-၂၀၂၄ သြဂုတ် ၉ သောကြာနေ့ –
■ မနက်ခင်းအတွေး
စားစရာထမင်း၊ ချစ်ခြင်းမေတ္တာ တဲ့။ ဘယ်လောက်လှပတဲ့ခေါင်းစဉ်ကလေးလဲ။ စွဲလန်းဖွယ်စကားပြေနဲ့ ခံစားမှုဝတ္တုတိုတွေရေးခဲ့တဲ့ သဲအိမ်မောင်နေဝါ ပဲထင်ပါရဲ့။ သူ့ရဲ့ဝတ္ထုတိုပေါင်းချုပ်ထုတ်တော့ စာအုပ်နာမည်က လည်ပင်းမှာရွှေဆွဲကြိုးနဲ့ကောင် တဲ့။ စာတွေအရေးကြဲပြီး လက်ဖက်ရည်ဆိုင်လေးနဲ့ အဆင်ပြေတဲ့အချိန် ရွှေဆွဲကြိုးလေးလည်ပင်းဆွဲမိတာကို ရေးဖော်ရေးဖက်ငတ်ဖော်ငတ်ဖက်တွေက သရော်ထေ့ခဲ့တဲ့စကားလုံးကိုပဲ သူကိုယ်တိုင် နှစ်နှစ်သက်သက် လက်ခံသုံးစွဲသွားတယ်ဆိုပါတော့။ ဒါလည်း လှတာပဲ။
ဒုတိယကမ္ဘာစစ်ပြီးတော့ အသတ်ခံခဲ့ရတဲ့ ဂျုး ၆ သန်းနဲ့ စစ်ကြီးအတွင်း အသက်ပေးသွားကြရတဲ့သူတွေရဲ့ နောက်ထပ် လူ သန်း ၂၀ လောက်ရဲ့ ဘဝတန်ဖိုးကို အသိအမှတ်ပြုတဲ့အနေနဲ့ လူ့အဖွဲ့အစည်းတခုလုံးအတွက် မရှိမဖြစ်တဲ့ ကျောရိုးတခုကို ရှာဖွေတည်ဆောက်ခဲ့ကြတယ်။ အဲဒါကတော့ လူသားတန်ဖိုးနဲ့ လူသားဂုဏ်သိက္ခာပဲ။ လူ့အခွင့်အရေးပဲ။ စကြာဝဌာလုံးဆိုင်ရာအမှန်တရား၊ ဘယ်တော့မှ အမှားအယွင်းမရှိနိုင်တဲ့ အမှန်တရားပဲဆိုပါတော့။
ဒါပေမယ့် စစ်အေးတိုက်ပွဲကြီးအောက်မှာ အဲဒီအမှန်တရားဟာ အမဲဖျက်ခံရပြန်တယ်။ ငြင်းပယ်လို့မရတဲ့အခါ ကိုယ်လိုသလို ဆွဲယူကြတယ်။ အရေခွာပစ်ကြတယ်။ ခွဲခြမ်းပစ်ကြတယ်။ အရှေ့ကမ္ဘာက လူမှုအခွင့်အရေးတွေဘက်မှာ အထိုင်ယူကြတယ်။ အနောက်ကမ္ဘာက လွတ်လပ်ခွင့်နဲ့ နိုင်ငံရေးအခွင့်အရေးတွေကို ကိုင်စွဲကြတယ်။ စစ်အေးခေတ်ပြီးဆုံးသွားသည့်တိုင် ဒီဂယက်တွေက ကျန်ခဲ့တယ်။ လူ့အခွင့်အရေးတခုလုံးကို အပြည့်အစုံ လက်ခံကျင့်သုံးဖို့ အခုအထိ ဆင်ခြေအမျိုးမျိုးပေးနေကြတုန်းပဲ။
လူဖြစ်လာရင် ဘယ်သူမှ ထမင်းလည်းမငတ်ချင်ဘူး။ ချစ်ခြင်းမေတ္တာလည်း မငတ်ချင်ဘူး။ အဲဒီ ၂ ခု တခုခုငတ်ရင် ဘဝဟာ နုံချာဆိုးဝါးသွားတာပဲ။ ထမင်းကအရေးကြီးသလား ချစ်ခြင်းမေတ္တာက အရေးကြီးသလားလို့ ဘာကြောင့် ၂ ခုခွဲပြီး စဉ်းစားရမှာလဲ။ ၂ ခုထဲက တခုပဲရွေးချယ်ခွင့်ရှိရင် လူ့တန်ဖိုးဟာ နိမ့်ပါးသွားမှာပဲ။ ထမင်းမဝလို့ ဆွံ့အသွားတဲ့ ချစ်ခြင်းမေတ္တာတွေကို နားလည်ဖို့လိုအပ်သလို ချစ်ခြင်းမေတ္တာမပါတဲ့ ထမင်းဝိုင်းတွေကလည်း သွေ့ခြောက်လစ်ဟာနေမှာပဲ။ ရွေးချယ်ခွင့်နဲ့ လွတ်လပ်မှုဆိုတဲ့ လူသားရဲ့ မွေးကတည်းကပါလာတဲ့ အခွင့်အရေးတွေသာ ပြည့်စုံနေခဲ့ရင်တော့ ပျော်ရွှင်စရာထမင်းဝိုင်းတွေက အိမ်ပြန်လာတဲ့မိသားစုဝင်တွေအတွက် ပူနွေးမွှေးပျံ့နေမှာပဲဖြစ်ပါတယ်။ လည်ပင်းမှာ ရွှေဆွဲကြိုးနဲ့ နေ့တွေပေါ့လေ။
