မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၁၂ ​တနင်္လာနေ့ –
■ မနက်ခင်းအတွေး
ကုန်းမြင့်သာပေါ်မှာ ပါတီဌာနချုပ်ရုံးကြီးကို ဟီးနေအောင်လည်း ဆောက်ပြီးရော နိုင်ငံတော်၏တခုတည်းသော ဦးဆောင်ပါတီဖြစ်ရမည်လို့ အတိအလင်းပြဌာန်းထားတဲ့ ပါတီဝင် ၁၀ သန်းကျော်ရှိပါတယ်ဆိုတဲ့ ပါတီကြီးဟာ ဘုန်းဘုန်းလဲကျသွားတော့တာပဲ။ ပါတီဝင်ကဒ်ပြားတွေ ပြည်သူ့ထံအလုအယက်အပ်ကြ၊ ဘက်ပြောင်းကြ၊ သာကူးကြ။ တိုင်းပြည်ရဲ့ဦးနှောက်လို့ပြောနိုင်တဲ့ ပါတီသုတေသနဌာနကြီးက စာအုပ်စာတန်းတွေလည်း လမ်းဘေးအဟောင်းဆိုင်တွေပေါ်ရောက်လိုရောက်ပေါ့။ ပျက်စီးချိန်တန်တဲ့အခါ မျက်စိရှေ့မှာပဲ တဝေါဝေါပြိုကျသွားခဲ့ကြတာတွေ သမိုင်းမှာ မျက်မြင်ကိုယ်တွေ့။
တကယ်တော့ အစိုးရတရပ် ပြုတ်ကျသွားတယ်ဆိုတာ အတိုက်အခံတွေ အားကောင်းလွန်းလို့ထက် သူတို့ကိုယ်၌က ဆက်လက်မရပ်တည်နိုင်တော့လောက်အောင် အင်အားချည့်နဲ့သွားလို့လည်းဖြစ်တယ်။ နိုင်ငံရေးတို့ စစ်ရေးတို့ဆိုတာ စိတ်ခွန်အားကောင်းကောင်းနဲ့ လုပ်ရတဲ့အလုပ်မျိုးတွေဖြစ်တယ်။ ဒါကြောင့် အမှန်တရားတို့ ပြည်သူ့ထောက်ခံမှုတို့ရဲ့ အရေးပါမှုကို ငြင်းပယ်လို့မရဘူး။ သားမက်ကိုဘိန်းပစ်ဖမ်းပြီး သမီးကိုအပိုင်သိမ်းသွားတဲ့ တရွာလုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ နှစ်လုံးပြူးရသူကြီးကို တုန်တုန်ချိချိနဲ့အဖွားကြီးက အိမ်ရှေ့သွား ဓားကြိမ်းကြိမ်းတာကို အပြင်ထွက်မရှင်းရဲဘဲ အိမ်ထဲပုန်းနေတဲ့အကြောင်း ဆရာသော်တာဆွေဝတ္ထုတပုဒ်ထဲမှာ ဖတ်ဖူးသလိုပါပဲ။ အမှားကျုးလွန်ထားတဲ့သူမှာ ဘာခွန်အားမှ မရှိတော့ပါဘူး။ ရမ်းကားမှုဆိုတာ သစ်ရွက်ခြောက်မီးလောင်သလောက်ပဲ ခဏနဲ့ပြာကျသွားတာပါ။
လက်နက်နိုင်ငံကြီးတွေအားကိုးနဲ့ ဒေါ်လာသန်းရာကျော်ဖြုန်းတီးပြီး ပြည်သူကိုတသက်လုံး အုပ်စီးထားဖို့ကြိုးစားပေမဲ့ လုပ်လာသမျှအမှားတွေရဲ့ တန်ပြန်သက်ရောက်မှု ရလဒ်တွေက အကျိုးပေးလာတဲ့အခါ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် အမြဲပါဝင်နေစေရမည်လို့ အိမ်ဦးခန်းတက်ခင်းထားတဲ့ဖျာလည်း ဖင်မီးလောင်တော့တာ ဘာမှမဆန်းပါဘူး။ လက်နက်အင်အားတွေ စိတ်ကြိုက်တည်ဆောက်ထားခဲ့တဲ့ ဆက်ဒမ်ဟူစိန်တို့ ကဒါဖီတို့လည်း ပြည်သူ့ထောက်ခံမှုဆုံးရှုံးတဲ့အခါ အရာရာကိုဆုံးရှုံးသွားခဲ့ကြရတာ ပူပူနွေးနွေးပဲရှိသေးတာ သတိရသင့်တယ်။ တလမ်းကျော်မှာ ရန်သူ့တပ်ကြီးရောက်နေတာတောင် ပင်လယ်ထဲအထိ မောင်းချပစ်မယ်လို့ ကြိမ်းဝါးခဲ့တဲ့ အာဏာရှင်တွေဟာ တကယ်တမ်းမှာကျတော့ စက္ကူကျားတွေပဲ။
ဆည်းဆာကသာ ကြာတာ။ နေဝင်သွားရင်တော့ စွပ်ကနဲပဲ။
■ ဖတ်စရာမှတ်စရာ
မေး − သွားခဲ့တဲ့ ခရီးစဥ်တွေထဲမှာ ထူးထူးခြားခြား အမှတ်တရရှိတဲ့ အဖြစ်အပျက်တွေများ ရှိသလား။
