“The Call ရဲ့ မနက်စာ”
-၂၀၂၄ ဇူလိုင် ၉ အင်္ဂါနေ့ –
■ မနက်ခင်းအတွေး
မတရားမှုက နေရာတိုင်းမှာ ဖြစ်နေတာလား။ မတရားမှုက ဒီကမ္ဘာလောကကြီးရဲ့ ပုံမှန်အလေ့အထတခုလား။ မတရားမှုဟာ ဘယ်သူမှလက်မခံသည့်တိုင် အောင်ပွဲခံနေဆဲလား။ မတရားမှုဟာ လူကြီးလူကောင်းယောင်ဆောင်တယ်။ နတ်ဒေဝတာယောင်ဆောင်တယ်။ ထီးဟန်နန်းဟန်တွေနဲ့ မဟာဆန်တဲ့ အခါတွေတောင် ရှိသေးတယ်။ မတရားမှုမှာလည်း သူ့သရဖူနဲ့သူလို့ ဆိုရလေမလား။
မတရားမှုဟာ လွှတ်တော်ထိုင်ခုံတွေပေါ်က မတ်တပ်ထရပ်တယ်။ မတရားမှုဟာ တင့်ကားချိန်းကြိုးကြီးတွေကြားမှာ ခိုင်ခိုင်မာမာ ချိတ်ဆက်ထားတယ်။ မတရားမှုဟာ တာဝေးပစ်ဒုံးကျည်တစင်းရဲ့အမြီးက မီးတန်းလို တဟုန်ထိုးတောက်လောင်တယ်။ မတရားမှုဟာ လောကရဲ့ ဖယ်ရှားရခက်တဲ့ အဆင်တန်ဆာတွေကြားမှာ ပုန်းခိုဝပ်ရင်းလည်း ချောင်းမြောင်းနေတတ်တယ်။ မည်သို့ပင်ဖြစ်စေ ဘယ်အရာနဲ့မဆိုလဲပြီး အဲဒီမတရားမှုကို အပြီးတိုင်ဖြိုလှဲမယ့်နေ့ဟာ လေဆိုးရဲ့အတိုးအတိုက်ကိုစောင့်နေတဲ့ တိမ်တွေရဲ့ မသွားမဖြစ်ခရီးတခုလို ရောက်ရှိလို့လာမယ်။ သစ်လွင်တဲ့သွေးတွေဟာ စီးဆင်းအား ပိုကောင်းတယ်။ ပိုပြီးတောက်လောင်တယ်။
ယုံကြည်မှုနဲ့ ရင်ဆိုင်တွေ့တဲ့အခါ မတရားမှုဟာ သံညှပ်မှာမိနေတဲ့ မြေခွေးတကောင်လို ပြေးပေါက် မရှိတော့ဘူး။ မတရားမှုရဲ့ဝတ်ရုံဟာ တိမ်ပေါ်မှာလွှားထားတဲ့ မြူမီးခိုးပမာသာဖြစ်ပါတယ်။ မတရားမှုဆိုတာ သူ့ကိုယ်သူပြန်လှီးစရာ လက်ကောက်ဝတ်တောင်မရှိတဲ့ လေမှုတ်အရုပ်တခုထက် ဘာမှမပိုဘူး။ မတရားမှုဆိုတာ ယုံကြည်မှုပျောက်ဆုံးနေတဲ့သူတွေကိုသာ ရွေးပြီး အမဲလိုက်တတ်တဲ့ ကဝေအိုရဲ့ စက္ကူကျားတကောင်ထက် ဘာမှမပိုဘူး။ မတရားမှုဆိုတာ လူတွေရဲ့ဘဝကို စက်ထဲအစိမ်းလိုက်ထည့်ဖောက်ပစ်တဲ့ ပြောင်းဖူးပေါက်ပေါက်တွေဖြစ်ခဲ့ရင်တောင် ယုံကြည်မှုရဲ့ နီရဲတဲ့နှုတ်ခမ်းဖျားပေါ်မှာ ကျဆုံးရစမြဲပဲ။ မီးကင်ထားတဲ့ပေါင်မုန့်တချပ်ပေါ်မှာတောင် မွှေးပျံ့နေတဲ့ မနက်ဖန်တွေပဲရှိတယ်။ မတရားမှုဟာ မနက်စာ စားပွဲအောက်က ပုရွက်ဆိတ်တွေရဲ့ ခိုးယူခြင်းခံလိုက်ရတဲ့ တူးခြစ်နေတဲ့ ပေါင်မုန့်အစအနလေးတွေမျှသာ။
အမှိုက်သိမ်းကားရဲ့ ခေါင်းလောင်းထိုးသံဟာ လမ်းထဲကို ချိုးကွေ့ဝင်လာတယ်။ မတရားမှုရဲ့အနံ့အသက်ဆိုးတွေက လမ်းတလျောက်မှာ လေထုကို ကုတ်ခြစ်နေလေရဲ့။
Be the first to comment