မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၂၀ အင်္ဂါနေ့ –
■ မနက်ခင်းအတွေး
ပြည်တွင်းစစ်မီးတောက်နေတဲ့နိုင်ငံမှာ နေ့တိုင်း တိုက်ပွဲသတင်းတွေ ကြားနေရမှာပါပဲ။ ရွာတွေဗုံးကြဲခံရတာ၊ အိမ်တွေမီးတိုက်ခံရတာ၊ လူတွေသေကြတာစသဖြင့် အနိဌာရုံတွေပေါ့လေ။ နှစ်ရှည်လများ ဒီလိုအခြေအနေကြီးထဲ ဒီလိုသတင်းတွေထဲ နေထိုင်နေကြရတဲ့သူတွေ ပုံမှန်ဆို ရူးသွားလောက်တယ်။ ဒါပေမဲ့ ဒါငါတို့ဘဝတွေကို ပြောင်းလဲပစ်မယ့် တော်လှန်စစ်ဟေ့၊ ငါတို့နိုင်အောင်တိုက်ရမယ့် ပြည်သူ့စစ်ပွဲဟေ့ဆိုတဲ့တချက်နဲ့ အားလုံးဝိုင်းဝန်း အားပေးကူညီ တောင့်ခံနေခဲ့ကြတာဖြစ်ပါတယ်။ ယတိပြတ်ချထားတဲ့ ပြည်သူတွေရဲ့သံဓိဌာန်ဟာ ဒီစစ်ပွဲကို ဆုံးဖြတ်တာပါပဲ။
အပြင်ကစစ်ပွဲတွေက အဲလိုပြင်းထန်သလိုပါပဲ ဒီအခြေအနေကြီးကိုဖြတ်သန်းနေရတဲ့ လူတဦးချင်းရဲ့ ပုဂ္ဂိုလ်ရေးဘဝနဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေထဲမှာလည်း စစ်ပွဲတွေ အနည်းနဲ့အများ ရင်ဆိုင်တိုက်ပွဲဆင်နေကြရတာကို သိဖို့လည်းလိုပါတယ်။ အတွင်းတိုက်ပွဲလို့ ဆိုပါတော့။ ကိုယ်တယောက်တည်း ဘက်နှစ်ဘက်ခွဲပြီးတိုက်ရတာဖြစ်လို့ ပိုပြီးတောင် ပင်ပမ်းပါတယ်။ ယုံကြည်ချက်နဲ့ ကြံ့ကြံ့ခံနိုင်မှု အားနည်းလို့ကတော့ ကျည်ပေါက်သံတချက်မကြားရပဲ ကျဆုံးသွားနိုင်တဲ့ပွဲမျိုးပါ။ “နှလုံးသားဂြိုလ်တုကတဆင့် သူမဆီအကြောင်းကြားလိုက်တယ်။ ဟောဒီမှာ မင့်သူရဲကောင်း ကိုယ့်ကိုယ်ကိုယ်စီးချင်းထိုးရင်း ကျဆုံးသွားပြီလို့” ဆိုတဲ့ကဗျာမျိုးဟာ တကယ့်ဘဝက လာတာပါ။
လူမှာ စိတ်ဆိုးနဲ့စိတ်ကောင်း ဒွန်တွဲနေတယ်။ ဝက်ဝံဖြူနဲ့ ဝက်ဝံညိုတို့ မပြတ်တမ်းတိုက်ခိုက်နေကြတယ်။ တိုင်းပြည်တပြည်ရဲ့ဝိဉာဉ်မှာလည်း ဓမ္မနဲ့ အဓမ္မဟာ အမြဲတမ်းစစ်ပွဲခင်းနေတယ်။ ဝက်ဝံညိုကြီးကို ခြေကျင်းခတ်ထားနိုင်ရမယ်။ အဓမ္မကို ဓမ္မခြေရင်းမှာ ဝပ်စင်းနေအောင် လုပ်ထားနိုင်ရမယ်။ အဲဒါမှာ အေးချမ်းတဲ့နိုင်ငံသားတွေနဲ့ ငြိမ်းချမ်းတဲ့တိုင်းပြည်ကို မြင်နိုင်တွေ့နိုင်မယ်။ ဒါကြောင့် စိတ်ထဲကပူလောင်မှုတွေကို ငြိမ်းသတ်ဖို့ဆိုတာ ဝက်ဝံဖြူကြီးနိုင်ဖို့လိုတယ်။ ပြည်တွင်းစစ်ကြီးကို အပြီးသတ်ဖို့ဆိုတာ မှန်တဲ့ဘက်က အောင်ပွဲခံဖို့လိုပါတယ်။ မိခင်ဟာ နာကျင်မှုကိုကျော်ဖြတ်ပြီး ရင်သွေးကို လောကကြီးထဲဆွဲထုတ်ရသလို။ မွေးခန်းထဲကအော်သံတွေဟာ လောကသစ်ကြီးအတွက် ထိုးတဲ့ ခေါင်းလောင်းသံတွေလို့ ဆိုပါရစေ။
