-၂၀၂၄ သြဂုတ် ၂၂ ကြာသပတေးနေ့ –
မနက်ခင်းအတွေး
ရှေ့တခေါ်ဆိုရောက်ပြီ၊ ရှေ့တကွေ့ဆိုရောက်ပြီနဲ့ မတ်စောက်တဲ့တောင်တက်လမ်းကို တရွေ့ရွေ့လှမ်းခဲ့ကြရတဲ့ ဘုရားဖူးခရီးတွေ သတိရကြမှာပါ။ တခါတလေ အကွေ့တခုမှာ စေတီဆီက ဆည်းလည်းသံလေးကို ကြားလိုက်ရသလိုလို၊ ဟိုးအဝေးက ပြိုးပြက်ရွှေရောင်ကို လှမ်းတွေ့လိုက်ရသလိုလိုတောင် ဖြစ်မိကြသေး။ ကလေးတွေကတော့ နောက်ကလူကြီးတွေ မျက်ခြေပြတ်သွားတဲ့အထိ ရှေ့ကနေ အပြေးကလေးတက်သွားကြလေရဲ့။ တယောက်ကိုတယောက်စောင့်ခေါ်ရင်း ဖေးကူရင်း အမောပြေအားပေးစကားပြောရင်း ဘုရားကိုဖူးမျှော်ချင်စိတ်နဲ့ လှမ်းခဲ့ကြ ရောက်ခဲ့ကြရတာပဲမဟုတ်လား။ အရေးကြီးတာက ဘုရားဖူးဖို့လာတာ နောက်တတောင်တက်ဖို့ကျန်သေးတယ်ဆိုတာနဲ့ပဲ နောက်ပြန်လှည့်ကြဖို့မှ မဟုတ်တာ။ တကယ်တော့ ထက်သန်တဲ့ယုံကြည်စိတ်ကို အရင်းခံမှသာ ကိုယ်လိုရာရောက်မယ့် ခရီးမျိုးဆိုပါတော့။
ကြိုးကြာငှက်တွေလို မိုင်ထောင်ချီခရီးမျိုးကို ပျံသန်းခဲ့ကြတယ်။ ဆယ်လ်မွန်ငါးတွေလို ရှည်လျားကြမ်းတမ်းတဲ့မြစ်ကို ဆန်တက်ခဲ့ကြတယ်။ ဘဝမှာ ပန်းတွေပြန်ပွင့်ဖို့ ကမ်းခြေအရှာထွက်ခဲ့ကြ။ ယောနသံဆိုတာ သူများတွေ အစာနောက်လိုက်နေချိန်မှာ အမြင့်ဆုံးထိပျံဖို့တခုသာ အာရုံပြုထားတဲ့ငှက်တကောင်ပေါ့။ မဲမှောင်ရှည်လျားတဲ့ လှိုင်ဂူကြီးထဲမှာ လူတွေကိုအလင်းရောင်ဆီခေါ်ဆောင်သွားဖို့အတွက် ဒန်ကိုဟာ သူ့နှလုံးသားကိုထုတ် လမ်းပြခဲ့တယ်။ ဒီစကားတွေဟာ ငါတို့မှာ ငါတို့ချည်းမဟုတ်ဘူးဆိုတာ သိစေဖို့အတွက်ဖြစ်ပါတယ်။ ရှေ့ကလူတွေအကြောင်းပြောရင်း နောက်ကလူတွေကို လှမ်းခေါ်ကြရမယ်။ မိခင်မာရသွန် ဆိုတာ ကဗျာရှည်ကြီးတပုဒ်ထက် ပိုပါတယ်။
လမ်းတွေသာ မှားချင်မှားမယ်။ မျှော်လင့်ချက်ဆိုတာ ဘယ်တော့မှ မမှားဘူး။
ဖတ်စရာမှတ်စရာ
ပန်းစကားလေစကား။
ထိုသို့ဆိုလျှင်
ဘယ်လိုပင်မှတ်သားထားသော်ငြား၊ ထိုကြားကာလ၊ ၌၊ အံ့ဖွယ် အတွေ့
အကြုံမှန်သမျှ၊ဇာတိဿရဉာဏ်မရလျှင်ကား ပြန်ပြောချင်သော်လည်း
သံယောဇဉ်ခွဲထားခံခဲ့ရသဖြင့်၊ သက်ဆိုင်ရာဘာသာစကားကို၊ မှတ်သား
ရင်းပင် အချစ်တို့ပျက်ပြယ်ခဲ့လေပြီ။ ဘာသာစကားအား တတ်မြောက်
ချိန်တွင်အမှတ်အသားတို့ကွယ်လေပြီ။ အာရုံအသစ်တို့ခေါ်ရာ၊ မှော်စွမ်း
တို့တောက်စားရာ၊ ကမ္ဘာ့လေထုအလွှာတလျောက် အတိတ်ရနံ့တို့စွဲထင်
ကာ၊ ပြန့်နှံ့တည်ရှိရာအလွမ်းသားတလျောက်တိမ်ခြေရာအကောက်ခက်
သော်ငြား ပန်းစကားလေစကား သယ်ဆောင်သူပျားငှက်ပိတုန်းတို့ထံ၊ မှ
မတော်တဆ၊ ကြားခဲ့ရသော်၊ သက်ဆိုင်သူရေ၊
ကိုယ့်အသံများ မှတ်မိပါရဲ့လားလေ။ ။
ကိုဇော်(ကလေးမြို့)
၂၅၊၉၊၂၀၂၁။
Be the first to comment