-၂၀၂၄ သြဂုတ် ၁၃ အင်္ဂါနေ့ –
■ မနက်ခင်းအတွေး
ဗုံးဒဏ်ကြောင့် အရုပ်ကလေးတွေလို ပြိုကျသွားတဲ့ တိုက်မြင့်ကြီးတွေကိုကြည့်ရင်း လူ့အဖြစ်ရဲ့ခိုင်မာမှုဆိုတာ အဆောက်အဦတွေ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ တည်ဆောက်ထားလို့ မရနိုင်ဘူးဆိုတာ သွားမြင်တယ်။ တည်ဆောက်သူဆိုတာရှိသလို ဖျက်ဆီးသူဆိုတာရှိတယ်။ တည်ဆောက်တဲ့အတတ်ပညာတွေတိုးတက်လာသလို ဖျက်ဆီးတဲ့နည်းပညာတွေကလည်း မြင့်မားလာတယ်။ ဒါတွေအားလုံးရဲ့လက်သည်ဟာလည်း လူပဲ။ လူဆိုတာ အရေပြားလေးနဲ့ထုပ်ပိုးထားတဲ့ အသွေးအသားအစိုင်အခဲမျှသာမဟုတ်လား။ အဲဒီအသွေးအသားတွေထဲမှာ နှလုံးသားဆိုတာ ပါလာတယ်။ ဦးနှောက်ဆိုတာ ပါလာတယ်။ နာကျင်မှုနဲ့ သာယာမှုဆိုတာ ပါလာတယ်။ တွယ်တာမှုနဲ့ စွန့်လွှတ်မှုဆိုတာ ပါလာတယ်။ ဘဝနဲ့ဒုက္ခအပေါ် နားလည်မှုဟာ တနေ့တခြား အရေးကြီးလာတယ်။ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာကြားမှာ တောင်းဆိုမှုတွေက အဆမတန်များလာတယ်။ လူနဲ့ လူ့အဖွဲ့အစည်းကြားက ဆက်ဆံရေးဟာ ပိုပြီးရှုပ်ထွေးလာသလို အသေးလည်းပိုစိပ်လာတယ်။
တဦးချင်းလွတ်လပ်ခွင့်ကို ပိုအလေးထားလာသလို တဖက်မှာလည်း လူ့အဖွဲ့အစည်းရဲ့နံရံတွေက ပိုမြင့် ပိုထူထဲလာတယ်။ ပိုက်ကွန်တွေကြားမှာ လူဟာ သူ့ဆူးတောင်တွေနဲ့ ပြန်ဆွဲမထုတ်နိုင်အောင် ငြိနေတယ်။ လူ့ဦးနှောက်တွေကိုပဲ စနစ်တကျဖောက်ထုတ်သိမ်းဆည်းတဲ့ စနစ်ကြီးတွေရဲ့ လက်တံဟာ နောက်ကအမြဲ လိုက်နေတော့တယ်။ လူ့နှလုံးသားတွေဟာ အိမ်အပြန်နောက်ကျသူတွေကိုမျှော်တဲ့ လမ်းဘေးစျေးသည်မလေးရဲ့ဗန်းထဲမှာ ယင်ကောင်တွေတလောင်းလောင်းနဲ့ အောက်စျေးမိနေခဲ့ကြတယ်။
လူကဖန်တီးလိုက်တဲ့အရာတွေဟာ စျေးကြီးလာတာနဲ့အမျှ လူဟာ စျေးပေါလာတယ်။ လူ့အဖွဲ့အစည်းတွေက ဟောင်းနွမ်းနံဟောင်လာတဲ့အချိန်မှာ လူဟာ ရေမွှေးအသစ်တွေကို ဖန်တီးတယ်။ ပန်းမျိုးအသစ်တွေကို ထုတ်လုပ်တယ်။ ကိုယ်ကစားနေကျဂိမ်းနဲ့ ကိုယ်ရှင်သန်နေရတဲ့ဘဝအကြားမှာ အိပ်မက်တွေကို မီးနဲ့ရှို့ကြတယ်။ ပြီးတော့ လူတချို့က ကယ်တင်ရှင်အဖြစ်နဲ့ လောကကြီးထဲကို ပျံသန်းဝင်ရောက်လာကြတယ်။ သူတို့ရဲ့ အရုပ်ဆိုးပြီး စိတ်ပျက်စရာကောင်းတဲ့ အတောင်ပံပေါ်မှာ မေတ္တာတရားဆိုတဲ့စာလုံးကြီးတွေက ပြူးတူးပြဲတဲနဲ့။ ဝေါဒစ္စနေရုပ်ရှင်ကားတွေ ကြည့်နေတာပဲ စိတ်ချမ်းသာပါတယ်။ တကယ့်ဘဝတွေကတော့ အမြန်လမ်းမကြီးဘေးမှာထိုးရပ်ပြီး ညအိပ်ယာဝင်ကြရအုန်းမှာမဟုတ်လား။
