-၂၀၂၄ သြဂုတ် ၁၉ တနင်္လာနေ့ –
■ မနက်ခင်းအတွေး
မနေ့က အတွေးကလေး အရေးကလေးတခုဖတ်ရတယ်။ ကားထဲထည့်ဖို့ ဆီမရှိတဲ့သူနဲ့ စားဖို့ဆီ မရှိတဲ့သူ ဒုက္ခကအတူတူပဲလား တဲ့။ သူ့ဒုက္ခနဲ့သူပေါ့လေ။ အရပ်ထဲပြောဘူးသလို သူဌေးသင်္ဘောမှောက်တာနဲ့ သူတောင်းစားခွက်ပျောက်တာ ၂ ယောက်စလုံးအတွက်တော့ ဘဝနဲ့ချီ ထိခိုက်ကြရတာပဲမဟုတ်လား။
မနက်စောစော အသိတယောက်က လှမ်းသတင်းမေးတယ်။ အဆင်ပြေရဲ့လားတဲ့။ ကျေးဇူးတင်ပါတယ်လို့ပဲ ပြန်ပြောမိတယ်။ အခုလိုခေတ်ကြီးမှာ အဆင်မပြေဘူးလို့လည်း ကိုယ့်ကျမှ မညည်းပြချင်ဘူး။ အခုလိုခေတ်ကြီးမှာ အဆင်ပြေပါတယ်လို့လည်း ဘယ်လိုပြန်ဖြေရမလဲ။ ကိုယ်စိတ်နှလုံး သုံးပါးစလုံး ဆင်းရဲခြင်းကမလွတ်ကင်းအောင် ဖိစီးနှိပ်စက်ခံနေကြရတာလေ။
ကိုယ့်အိမ်ကိုယ်ပြန်ရောက်တဲ့သူတွေရဲ့ သတင်းဓာတ်ပုံလေးတွေတက်တက်လာတာ ဝမ်းသာစရာကောင်းပါတယ်။ ဒါပေမဲ့ သူတို့ဓာတ်ပုံထဲမှာ အိမ်တွေက ခြုံနွယ်ပိတ်ပေါင်းတွေတက်လို့။ နံရံတွေ တိုင်တွေပြိုပျက်လို့၊ ဟာလာဟင်းလင်းပွင့်လို့။ မိသားစုလည်း အရင်လို ဘယ်စုံနိုင်ပါတော့မလဲ။ မုန်တိုင်းမိတဲ့ငှက်တွေလို တနေရာစီလွင့်စင်ခဲ့ကြ။ အသိုက်နေရာလေး ပြန်လာနိုင်တာကိုပဲ ကောင်းကင်အသစ်တခုပြန်ရသလို ပျော်ကြရတာ။ ကမ်းရှာငှက်တွေလေ။ အတောင်သန်လို့ လေဆန်ခဲ့ကြတာမဟုတ်ပေမဲ့ ပင်လယ်ကိုပုခုံးမှာထမ်းပိုးပြီး အိမ်ပြန်လာခဲ့ကြတာပါ။
အိမ်ကိုအရောက်ပြန်သွားနိုင်တဲ့ လားရှိုးမြို့သားတဦးရဲ့ စစ်တခုရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ သူ့မြို့ကြီးအကြောင်း ရေးပြထားတာ ဖတ်ရတော့ ဒီအချိန်မှာ လူတိုင်းဟာ ခံစားချက်တွေ ရောပြွမ်းနေကြတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ အရုဏ်ဦးကိုရောက်ဖို့ သန်းခေါင်ကိုလွန်မြောက်ရသလို ကိုယ်စိတ်နှလုံးသုံးပါးစလုံး အပြန်အလှန်ဖေးမစောင့်ရှောက်ကြရင်း လွတ်လပ်မှုနဲ့ တရားမျှတမှုဆီ အားစိုက်ပျံသန်းကြရမှာပဲပေါ့။ ဒီလိုအချိန်မှာ မနက်အိပ်ယာထလိုက်တာနဲ့ အဆင်ပြေပါရဲ့လားလို့ လှမ်းမေးဖော်ရတဲ့သူတဦးရှိတာ မင်္ဂလာတရားနဲ့ အတော်ပြည့်စုံပါတယ်။ကျေးဇူးတင်စရာလည်း အတော်ကောင်းပါတယ်။ လူတဦးနဲ့တဦးကြားမှာ အကြွေးတွေရှိကြတယ်ဆိုရင် ကျေးဇူးကြွေးတွေပဲ ဖြစ်ကြပါစေ။
■ ဖတ်စရာမှတ်စရာ
“ထူးအိမ်သင် စကားဝှက်”
