မနက်ခင်းအတွေး

by The Call
-၂၀၂၄ ​သြဂုတ် ၂၃ သောကြာနေ့ –
◾️ မနက်ခင်းအတွေး
ခုမနက်ပိုင်းတွေမှာ နေရောင်က နွေးထွေးတောက်ပနေသည်။ ခြံထဲဆင်းလိုက်တော့ ဝင်လာသည့်လေက အေးမြမြ။ မြက်ခင်းတွေကတော့ အရင်ရက်တွေက ရွာထားသည့်မိုးကြောင့် စိုဝပ်နေသေးဆဲ။ ပျိုးထားသည့် စားပင်သီးပင်လေးတွေက အိုးခွဲအိမ်ခွဲဖြစ်ကုန်ကြပြီ။ တက်စရာကျောင်းပျောက်နေသည့် ပန်းပွင့်လေးတွေကတော့ အပင်ကိုင်းခက်တွေပေါ်ကနေ မြက်ရိုင်းခင်းလေးပေါ် တပွင့်ပြီးတပွင့် ခုန်ဆင်းချလာကြသည်။ သစ်ရွက်သေတချို့နဲ့ အတူပေါ့လေ။
စတင်ကတည်းက မှားခဲ့သည့်ကိစ္စမျိုးဆိုတာ လမ်းခုလပ်မှာလည်း ဆက်မှားနေမှာဖြစ်သလို လမ်းဆုံးမှာလည်း မှန်သွားစရာအကြောင်းမှ မရှိဘဲ။ ရည်ရွည်ချက်မှားလျှင် အလုပ်မှားသည်။ အလုပ်မှားလျှင် ရလဒ်မှားသည်။ ကျွမ်းကျင်လိမ္မာတာတွေ ပြည့်စုံတောင့်တင်းတာတွေ ဖြည့်ဆည်းဝိုင်းဝန်းတာတွေ ဘယ်လောက်ပဲရှိရှိ အဟောသိကံသာ။ အချည်းနှီးသာ။ မှားနေသောအလုပ်တခု ကိစ္စတခုအတွက် မှန်ကန်တဲ့အကူအညီလည်းမရှိ၊ စစ်မှန်တဲ့အပေါင်းအဖော်လည်းမရှိ၊ ခိုင်ခန့်ပြည့်စုံတဲ့ အကျိုးအကြောင်းတရားလည်းမရှိနိုင်တာ အထင်အရှားပင်။ ထို့ကြောင့် မှားယွင်းမှုမှာ အောင်ပွဲလည်း မရှိနိုင်ပေ။
မှားယွင်းမှုအတွက် ထွက်ပေါက်မှာ တခုတည်းပဲရှိသည်။ မှားခဲ့ပါသည်ဆိုတာကို ပြတ်ပြတ်သားသား ဝန်ချလက်ခံလိုက်ခြင်းပင်။ သေချာတာက ဘယ်လိုပင် ဇွတ်တင်းခံနေနေ ဘယ်သူမဆို နည်းနည်းလောက်လုပ်ကြည့်လိုက်လျှင် ကိုယ်မှားနေသည် မှားသွားပြီဆိုတာကို ကိုယ့်စိတ်ကသိနေခြင်းပဲဖြစ်သည်။ ထိုအသိကို ရှင်းရှင်းလင်းလင်း လက်ခံလိုက်ရမှာ တွန့်ဆုတ်နေခဲ့လျှင် အမှားတွေကို အမှန်နဲ့ဖုံးမည်ဟု ကြိုးစားလျှင်တောင်မှ ပြုခဲ့သည့်အမှားတွေက ကန့်လန့်ခံနေမည်သာ။ မှားသွားသောအမှန်သာ ရှိချင်ရှိနိုင်လိမ့်မည်။ မှန်သွားသော အမှားဆိုတာကတော့ လောကမှာမရှိ။ ဟင်းသိုးထမင်းသိုးတွေကို အသစ်တဖန်ပြန်ချက်လို့ မရနိုင်သလိုပင်။ အမှားတွေကို သွန်ပစ်လိုက်မှ၊ သန့်စင်ရှင်းလင်းထုတ်လိုက်မှ ထိုနေရာမှာ အမှန်တွေ အကောင်းအမွန်တွေ ဝင်ရောက်နေရာယူလာနိုင်မှာ မဟုတ်လား။
လှပတဲ့မနက်ခင်းတွေဆိုတာ မုန်တိုင်းပြီးတော့မှ ပြန်ရနိုင်တဲ့ မြစ်ကူးတံတားတစင်းလိုပေါ့။ အိမ်ပြန်ရောက်လာတဲ့သီချင်းတွေဆိုတာ ဒဏ်ရာတွေနဲ့တောင် လှတယ်။
◾️ ဖတ်စရာမှတ်စရာ
