-၂၀၂၄ သြဂုတ် ၁၅ ကြာသပတေးနေ့ –
■ မနက်ခင်းအတွေး
စောစောစီးစီးတိမ်ထူတဲ့နေမို့ မနက်ခင်းနေရောင်က ရဲရဲတင်းတင်း ရောက်မလာနိုင်သေး။ ညကမိုးကြောင့် ဝန်းကျင်တခုလုံးက စိုစွတ်နေသည်။ နေရာသစ်ရဲ့ အစဦးနေ့များပဲဆိုပါစို့။ သိပ်တော့လည်း မထူးဆန်းတော့ပါ။ ဒီလိုပဲ နေရာတွေ တနေရာပြီးတနေရာ ပြောင်းခဲ့ကြရတာပဲမဟုတ်လား။
ကြာတော့ နေရာဟောင်းတွေအပေါ် တွယ်မက်စိတ်ပင် မရှိသလောက်ဖြစ်လာခဲ့သည်။ နေရာဆိုတာ နေထိုင်ဖို့၊ ခိုနားဖို့၊ အလုပ်လုပ်ဖို့ ဒါအတွက်ပဲလေ။ ပိုင်ဆိုင်ဖို့ တွယ်ငြိဖို့ စွဲလန်းနေဖို့မှမဟုတ်ဘဲ။ သို့တိုင် ကိုယ်ရှိနေတုန်းအချိန်မှာတော့ ဒီနေရာလေးကို တန်ဖိုးထားတတ်ရမည်။ ချစ်တတ်ရမည်။ သင့်လျော်လျောက်ပတ်သည့် အခင်းအကျင်းလေးတခုဖြစ်အောင် ဖန်တီးနိုင်ရမည်။ အမြဲတမ်းအတွက်မဟုတ်ဘူး ဆိုသည့်တိုင်အောင်ပေါ့။ နေရစဉ်ခဏတာလေးအတွက်တော့ လေးနက်ခံစားတတ်ဖို့လိုသည်။ ဘဝဆိုတာက ဒီခဏတာလေးတွေနဲ့ဖွဲ့စည်းထားတဲ့ ဖြစ်တည်မှုတခုပဲဖြစ်ပါသည်။ ဒီခဏတာလေးတွေရဲ့ ရွေ့လျားစီးဆင်းနေတဲ့သဘောလည်းဖြစ်သည်။
ချောင်းငယ်လေးတခုထဲမှာ ကျောက်တုံးလေးတွေပေါ်က ဖြတ်ကူးလာသလို။ ကျောက်တုံးတတုံးပြီး နောက်တတုံး၊ ရှေ့ခြေက နောက်ကျောက်တုံးပေါ်ချမိပြီဆိုတာနဲ့နောက်ခြေက အရင်ကျောက်တုံးကနေ သိမ်းရုတ်ကာ နောက်ထပ်ကျောက်တုံးတတုံးဆီ ဆက်လှမ်းကြရစမြဲ။ အဲဒီလို ခဏတာ ကျောက်တုံးလေးတွေပေါ်မှာ အေးဆေးတည်ငြိမ်စွာ လှမ်းလျှောက်ကာ လောကကို ကူးဖြတ်ကြရတာပဲလေ။ ကျောက်တုံးလေးတတုံးပေါ်မှာ အရှိန်တန့်လိုက်တာနဲ့၊ အဲဒီခဏတာလေးတခုပေါ်မှာ စွဲလန်းလိုက်တာနဲ့ ခြေလှမ်းတွေက ဟန်ချက်ပျက်သွားသလို ဘဝမှာ အလွဲအမှားတွေက ဝင်ရောက်လာတတ်သည်။
ဖြတ်ကျော်လာပြီးတဲ့ ကျောက်တုံးလေးတွေကိုလည်း ခဏခဏ နောက်ပြန်လှည့်ကြည့်မနေနဲ့။ ရှေ့တမျှော်အထိ ကျောက်တုံးတွေ ဘယ်လောက်တောင်ကျန်သေးလဲလို့လည်း လှမ်းကြည့်မနေလေနဲ့။ ကိုယ်နင်းထားတဲ့ကျောက်တုံးလေးတွေအပေါ်မှာပဲ စိတ်ကိုထား။ ဘဝဆိုတာ အဲဒီခဏတာလေးတွေပဲဆိုတာ စွဲလန်းကပ်ငြိစိတ်ကင်းစွာ အသိမြဲနေဖို့သာလိုသည်။ ဒီလိုဆိုလိုက်တော့ အခုလို မနက်ခင်းလေးတခုဆိုတာ ပေါ့ပါးလတ်ဆတ်တဲ့ နေ့လေးတနေ့ရဲ့အစအဦးပဲဆိုတာ ရှင်းလင်းသေချာသွားခဲ့တော့သည်။ ဒီလိုနဲ့ ဘဝထဲက ခဏတာလေးများ၊ စမ်းချောင်းလေးထဲက ကျောက်တုံးများ။
■ ဖတ်စရာမှတ်စရာ
“နိုင်ငံသားသတင်းစာပညာ “
လူ့အဖွဲ့အစည်းတစ်ခုဟာ အရေးကြီးတဲ့အမှောင်ခေတ်တစ်ခုကို ဖြတ်သန်းနေရပြီဆိုရင် နိုင်ငံသားသတင်းစာပညာနဲ့ နိုင်ငံသားသတင်းသမားတွေ (Citizen Journalists (CJ) )ရဲ့ အခန်းကဏ္ဍက ရှေ့တန်းကို ရောက်လာပါတယ်။
နိုင်ငံရေးမတည်မငြိမ်နဲ့ စစ်ရေးပဋိပက္ခအောက်မှာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ စီးဆင်းနိုင်ဖို့အတွက် ဒေသအသီးသီးမှာ နိုင်ငံသားသတင်းသမား (CJ) တွေ ပေါ်ထွန်းလာဖို့ အလွန်အရေးကြီးလှပါတယ်။
စစ်ရေး ပဋိပက္ခအခြေအနေအောက်မှာ သတင်းတွေနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ နိုင်ငံသားသတင်းသမားတွေ(Citizen Journalists (CJ) ) အတွက် ရည်ရွယ်ပြီး သိထားသင့်တာတွေကို အပိုင်း (၈) ပိုင်းခွဲပြီး တနင်္သာရီတိုင်းမ်က ဖော်ပြခဲ့ပါတယ်။
ဖော်ပြခဲ့တဲ့ နိုင်ငံသားသတင်းစာပညာ အကြောင်းအရာတွေက
(၁) နိုင်ငံသားသတင်းစာပညာဆိုတာ ဘာလဲ
(၂) နိုင်ငံသားသတင်းသမားများရဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲက အခန်းကဏ္ဍ
(၃) နိုင်ငံသားသတင်းစာပညာကို လက်တွေ့ကျင့်သုံးခြင်း
(၄) နိုင်ငံသားသတင်းသမားတွေနဲ့ ပင်မရေစီးသတင်းဌာနကြီးတွေ ဘယ်လို လက်တွဲ ဆောင်ရွက်လို့ရမလဲ
(၅) အခြေခံသတင်း ရေးသားနည်း
(၆) ဓာတ်ပုံများနှင့် ဗွီဒီယိုများရိုက်ကူးခြင်း
(၇) လုံခြုံရေး
(၈) ကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားစရာများ
တို့ပဲ ဖြစ်ပါတယ်။
ဖော်ပြခဲ့ပြီးခဲ့တဲ့အကြောင်းအရာတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှု၊ သိမ်းဆည်းထားနိုင်ဖို့ရည်ရွယ်ပြီး လက်စွဲစာအုပ်အဖြစ် ပြင်ဆင်ထုပ်ပိုးထားတဲ့ PDF ဖိုင်ကို မည်သူမဆို အခမဲ့ ရယူနိုင်ပါတယ်။
● Download ရယူရန်
Mobile Version
Computer Version
The Tanintharyi Times
Be the first to comment