■ ဖတ်စရာမှတ်စရာ
မြန်မာ့နိုင်ငံရေးသမိုင်းထဲက နိုင်ငံရေးလက်စားချေမှုနဲ့ ပြိုင်ဘက်အပေါ်ချေမှုန်းရေးမှာ သေဒဏ်ကျင့်သုံးခဲ့တဲ့အကြောင်းချင်းရာတွေကို လေ့လာရေးသားထားတဲ့ ၂၀၂၂ ခုနှစ် ဧရာဝတီမဂ္ဂဇင်းရဲ့ ဆောင်းပါးတစောင်ထဲက သိမှတ်စရာလေးတွေကိုထုတ်နှုတ်ပြီး ဒီမနက်စာအဖြစ် ဝေမျှလိုက်ပါတယ်။
“ကွန်မြူနစ်တို့ တောခိုပြီး ၁၂ ရက်အကြာမှာ ဖဆပလအစိုးရက ပုန်ကန်သူတွေကို သေဒဏ်အထိ အပြစ်ပေးနိုင်တဲ့ နိုင်ငံတော်သစ္စာဖောက်မှု ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။
ဒီဥပဒေကို လက်တွေ့စတင်ခံရစားသူကတော့ ဗမာပြည်ကွန်မြူနစ်ပါတီက ဗိုလ်အေးဖေဖြစ်ပြီး တိုက်ပွဲမှာ ဖမ်းမိပြီးတဲ့နောက် အဲဒီနှစ် နိုဝင်ဘာ ၁၂ ရက်နေ့မှာပဲ သေဒဏ်ချခံခဲ့ရပါတယ်။ ဗိုလ်အေးဖေဟာ လွတ်လပ်ရေးရပြီး ဗမာ့နိုင်ငံရေးမှာ အစောဆုံး တရားဝင် သေဒဏ်ချခံခဲ့ရတဲ့ ဗမာ့တပ်မတော် အရာရှိဟောင်းတဦးလို့ ဆိုရမှာဖြစ်ပြီး သူ့ကို သေဒဏ်ပေးတာနဲ့ ပတ်သက်လို့ သမိုင်းမှာ လူသိနည်းလှပါတယ်။
အာဏာရ ဖဆပလအစိုးရဟာ ဗိုလ်အေးဖေ တဦးတည်းကိုသာ ဥပဒေကြောင်းအရ ထင်ထင်ပေါ်ပေါ်နဲ့ သေဒဏ်ပေးခဲ့ပေမယ့် စစ်တပ်ကတော့ အဲဒီအချိန်ကတည်းက မိလာတဲ့ ကွန်မြူနစ်တွေကို တောထဲမှာ တခါတည်း ကိစ္စတုံး ရှင်းလင်းသတ်ဖြတ်မှုတွေမှာ နာမည်ကြီးခဲ့ပါတယ်။ အဲဒီတုန်းက စစ်တပ်ရဲ့ လက်သုံးစကားက “မြို့ပေါ်မှာ ကွန်မြူနစ်ရှားလို့ ပင့်ခိုင်းတာ မဟုတ်ဘူး”ဆိုတာပါပဲ၊ သဘောကတော့ တောထဲမှာပဲ တခါတည်း ရှင်းပစ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
၁၉၅၇ ခုနှစ် မေလမှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ထင်ရှားတဲ့ ဗဟိုကော်မတီဝင် ကာနယ်ချစ်ကောင်းကို ရန်ကုန်မြို့ပေါ်မှာ ဖမ်းမိပြီးတဲ့နောက် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ သေဒဏ်ချခဲ့ပေမယ့် ကြိုးတိုက်မှာ တနှစ်ကြာပြီးတဲ့နောက် နိုင်ငံတော်သမ္မတ မန်းဝင်းမောင်ရဲ့ အမိန့် နဲ့ ကြိုးဒဏ်က လွတ်မြောက်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ နိုင်ငံရေးလှုပ်ရှားသူတွေထဲက သေဒဏ်ကျခံရသူ၊ ချခံရသူ မရှိသလောက် ဖြစ်လာခဲ့ပေမယ့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၇၀ ခုနှစ် နိုဝင်ဘာလ သမိုင်းမှာ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် အလံနီ ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးဟာ ပခုက္ကူမြို့နယ် ကျွန်းချောင်းကျေးရွာမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ရုံးတင်စစ်ဆေးခံရပြီး နိုင်ငံတော် သစ္စာဖောက် ပုန်ကန်မှုနဲ့ အထူးရာဇဝတ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။
ဒီလိုသေဒဏ်ချမှတ်မှုကို သခင်စိုးရဲ့ ရှေ့နေ ဦးကိုယုက သေစားသေစေ ပြစ်ဒဏ်ဆိုတာ ရိုင်းစိုင်းပြီး လက်စားချေတဲ့ သဘောတရားဖြစ်သလို လူတယောက်ရဲ့ ဘဝပတ်ဝန်းကျင်ကြည့်ပြီး လူမမယ်ကလေးတွေရဲ့ ဘဝကံကြမ္မာကိုပါ ထည့်သွင်းစဉ်းစားဆုံးဖြတ်ဖို့နဲ့ နိုင်ငံရေးပြစ်မှုကို ရာဇဝတ်မှု အနေနဲ့ အရေးမယူဖို့ ရုံးတော်မှာ တင်ပြချေပခဲ့ပါတယ်။
၁၉၇၄ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းအတည်ပြုတဲ့ အထိမ်းအမှတ်အဖြစ် သေဒဏ်မှ တသက်တကျွန်းဒဏ်ကို ပြောင်းလဲကျခံစေပြီးတဲ့နောက် ၁၉၈၀ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်အရ သခင်စိုးဟာ ပြစ်ဒဏ်မှ လွတ်မြောက်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် တဖက်မှာတော့ ၁၉၇၀- ၈၀ ထိုဆယ်စုနှစ်အတွင်း ကြီးမားတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေတာကြောင့် နိုင်ငံရေးနှင့် ပတ်သက်လို့ သေဒဏ်ပေးမှုတွေ ပြန်လည်ကျင့်သုံးလာပြန်ပါတယ်။
ဦးသန့်အရေးအခင်းပါဝင်ခဲ့သူ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ ၁၉၇၆ ခုနှစ် မတ်လမှာ အဖမ်းခံခဲ့ရပြီး ဇွန်လမှာ ကြိုးပေး အသတ်ခံခဲ့ရသလို ၁၉၇၉ ခုနှစ်မှာပဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၊ သမ္မတ ဦးစန်းယု၊ အမျိုးသားထောက်လှမ်းအဖွဲ့ ထောက်လှမ်းရေးမှူးချုပ် လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး အုန်းကျော်မြင့်ကို သေဒဏ်ချမှတ်ကာ စီရင်ခဲ့ပါတယ်။”
လေးစားဦးညွတ်ရမှာကတော့ အဖိနှိပ်ခံမြန်မာပြည်သူတွေရဲ့ တော်လှန်ရေးခရီးကတော့ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းရှည်ဝေးခဲ့ပါစေ “ဒေါက်ဖြုတ်သံကြောင့် နောက်ဆုတ်ပြန်ခဲ့တဲ့သမိုင်း မရှိဘူး” ဆိုတာပါပဲ။
Be the first to comment