ်ပါတယ်။
Tsaw Wunna
Be the first to comment