■ ဖတ်စရာမှတ်စရာ
ဟိုရက်က ကိုသော်ဟန်ရဲ့ ပို့စ်တစ်ခု ဖတ်ရတယ်။ ပို့စ်ထဲမှာ “ဆုံးရှုံးသွားရတဲ့လူတစ်ယောက်အကြောင်းကို ထုတ်ဖော်တမ်းတခြင်းဆိုတာ ဝမ်းနည်းခြင်း ဆိုတာထက်လည်း အများကြီးပိုပါတယ်”တဲ့။ အဲ့ဒီနေ့က ဦးအောင်ချိမ့်စျာပနကို သွားရင်း လမ်းမှာတင် နာဂဦးသိန်းလှိုင် ဆုံးပါးသွားတဲ့ သတင်းက တက်လာ။ ရေဝေး ဦးအောင်ချိမ့် ဂူသွင်းမယ့်နေရာ ရောက်တော့ ဦးအောင်ချိမ့်ဘော်ဒီကို စောင့်နေတုန်း နာဂဦးသိန်းလှိုင်ဘော်ဒီက အရင်ရောက်လာပြီး မိသားစုဝင်တွေကပဲ ဂူသွင်း သဂြိုလ်တော့ ငြိမ်သက်ဂါရဝပြုခဲ့။ အပြန်လမ်းမှာ ရှောင်ပုန်းနေရတဲ့ ဒေါက်တာစစ်တင် ဆုံးတဲ့သတင်းကြားရ။ ကိုဗစ် တတိယလှိုင်း ကာလပေမယ့် တိုင်းပြည်ဗယောက်ဗယက် အကာလကြီးမို့ ဝမ်းနည်းစရာတွေက မဆန့်ရင်ကာ။ ထိုနေ့ညနေမှာပဲ ၄၄ လမ်းက သူရဲကောင်းအာဇာနည်တွေ သတင်းကြားရ။ ၄၄ လမ်း။ ၄၄ လမ်း။ တိုက်နံရံကြားက တိုးထွက်နေတဲ့ ညောင်ပင်။ မမေ့ရမယ့် နေ့လည်း ဖြစ်တယ်။ သက်ဆိုင်ရာနေ့မှ မဟုတ်ပါဘူး။ ၄၄ ဆိုတဲ့ ဂဏန်းတွေ့ရင်၊ ၄၄ ဆိုတဲ့ အသံကြားရင် . . . ။ ဒီကနေ့မှာ ၃ နှစ်ပြည့်ခဲ့ပါပြီ ၄၄ လမ်း။
“ထုတ်ဖော်ပြီး ပူဆွေးတမ်းတခြင်းဆိုတာ အဲဒီလူ အပေါ် သတိရတဲ့မှတ်ဉာဏ်တွေကို ထိန်းသိမ်းထားတာ၊ အဲဒီလူကို ကိုယ့်ဘ၀ထဲမှာ ရှင်သန်ခိုင်းတာ၊ ကိုယ့်ရဲ့ နေ့စဉ်ဘ၀ထဲမှာ ရှိနေစေတာပါ”
Linn Way Khat
■ ကဗျာ
“လမ်းခုလတ်”
ညကသားလေးအိမ်ပြန်လာပုံရ
နံရံမှာချိတ်ထားတဲ့သူ့ဂစ်တာကလေးမြည်လို့
အမေဂုဏ်ယူနေပါ့မယ်သားရေ။
‘On the Way’
It seems my boy came home last night;
His guitar, still hanging on the wall,
Played a soft, familiar tune.
I, your mother, feel the weight of pride.
Maung Maung Nyein Aye
Translated by Mone Aung
Be the first to comment