■ ဖတ်စရာမှတ်စရာ
တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီး စစ်မက်ဒဏ်အဆိုးရွားဆုံးခံခဲ့ရတဲ့ လားရှိုးမြို့ကို တကျော့ပြန်ရောက်တော့ အချိန်က ဩဂုတ် ၉ ရက် မနက် ၁၀ နာရီ၊ သောကြာနေ့ ။
မြို့ကိုရောက်ရောက်ချင်း ရပ်ကွက်တွေထဲ ဝင်လာတာနဲ့ ဟိုနားတပုံ ဒီနားတပုံ မီးခိုးတလူလူ နဲ့ မီးရှို့ ထားတာတွေ တွေ့ရတယ်။
တိုက်ပွဲပြီးသွားတော့ ရပ်ကွက်ထဲ ကိုယ့်ထက်အရင်ရောက်နေတဲ့ ပြည်သူတွေ လေး၊ ငါး‌ယောက်လောက်က ရပ်ကွက်ထဲက လမ်းကြားတွေမှာ သန့်ရှင်းရေး လုပ်နေကြပါတယ်။ မီးရှို့ထားတဲ့ နေရာက အနံ့တွေက စူးရှဆိုးရွားပြီး ခေါင်းတွေပါ ကိုက်လာပါတယ်။ ထမင်းစားနိုင်ဖို့က ဝေးစွ။
မိမိအိမ်ရဲ့ ဝင်းတံခါးကို ကြည့်လိုက်တော့ တံခါးသော့ကို သေနတ်နဲ့ ပစ်ဖျက်ထားဝာတွေ့ရပါတယ်။ တံခါးတပြင်လုံးနဲ့ အိမ်ရှေ့ အုတ်နံရံတွေမှာတော့ ကျည်ပေါက်ရာတွေ နေရာအနှံ့ အပွင့် အပွင့်လေးတွေ ဖြစ်နေပါတယ်။
အိမ်ဝင်းထဲ ဝင်လိုက်တော့ ညစ်ပတ် ရှုပ်ပွနေတယ်။ ကျည်ခွံတွေ ပြန့်ကြဲနေတယ်။ အိမ်ဝင်းထဲ ထားခဲ့တဲ့ ဆိုင်ကယ်သုံးစီးကတော့ မတွေ့ရတော့။
အမှိုက်မီးရှို့ ဖို့ ပုံလိုက်တော့ လွယ်အိတ်တလုံးကို တွေ့ရတယ်။ အဲဒီအိတ်ရဲ့ ဘေးအိတ်ထဲမှာ ဖက်ကြမ်း ဆေးလိပ်တလိပ်၊ ကော်ဖီမစ်တထုပ် အိတ်ထိပ်နား နည်းနည်းဖောက်ထားတယ်။ ကင်မွန်းသီး တချောင်း၊ မီးခြစ်တခု တွေ့ရတယ်။ အဲနားမှာ Note စာအုပ်တအုပ်။ လှန်ကြည့်လိုက်တော့ ဖတ်လို့ မရတော့ဘူး။ မိုးရေတွေစိုပြီး မင်တွေပျက်နေပြီ။ ‌အဲဒီအိတ်ဘေးနားမှာ စာရွက်နှစ်ရွက်တော့ တွေ့တယ်။ နစကတပ်ဖွဲ့ ဝင်‌တယောက်အတွက် လက်နက်ခဲယမ်းတွေ ထုတ်ပေးထားတဲ့ ပစ္စည်းစာရင်းပါ။
အိမ်ထဲ ဝင်ကြည့်လိုက်တော့ တံခါးသော့တွေလည်း အကုန်ဖျက်ထားပါတယ်။ အိမ်ထဲမှာလည်း ရှိသမျှ ပစ္စည်းတွေ ‌‌ဗြောင်းဆန်အောင် မွှေနှောက် သွန်ချထားဝာကို‌တွေ့ရပါတယ်။ အိပ်ယာတွေထဲမှာလည်း ဘွတ်ဖိနပ်ရာတွေနဲ့ ဝင်အိပ်ထားတာကိုတွေ့ရပါတယ်။
ရေသန့်ဗူးတွေမှာ ရေတွေထည်ထားပြီး ဘေးနားကအပေါက်ဖောက်ပြီး ပိုက်တွေထည့်ထားတာကို တွေ့ရပါတယ်။ ကောက်ပြီးကြည့်လိုက်တော့ စူးရှရှအမွှေးနံ့တွေ။ စိတ်ကြွဆေးတွေ ရှူထားတာလို့ ထင်တာပဲ။
ဧည့်ခန်း ပြတင်းပေါက်မှန်လည်း အပေါက်ဖောက်ထားတာ တွေ့ရတယ်။ ဒုတိယထပ်က ရေချိုးခန်း မှန်အထူကြီးကိုလည်း အပေါက်အကြီးကြီး ဖောက်ထားတာ တွေ့ရပါတယ်။ တခြားအိပ်ခန်းတွေက ပြတင်း ပေါက်မှန်တွေကိုလည်း ပင့်တင်ထားတာ တွေ့ရပါတယ်။