မေး။ နာရီပေါ်က မျက်ရည်စက် မတိုင်ခင်ကတည်ရှိနေခဲ့ဖူးတဲ့ ထူးအိမ်သင်တစ်ယောက်အကြောင်းကို ထူးအိမ်သင် ပြောပြနိုင်မလား။
ဖြေ။ အဲဒီအချိန်က ထူးအိမ်သင် မရှိခဲ့ပါ။ မှတ်ပုံတင်အမည် ကျော်မြင့်လွင်၊ မိတ်ဆွေများက သျှပ်လို့ခေါ်တဲ့ ခပ်ပေပေအကောင်တစ်ကောင်ပါ။ သူ့မှာ စိတ်ကျရောဂါစွဲနေတယ်လို့ သံသယဖြစ်စရာအချက်တွေလည်း တော်တော်များများရှိခဲ့တယ်။ အနေအထိုင် တော်တော်ညစ်ပတ်တဲ့ လေလွင့်လူငယ်တစ်ယောက်လို့လည်း ဆွေမျိုးတွေ၊ ဆရာသမားတွေ၊ သူငယ်ချင်းမိဘတွေက ပြောကြပါတယ်။ သူ့မှာအရိပ်မရှိဘူး။ အလင်းရောင်မရှိဘူး။ အဓိပ္ပါယ်မရှိဘူး။ ဒီလောက်ပါပဲ။ သိပ်ချစ်တဲ့ သူငယ်ချင်းတချို့ကလွဲရင် ကြည်ဖြူသူလည်း မရှိသလောက် ရှားခဲ့ပါရဲ့။
မေး။ ကိုယ့်ကိုယ်ကို ခွဲခြမ်းစိတ်ဖြာဖူးသလား။ ဥပမာ – ရေးတာကောင်းတယ်။ ဆိုတာညံ့တယ်။ ဆိုတာကောင်းတယ်၊ ရေးတာညံ့တယ်။ ဆိုတာမျိုးပေါ့။
ဖြေ။ ခွဲစိတ်ဖူးပါတယ်။ မညာတမ်းပြောရရင် ကျွန်တော်မကောင်းဘူး။ ညံ့တယ်။
မေး။ ဘယ်သူ့သီချင်းတွေကို အများဆုံးနားထောင်ပြီး ကြိုက်ခဲ့သလဲ။ ဘာကြောင့်ကြိုက်တာလဲ။ အရေးလား။ အဆိုလား။
ဖြေ။ စိုင်းထီးဆိုင် ကြိုက်တယ်။ မြို့မငြိမ်းကြိုက်တယ်။ ရေဒီယိုကြိုက်တယ်။ မာမာအေးကြိုက်တယ်။ တွံတေးသိန်းတန်ကြိုက်တယ်။ ခိုင်ထူးကြိုက်တယ်။ ဘာကြောင့် ဘာကိုကြိုက်မှန်းမသိအောင်ကို ကြိုက်ပါတယ်။
မေး။ ပရိသတ်ကို ဘာပြောချင်လဲ။ အရေးကြိုက်တဲ့ ပရိသတ်ကိုကော အဆိုကြိုက်တဲ့ ပရိသတ်ကိုကော။ နှစ်ခုလုံးကြိုက်တဲ့ ပရိသတ်ကိုကောပေါ့။
ဖြေ။ ပြောပြီးတဲ့ အတိုင်းပါပဲ။ ကျွန်တော်က ညံ့တယ်။ အဲဒီတော့ ပိုကြိုးစားပါ့မယ်။ ခင်ဗျားတို့အတွက်ရော၊ ကျွန်တော့်ဝိဉာည်အတွက်ရောပေါ့။
(မင်းဟန် |စက်တင်ဘာ၊ ၁၉၈၇
ဂီတပဒေသာမဂ္ဂဇင်းမှ ကောက်နှုတ်ဖော်ပြသည်။)
■ ကဗျာ
“တော်လှန်ရေးကဖေး”
ကမ္ဘာပေါ်က အကျယ်လောင်ဆုံးတေးကိုဆိုဖို့
တော်လှန်ရေးကဖေးမှာ လူစုကြမယ်
လက်ဖက်ရေတခွက် နှလုံးသားတခြမ်းနဲ့
ရာမညတမ်းချင်းဆိုတဲ့ ကဗျာကိုရွတ်မယ်
သံလွင်ကစရင် သံလွင်မှာဆုံးကြမယ်
ဘယ်ကြယ်ပဲလင်းလင်း
နောက်ကျတဲ့သီချင်းဆိုတာ မရှိပါဘူး
အချစ်နဲ့ပြမှ မြနေမယ့်ဓားသွားတွေ
အသားနဲ့သွေးမှ ဝေးမသွားမယ့် အိပ်မက်တွေ
အနာနဲ့သီမှ ညီနေမယ့်အနာဂတ်တွေ
ဝေ ပါ စေ ။ ။
(Aမွန်)
Aug၊2024
Be the first to comment