ဖြေ − နှစ်ခုရှိပါတယ်၊ အင်းစိန်ထောင်ကို သွားတုန်းကနဲ့ အလုပ်ကြမ်းစခန်းတစ်ခုကို ရောက်သွားတုန်းကပါ။ အင်းစိန်ထောင်မှာ (တစ်နေရာ)ကို ကျွန်မသွားကြည့်တော့၊ လူပေါင်း ၁၅၀ လောက်ဟာ တစ်နေရာထဲမှာ ပြွတ်သိပ်ပြီး နေကြရပါတယ်။ ဒီလူတွေ လှဲပြီးတော့တောင် အိပ်ချလို့မရပါဘူး။ ပြီးတော့ အဲဒီနေရာအတွက် တံခါးမပါတဲ့ အိမ်သာတစ်လုံးပဲ ရှိပါတယ်။ ကျွန်မက (ထောင်အာဏာပိုင်တွေကို) ”ဒီလိုမဖြစ်သင့်ဘူး။ လူတွေဒီလောက်အများကြီးအတွက် အိမ်သာက တစ်လုံးပဲရှိတယ်၊ ပြီးတော့ အိမ်သာက သီးသီးသန့်သန့် လုံခြုံမှုလည်း မရှိဘူး” လို့ ပြောပါတယ်။
ကျွန်မနောက်တစ်ကြိမ် ထပ်သွားတော့ အိမ်သာနှစ်လုံး (နောက်ထပ်ဆောက်ထားတာ)ကို တွေ့ရပါတယ်။ အလုပ်ကြမ်းစခန်းက အကျဥ်းသားတွေဟာ ခြေကျင်းခတ်တွေနဲ့ ထိုင်နေကြပါတယ်။ သူတို့က ကျွန်မကို ဒီလိုပြောပါတယ်။
”ခင်ဗျားရောက်လာတာ ကျွန်တော်တို့ သိပ်ဝမ်းသာတာပဲ၊ အပြင်က ကျောက်မိုင်းထဲမှာ ကျောက်မထုရတာ နှစ်ရက်ရှိပြီ။ မိုင်းထဲမှာ အရမ်းပူလို့ လူတွေပင်ပန်းလွန်ပြီး သေကြတာတွေရှိတယ်။ ခင်ဗျားလာမယ်ဆိုလို့ သန့်ရှင်းရေးလုပ်ဖို့ နှစ်ရက်လုံးလုံး အထဲမှာ နေခွင့်ရတယ်”
(အခြား) အထူးကိုယ်စားလှယ်တွေလည်း ဒီလိုအကျဥ်းထောင်တွေကို သွားကြည့်ဖို့ သိပ်ပြီး အရေးကြီးပါတယ်။
မေး − စစ်တပ်က နောက်ထပ်တစ်ကြိမ် အာဏာသိမ်းမယ်ဆိုတာကို ရိပ်မိခဲ့တာမျိုးရှိလား။
ဖြေ − ခရီးစဥ် အနည်းငယ်လောက် သွားပြီးရုံနဲ့ကို နောက်ကွယ်မှာ အကြံအစည်ကြီးကြီးမားမား ရှိတယ်ဆိုတာ အရမ်းကို သိသာလှပါတယ်။
မေး − ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရအပေါ် မှာကော ဘယ်လိုမြင်ပါသလဲ။
ဖြေ − ဦးသိန်းစိန်အုပ်ချုပ်တဲ့ အချိန်တုန်းထဲက သူနဲ့ကျွန်မ ဆုံဖူးပါတယ်။ ကျွန်မတို့ စကားကောင်းကောင်းကြီး ပြောခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သူ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရသွားပြီးချိန် ဇန်နဝါရီလ အစမှာပါ၊ အစိုးရအသစ်ဖွဲ့မယ့် ဧပြီလမတိုင်ခင်ပေါ့။
ဗြိတိသျှကိုလိုနီခေတ်တည်းက ရှိခဲ့တဲ့ တရားလွန်တင်းကျပ်လွန်းတဲ့ ဥပဒေ ၂၀၀ လောက်ကို စာရင်းပြုပြီး သူ့ကို ကျွန်မပေးခဲ့တယ်၊ ဒီဥပဒေတွေကို ပြန်လည်ပြင်ဆင်နိုင်အောင်ပေါ့။ ပြီးတော့ စံနမူနာယူလို့ရမယ့် ဥပဒေတွေကိုလည်း သူ့ကိုကျွန်မဝေမျှခဲ့ပါတယ်။ အစိုးရသက်တမ်း ပထမဆုံး ရက် ၁၀၀ ဟာ အလွန်အရေးကြီးတယ်လို့လည်း ကျွန်မသူ့ကိုပြောခဲ့ပါတယ်။
နိုင်ငံရေးမိသားစုမှာ ကြီးပြင်းလာတာဖြစ်လို့ ကျွန်မမှာ ပင်ကိုယ်နိုင်ငံရေး အသိဗီဇရှိပါတယ်။ လတ်တလောအချိန်၊ အလယ်အလတ်အချိန်နဲ့ ရေရှည်အတွက်ကို စဥ်းစားပါလို့ ကျွန်မပြောခဲ့ပါတယ်။
သစ်တောဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနစတဲ့ ဝန်ကြီးဌာနအချို့က အင်မတန်ကို ပူးပေါင်းလုပ်ဆောင်မှု ကောင်းမွန်ပါတယ်။ ကျွန်မသွားတဲ့အခါတိုင်း နောက်ဆုံးရရှိတဲ့ အချက်အလက်တွေပါတဲ့ အစီရင်ခံစာအသစ်တွေကို သူတို့တင်ပြကြပါတယ်။
မေး − သူတို့တွေ အိမ်စာပြီးအောင် လုပ်ထားကြတဲ့သဘောပေါ့။