– ကိုဖေမောင်စိမ်းမကွယ်လွန်ခင်က အင်းစိန်ဆေးရုံမှာ သံကြိုး၊ ခြေကျင်းနဲ့ ဆေးရုံတက်ရတာလို့ ဆိုပါတယ်။
“အင်းစိန်ဆေးရုံမှာပို့တော့လည်း သူတို့ ရဲလာစောင့်တယ်၊ အလှည့်ကျလာစောင့်တယ်။ ကုတင်နဲ့ခြေထောက်နဲ့တော့ သံကြိုးတော့ ခပ်ထားတယ်ပေါ့နော်။ ခပ်ထားတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ ဗိုလ်လေးတွေရော သူ့အကြောင်းကို သိသွားတော့တဲ့အခါကျတော့ ဆုပ်ဆုပ်ပေးထားပါတယ်။ များသောအားဖြင့်တော့ သံကြိုးနဲ့ခြေကျင်းဆွဲထားတာတော့ များပါတယ်။”
– ဒါရိုက်တာဖေမောင်စိမ်း ထောင်ကလွတ်ပြီး သုံးရက်အကြာကွယ်လွန် VOA
– သြဂုတ်လ ၂၁ရက် ၂၀၂၄ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့်ပြည်သူစုစုပေါင်းမှာ (၅၅၃၄) ဦးရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၃၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
Crd; Aung Pan Monywa
– တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာ ဏကြီးနဲ့သရုပ်ဆောင် ပိုင်ဖြိုးသု တို့ကို ဂျာမဏီနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Oldeburg International Film Festival က ၂၀၂၄ ခုနှစ် အတွက်ပေးတဲ့ Honorary Tribute Award ကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Oldeburg International Film Festival မှာ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု တို့ရဲ့ What Happened to the Wolf? ဇာတ်ကားဟာ ၂၀၂၁ ခုနှစ်မှာ ရွေးချယ်ခံရပြီး သရုပ်ဆောင် ပိုင်ဖြိုးသု က သရုပ်ဆောင်ဆုအတွက် ဇကာတင်စာရင်း ဝင်ခဲ့တာဖြစ်ပါတယ်။
ဂျာမဏီနိုင်ငံ Oldeburg International Film Festival က ၂၀၂၄ ခုနှစ် အတွက်ပေးတဲ့ Honorary Tribute Award ကို ချီးမြှင့်ခြင်းခံရကြောင်း ကြေညာခဲ့ပေမယ့် ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု တို့က ကိုယ်တိုင်တက်ရောက်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု တို့ရဲ့ မီ၊ What Happened to the Wolf? ဇာတ်ကားတွေနဲ့ နိုင်ငံပျောက်သူ၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်နဲ့ Guilt ဇာတ်လမ်းတိုတွေကို Oldeburg International Film Festival မှာ ပြသသွားမှာဖြစ်တဲ့အကြောင်း ဒါရိုက်တာ ဏကြီးက အသိပေးထားတာ တွေ့ရပါတယ်။
Voice of Myanmar

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment