-၂၀၂၄ သြဂုတ် ၁၆ သောကြာနေ့ –
■ မနက်ခင်းအတွေး
ဥဒေတယံပဲ ရွတ်ရွတ်၊ ပရိတ်ကြီး ၁၁ သုတ်ပဲရွတ်ရွတ်၊ ဓာရဏပရိတ်နဲ့ ရှိရှိသမျှ ဝေနေယျတွေကို မေတ္တာသုတ်ရွတ်ပြီး အမျှပဲဝေဝေ ဒီစစ်အကြမ်းဖက်အုပ်စုရဲ့အသိဉာဏ်မှာ အာဏာလောဘ မောဟတိမ်သလ္လာတွေဖုံးနေသမျှ ဒီနိုင်ငံကြီးရဲ့မနက်ခင်းတွေဟာ ကြည်လင်လန်းဆန်းလာစရာမရှိပါဘူး။
ဘာသာရေးကို ကိုယ့်နိုင်ငံရေးအလိုလောဘအတွက် စဉ်ဆက်မပြတ်အသုံးချလာတဲ့ ဒီလူ့အဖွဲ့အစည်းရဲ့ ချယ်လှယ်သူတွေဟာ ငရဲနဲ့ နိဗ္ဗာန်လည်း သူတို့အတွက် ဘာမှသိပ်မထူးသလို ဖြစ်လာတယ်။ ဒီဘဝနိဗ္ဗာန်အတွက် သံသရာငရဲကို သူတို့ မကြောက်နိုင်ကြတော့ဘူး။ တရားကို အမှန်တကယ် သက်ဝင်ယုံကြည်သူတို့ကတော့ သံသရာမှလွတ်မြောက်ရာ နိဗ္ဗာန်ရောက်ကြောင်းအတွက် ဒီဘဝငရဲတွေကို ပေးဆပ်ဖို့ နောက်မတွန့်ကြတော့ဘူး။
လူ့အဖွဲ့အစည်းတခုအတွက် လောကနိဗ္ဗာန်ဆိုတာကလည်း ကျင့်ကြံအားထုတ်မှုနဲ့ ပါရမီအပြားပြားကို နောက်မတွန့်ဘဲ ပေးဆပ်နိုင်မှသာ ရရှိနိုင်မယ်ဆိုတာလည်း အလင်းပေါက်ခဲ့ကြပြီးပြီ။ ခန္ဒာကိုယ်ကို အလျားခင်းပြီး တံတားလိုနင်းစေတာဟာ မိမိတဦးတည်း လွတ်မြောက်ရေးအတွက်မဟုတ်ဘူး။ ဘုရားလောင်းရူးသွပ်မှု သက်သက်မဟုတ်ဘူး။ လောကနဲ့ သတ္တဝါအများကို ဒုက္ခမှ ကယ်တင်ဖို့ဖြစ်ပါတယ်။ ဘုရားဆင်းတုတွေထဲမှာ အများလွတ်မြောက်ရေးအတွက် ဒုက္ခစရိယကျင့်ရင်း နံရိုးပြိုင်းပြိုင်းထွက်နေတဲ့ ပုံတော်ကို အကြိုက်ဆုံးဖြစ်ခဲ့တာ တော်လှန်ရေးရဲ့အဓိပ္ပါယ်ပါပဲ။ ပေးဆပ်သူတွေသာမရှိရင် လူ့လောကကြီးကို ဘယ်သူစောင့်ရှောက်မလဲ။
■ ဖတ်စရာမှတ်စရာ
“တော်လှန်စစ်ကာလမှာ စစ်တိုက်ကြတဲ့ အဖွဲ့တွေအတွက် လက်နက်၊ ခဲယမ်း၊ မီးကျောက်နဲ့ ရိက္ခာတွေက အရေးအကြီးဆုံးဖြစ်သလို၊ စစ်ရှောင်ကြတဲ့ ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကလည်း ဦးစားပေးအဆင့်မှာရှိရမှာဖြစ်ပါကြောင်း။ နယ်မြေထိန်းသိမ်းနိုင်မှု လုပ်ငန်းတွေအတွက်ဆိုရင်လည်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးက အခရာကျတာ ကြောင့် ဒီကဏ္ဍတွေမှာ တာဝန်ယူကြမယ့် ဝန်ထမ်းအရင်းအမြစ်တွေကို ကြိုတင်လေ့ကျင့် သင်ကြား ပေးကြဖို့နဲ့ လိုအပ်တဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားချက်တွေကလည်း ရှိနေရမှာဖြစ်ပါကြောင်း။ တဆက်တည်း သိမ်းပြီးတဲ့မြို့နယ်တွေမှာ ပြည်သူပိုင်ပစ္စည်းတွေကို ထိန်းသိမ်းနိုင်ဖို့ ရုံးပိုင်းဆိုင်ရာ အရေးကြီးပစ္စည်းတွေ ထိန်းသိမ်းနိုင်ဖို့ အတွက်လည်း ဝန်ကြီးဌာနအလိုက် လိုအပ်တဲ့ညွှန်ကြားချက်တွေ စီမံပေးကြဖို့လည်း လိုအပ်မှာ ဖြစ်ပါကြောင်း။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကျဆုံးချိန်လည်း တဖြေးဖြေးနီးကပ်လာတာ နဲ့အမျှ ကျွန်တော်တို့ရဲ့ ပြည်သူနဲ့ တော်လှန်ရေးအပေါ် သွေးကွဲစေဖို့၊ နှောင့်နှေးစေဖို့ သပ်လျှို လုပ်ဆောင်နေမှုများကိုလည်း တော်လှန်ရေးအသိ၊ သတိတွေနဲ့ ဝိုင်းဝန်းကာကွယ်ကြဖို့နဲ့ မူလရည်မှန်းချက် မပျောက်ပျက်စေဖို့၊ မတွေဝေစေဖို့ ဂရုတစိုက် ဆောင်ရွက်ကြဖို့ အထူးမှာကြားလိုပါကြောင်း”
(ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း)
အမျိုးသားညီညွတ်ရေးအစိုးရ-NUG
■ ကဗျာ
“အိမ်အပြန်”
အိမ်ရှေ့ရောက်တော့
တံခါးက ဖွင့်မရ
အမေလို့အော်ခေါ်တော့
တုံ့ပြန်ထူးသံမကြားရ
မထူးဘူးဆိုပြီး
ခဲနဲ့ အိမ်ခေါင်မိုးကို ပေါက်လိုက်တော့
ဓာတ်မီးတဝင်းဝင်းနဲ့ အမေထွက်လာတယ်
ကျနော့်ကိုကြည့်ပြီးတော့
”ငါ့သားရေ အမျှ အမျှ အမျှ ”တဲ့ ။ ။
သရက်သီး(ရေနံချောင်း)
Be the first to comment