ဖြေ − ဟုတ်တာပေါ့ရှင်။
ကျွန်မအရမ်းအံ့သြရတာကတော့ [ရိုဟင်ဂျာလက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က ရဲကင်းများကို တိုက်ခိုက်သည်ဆိုသောကြောင့် စစ်တပ်မှ ရိုဟင်ဂျာလူမျိုးစုများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေချိန်] ၂၀၁၆ခုနှစ် အောက်တိုဘာ နောက်ပိုင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ကျွန်မကို ရခိုင်သွားခွင့်ပြုလို့ပါပဲ။ ကျွန်မပြန်လာတဲ့အခါ ရခိုင်မြောက်ပိုင်းမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ကိုယ်တိုင်သွားပြီးကြည့်ဖို့ သူ့ကို (ဒေါ်အောင်ဆန်းစုကြည်ကို)ကျွန်မ ပြောခဲ့ပါတယ်။
ပြီးတော့ ကချင်ပြည်နယ်ကိုလည်းသွားဖို့၊ ကချင်ကို သူ မလာသေးတာကြောင့် နယ်ခံတွေက စိတ်ပျက်လက်ပျက် ဖြစ်နေရတယ်လို့လည်း ကျွန်မပြောခဲ့ပါတယ်။
ရခိုင်မြောက်ပိုင်းနဲ့ ပတ်သက်ပြီး သူပြန်ဖြေတာကတော့ ”ဒီကိစ္စကို ကျွန်မရဲ့ဝန်ကြီးက ကောင်းကောင်းမွန်မွန် ကိုင်တွယ်နေပါတယ်။ ကျွန်မရဲ့ဝန်ကြီးကို ကျွန်မယုံပါတယ်” “ကချင်ကိုတော့ အချိန်တန်ရင် ကျွန်မသွားပါမယ်” ဆိုတာပါပဲ။
ပြီးတော့ “ရိုဟင်ဂျာ”လို့ သုံးနှုန်းမယ့် အစား “ရခိုင်မှာနေတဲ့ မွတ်စလင်ဘာသာဝင်တွေ”၊ “ရခိုင်မှာနေတဲ့ မွတ်စလင်ဘာသာဝင် မဟုတ်သူတွေ” ဆိုပြီး သူက ဒီလိုအခေါ်အဝေါ်တွေကို သုံးပါတယ်။
“ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မအနေနဲ့ ဒီလိုအခေါ်အဝေါ်မျိုး မသုံးနိုင်ပါဘူး” လို့ ကျွန်မ သူ့ကို ပြောလိုက်ပါတယ်။ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိဖို့အတွက် သူတို့ကို ရိုဟင်ဂျာတွေလို့ ခေါ်ခွင့် ပြုသင့်ပါတယ်။
အဲဒီအခါ “အိုကေ”လို့ပဲ သူကပြောပါတယ်။ ကျွန်မကို တိုက်ခိုက်တာ၊ အငြင်းပွားတာမျိုး သူမလုပ်ခဲ့ပါဘူး။
(ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူ တောင်ကိုးရီးယားနိုင်ငံသူ ရန်ဟီးလီသည် မြန်မာနိုင်ငံအနှံ့တွင် မြန်မာစစ်တပ်က တိုင်းရင်းသားများနှင့် လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများအပါအဝင် အမျိုးမျိုးသော အနိုင်ကျင့် အကြမ်းဖက်မှုများကို ပြတ်ပြတ်သားသား ပြောဆိုနေသူဖြစ်သည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယခင်နှင့် ယခုအကျပ်အတည်းများ၊ စစ်တပ်ကနေရာအနှံ့ ကျူးလွန်ခဲ့သော၊ ကျူးလွန်နေဆဲဖြစ်သော အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာက ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဟုလည်း သူက ဆိုသည်။
မြန်မာနိုင်ငံအတွင်း နေခဲ့စဥ် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအပြင် မြန်မာပြည်အနာဂတ်နှင့် ပတ်သက်၍ Myannmar Now က မေးမြန်းထားသည့်အထဲမှ ကောက်နှုတ်ချက်)
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*