မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၂၁ ဗုဒ္ဓဟူးနေ့ –
■ မနက်ခင်းအတွေး
ကလေးဘဝက အပြစ်ကင်းတယ်လို့ လူတွေပြောလေ့ရှိတယ်။ ဒီအဓိပ္ပါယ်အရ လူဟာ မွေးတုန်းက ဘယ်လိုပြစ်မှုမှ ပါမလာဘူးဆိုတာ သိပ်သေချာခဲ့ပါတယ်။ အမိဝမ်းကကျွတ်တဲ့အချိန်မှာ သူ့ဆီကထွက်လာတဲ့ ငိုသံလေးဟာ နာကျင်မှုဝေဒနာထဲမှာ ရုန်းကန်နေရတဲ့ မိခင်ဖြစ်သူကို အင်အားပြည့်လန်းဆန်းစေခဲ့ပါတယ်။ ဒါဟာ လူ့လောကကြီးအပေါ် သူပထမဆုံးပြုလုပ်ပေးလိုက်တဲ့ ကောင်းမှုလို့ ဆိုရပါမယ်။ တကယ်တော့ ဘယ်သူမဆို လူ့ဘဝမှာ ကောင်းမှုနဲ့စခဲ့ကြသူချည်းပါပဲ။
ဒါပေမဲ့ လောကကြီးကတော့ အသစ်မွေးလာတဲ့လူတယောက်ကို ဘယ်လိုပြစ်ဒဏ်မျိုးတွေနဲ့ ချည်နှောင်စီရင်ရမလဲလို့ စောင့်နေတတ်ပြန်ပါတယ်။ အဖေမပေါ်ပဲမွေးလို့၊ မလိုချင်ပဲရလာလို့၊ စနေနေ့မှာမွေးလို့၊ သူ့ကိုမွေးဖို့အတွက် မိခင်ကအသက်ပေးလိုက်ရလို့၊ သူ့ကိုမွေးပြီးတော့ စီးပွားပျက်လို့ စသဖြင့် ကြိုတင်စီရင်ချက်တွေနဲ့ရော မတော်မတရားစွပ်စွဲချက်တွေနဲ့ရော မွေးကာစကလေးလေးတယောက်ကို အပြစ်တွေနဲ့ ဖိနင်းကြတယ်။ ဒီလိုနဲ့ တချို့ကလေးလေးတွေဟာ အရွယ်နဲ့မမျှတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ လောကကြီးကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရတယ်။
ဘယ်လိုအကြောင်းကြောင့်နဲ့မှ ကလေးတယောက်အပေါ် မွေးကင်းစလူသားလေးတယောက်အပေါ် စီရင်ဆုံးဖြတ်ခွင့်မရှိတဲ့ လူ့အဖွဲ့အစည်းတခုကို အလိုရှိအပ်ပါတယ်။ လူဟာ မွေးဖွားကတည်းက လူ့ဂုဏ်သိက္ခာ အပြည့်အဝရှိတယ်လို့ ကမ္ဘာ့လူ့အဖွဲ့အစည်းကြီးက တရားဝင် လက်ခံဆုံးဖြတ်ခဲ့တာ နှစ်တစ်ရာပြည့်ပါတော့မယ်။ သို့တိုင် ကမ္ဘာအနှံ့အပြားမှာ လူပေါင်းများစွာဟာ မွေးတဲ့အချိန်တုန်းကကော၊ သေတဲ့အချိန်အထိပါ ဂုဏ်သိက္ခာကင်းမဲ့နေကြရတယ်။ အဆိုးဆုံးကတော့ ဂုဏ်သိက္ခာကင်းမဲ့စွာ အသက်ရှင်နေကြရတာပါပဲ။
လူ့ဂုဏ်သိက္ခာကင်းမဲ့တဲ့ဘဝက ရုန်းထွက်ဖို့ ဂုဏ်သိက္ခာရှိစွာသေဆုံးခြင်းကို သူတို့ရွေးချယ်ခဲ့ကြတယ်။ အဲဒါ တော်လှန်ရေးပါပဲ။ မေတ္တာတရားအတွက်၊ အမှန်တရားအတွက်၊ အများအကျိုးအတွက် ရဲရဲရင့်ရင့်သေပြခဲ့ကြတာ ရူးနေလို့မဟုတ်ပါဘူး။ လူ့ဂုဏ်သိက္ခာကင်းမဲ့တဲ့ဘဝမှာ အသက်ရှင်နေကြရတာ ဘယ်လောက်နာကျင်ကြေကွဲစရာကောင်းကြောင်း ရှက်စရာကောင်းကြောင်းဆိုတဲ့အသိကို လူတွေ မေ့မသွားစေချင်လို့ပါပဲ။
သူရဲကောင်းတွေအတွက် မျက်ရည်ကျတတ်ရင် အဲဒီလောကကြီး လှလာတော့မှာ သေချာတယ်။
■ ဖတ်စရာမှတ်စရာ
“လယ်ထဲသွားလည်း လိုက်ဖမ်းတယ်။ နေ့ခင်းကြီး အိမ်မှာ အိပ်နေရင်တောင် အိမ်ပေါ်ထိဝင်ဖမ်းတယ်။ လမ်းဖြတ်သွားလည်း ဖမ်းတယ်။ အသက်အရွယ်လည်းမရွေးဘူး။ ငွေပေးနိုင်တဲ့သူတွေဆိုရင်တော့ ပြန်လွတ်တယ်။ တချို့ဆို ပိုက်ဆံမလိုက်နိုင်လို့ အုတ်တွင်းစစ်သင်တန်းကျောင်းမှာ တပ်သားသစ်အဖြစ် ရောက်ကုန်ကြတယ်။ ကလေးအဖေပါဆိုလည်းမရ၊ စိတ်ဝေ‌ဒနာရှင်တွေဆိုလည်းမရ။ ဆေးမအောင်ဘူးဆိုလည်း မလွှတ်ပေးဘူး။ ကားလမ်းတွေကနေစောင့်ဖမ်းတယ်။ ရွာထိပ် ဇရပ်တွေ တာမံတွေ‌ကနေလည်းစောင်ဖမ်းတယ်။ တစ်ခါတစ်လေဆိုရင် အရပ်ဝတ်တွေနဲ့ဖမ်းနေကြတာ”
” နောက်ဆုံးဘယ်သူမှအပြင်မထွက်ကြတော့ဘူး။ ရွာတွေ၊ အိမ်တွေထဲလည်းဝင်ဖမ်းကြတယ်။ မြို့ပေါ်တက်ဈေးဝယ်လို့လည်းမရ။ ဆေးရုံဆေးခန်းသွားပြလို့လည်းမရ။ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင် အကုန်ဖမ်းနေတာ။ စစ်တောင်းမြစ်လည်း လှေဆိပ်တွေလည်း ပိတ်ကုန်တယ်”
(ပဲခူးတိုင်း အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင်ကျေးရွာများမှ ဒေသခံပြည်သူများ၏ ပြောကြားချက်)
■ ကဗျာ
“လေယာဥ်ပျံ”
တဝီးဝီး အသံကြားရင်
သဲပူပူ မြေပူပူ
နောက်က ပြေးလိုက်ပြီး
လက်ပြ နှုတ်ဆက်ရှာတဲ့ သူ့ငယ်ဘဝ
မိဘကို ပူဆာလည်း
ဒီအရုပ် တမျိုးတည်းပဲ
စက္ကူခေါက် ကစားကြမယ်ဆိုလည်း
သူငယ်ချင်းတွေကို
သူ့ပဲ ခေါက်ပေးရှာတယ်
အတန်းထဲ ပုံတူပန်းချီမျိုးစုံ ဆွဲခိုင်းလည်း
ဒီတစ်ပုံတည်း ထပ်တလဲလဲ
ဆွဲပြတဲ့ ဖိုးထောင်
မီးခိုး အူနေတဲ့
အိမ်ဦးတိုင်လေးကို ကြည့်ပြီး
ရင်နာမိတယ်
မင်းတို့ မိသားတစ်စု
ကောင်းရာသုဂတိလားပါစေ။
(ရတုသွေး)
20824
About The Call 338 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*