ထမင်းထုပ်တွေရော စားမကုန်တာတွေ ပစ်ထားတယ်။ ငါးဗူးတွေရော ဒီတိုင်းဖောက်စားပြီး အိပ်ခန်းမှာ ပစ်ထားတယ်။ ကျည်ခွံတွေရော။ တချို့ အခန်းမှာတော့ အစာခြောက်တွေ တွေ့ရတယ်။ နောက်တထပ်က အခန်းမှာတော့ အခန်းနံရံတွေပါ ပတ်ပတ်လည် တပိုင်းဖျက်ထားပါတယ်။ အခန်းပြင်က အလူမီနီယမ်ပိုက်တန်းတွေလည်း ကျည်တွေထိထားလို့ စုတ်ပြတ်သတ်နေတယ်။ ရေပိုက်တွေရော အကုန်ကျည်ထိထားလို့ ပေါက်ကုန်တာ တွေ့ရပါတယ်။
မီးဖို့ချောင်မှာလည်း ချက်စားပြီး ဘာမှဆေးကြောမထား ရှုပ်ပွ နံ့စော်နေတယ်။ အိုးတွေ၊ ချိူင့်တွေလည်း ချက်ပြီး မ သွားပုံရပါတယ်။ မရှိတော့။
သူတို့ ရဲ့ လက်ပတ် နာရီတွေ အဟောင်း အစုတ်တွေတော့ ချွတ်ထားခဲ့ကြတယ်။ အခန်း တခန်းမှာတော့ မိတ်ကပ်ဗူး၊ မျက်နှာလိမ်းတွေအကုန် မွှေနှောက်ယူသွားပြီး စုတ်တံချောင်းလေးတွေပဲ ထားခဲ့တာ တွေ့ရပါတယ်။
လမ်းပေါ်မှာ ရှိနေတဲ့ ခွေးတွေကတွေ အစာကျွေးမယ့်သူ မရှိလို့ ထင်ပါတယ်။ အလောင်းတွေ စားနေတာ တွေ့ရပါတယ်။ အကုန် မီးမလောင်သေးတဲ့ အလောင်းတွေမှာတော့ လောက်တွေတက်ပြီး လမ်းပေါ် ခုန်ထွက်လာတာကို ငှက်တွေ လာကောက်စားနေတာ တွေ့ရပါတယ်။ မီးရှို့ပြီး ကျက်သွားတဲ့ လူသေအလောင်းရဲ့ အသားတွေကိုတော့ ခွေးတွေ အုပ်လိုက် လာစားနေတာလည်း တွေ့ရပါတယ်။
ကြောင်တွေလည်း အလောင်းမီးရှို့ထားတဲ့ နေရာတွေမှာ အရိုး၊ အသားတွေ ကိုက်စားနေတာတွေ့ရပါတယ်။ လမ်းကြိုလမ်းကြားတွေမှာတော့ လူသေအရိုးတွေ ခွေးဆွဲပြီး ပြန့်ကျဲ နေတယ်။ တကယ့် တစပြင်လို ဖြစ်နေတယ်။
လမ်းကြားတွေမှာ မီးမလောင်ကုန်ဘဲ ကျန်နေတဲ့ အလောင်းအပိုင်းအစတွေနဲ့ အရိုးတွေ ရှိနေသေးလို့ တုတ်နဲ့ကော်ပြီး စုပုံ၊ ထင်းတွေပုံ ဓာတ်ဆီ၊ ဒီဇယ်လောင်းပြီး မီးထပ်ရှို့ ရှင်းလင်းခဲ့ရတယ်။
မြို့တွင်း နေအိမ်တော်တော်များများ ကျည်တွေထိထားတာတွေ့ရတယ်။ မှန်တွေကွဲ၊ အုတ်နံရံတွေ၊ အုတ်တံတိုင်းတွေလည်း ကျည်ရာတွေ။ တချို့ နေအိမ်တွေတော့ ပြာပုံပဲကျန်တော့တာ တွေ့ရပါတယ်။ မီးကြိုး၊ ဖုန်းကြိုး၊ ဝိုင်ဖိုင်ကြိုးတွေ လမ်းပေါ်မှာ ရှုပ်ထွေးပွေလီပြီး ကျနေတယ်။
(Voice of Myanmar မှာဖော်ပြထားတဲ့ ”ကိုယ်တွေ့ လားရှိုး (သို့မဟုတ်) စစ်ပွဲတွေရဲ့ အနိဋ္ဌာရုံ” သတင်းဆောင်းပါးထဲမှ ကောက်နှုတ်ဖော်ပြသည်)
About The Call 338 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*