-၂၀၂၄ သြဂုတ် ၂၆ တနင်္လာနေ့ –
■ မနက်ခင်းအတွေး
လူသတ်တာဟာ မကောင်းဘူးဆိုတာ လူ့အခြေခံစည်းမျဉ်းပဲ။ သူ့အသက်ကိုသတ်တာ အကုသိုလ်လို့သတ်မှတ်ထားတာလည်း ဘာသာရေးရဲ့ အရေးကြီးတဲ့ တားမြစ်ချက်ပဲ။ တပြိုင်တည်းမှာ သေဒဏ်ပေးတာဟာလည်း ဥပဒေရဲ့အမြင့်ဆုံးအခွင့်အာဏာတခုပဲ။ သမိုင်းကိုပြန်ကြည့်ရင်လည်း စစ်ပွဲတွေဟာ လူ့အဖွဲ့အစည်းကြီးအတွက် ရှောင်လွှဲမရခဲ့တဲ့ နာကျင်မှုကြီးတွေပါပဲ။
ငြိမ်းချမ်းရေးအတွက် စစ်ကိုတိုက်ခဲ့ကြတယ်။ လွတ်လပ်ရေးအတွက် စစ်ကိုတိုက်ခဲ့ကြတယ်။ အကျိုးစီးပွားတွေအတွက် စစ်ကိုတိုက်ခဲ့ကြတယ်။ အခြေခံအကျဆုံးစစ်ပွဲကတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ခုခံတွန်းလှန်းတိုက်ခဲ့ကြရတဲ့ စစ်ပွဲပဲ။ ဒီလိုနဲ့ပဲ ဒီကမ္ဘာမြေပေါ်မှာ စစ်ပွဲတွေဟာ အဆက်မပြတ်ခဲ့ဘူး။ ပြန်ဆန်းစစ်လိုက်ရင်တော့ စစ်ပွဲတွေမှာ နှစ်မျိုးပဲရှိလိမ့်မယ်။ အဓိပ္ပါယ်ရှိတဲ့စစ်နဲ့ အဓိပ္ပါယ်မရှိတဲ့စစ်။ လူအများပြောလေ့ရှိခဲ့ကြတဲ့ တရားသောစစ်နဲ့ မတရားသောစစ်ဆိုပါတော့။
စစ်ပွဲတခုမှာ ကိုယ်တွေ့တကယ်ဖြတ်သန်းခံစားနေရတဲ့သူတွေရှိတယ်။ သတင်းပလင်းလေးနားစွင့်ပြီး အပြင်ကနေ စောင့်ကြည့်နေတဲ့သူတွေရှိတယ်။ ဒုက္ခချင်းမတူသလို တွေးမြင်ပုံချင်းလည်း မတူနိုင်တာ သဘာဝကျတယ်။ အဓိကကတော့ တကယ်ကြုံတွေ့ခံစားနေကြရတဲ့သူတွေအပေါ် ပိုပြီး နားလည်ပေးနိုင်ဖို့ပဲ။ အဲဒါကို စာနာနည်းလည်မှုကင်းမဲ့စွာနဲ့ အပြင်ကနေ တံဆိပ်တွေကပ် ဝေဖန်ပြစ်တင်မှုတွေလုပ် မလိုအပ်တဲ့စွက်ဖက်ပြောဆိုမှုတွေလုပ်တာဟာ တခါတလေ တရားသောစစ်ရဲ့ အဓိပ္ပါယ်ကို ဖျက်လိုဖျက်ဆီးလုပ်ရာရောက်တတ်တာ သတိထားကြဖို့ လိုပါတယ်။
ဒါ ရာသီအသစ်ပြန်စတဲ့ ဥရောပက စူပါဆန်းဒေးဘောလုံးပွဲတွေမဟုတ်ဘူး။ သူ့ဘဝ ကိုယ့်ဘဝတွေ အကုန်လုံးပစ်ထည့်ထားရတဲ့ ရှုံးလို့မရတဲ့တိုက်ပွဲတခုဖြစ်တယ်။ ကိုယ်ရပ်လိုက်ရုံနဲ့ ပြီးသွားမှာလည်းမဟုတ်ဘူး။ ကိုယ်အဝေးကိုထွက်သွားရုံနဲ့လည်း ရှောင်လို့မလွတ်နိုင်ဘူး။ ကိုယ်ဘယ်နေရာမှမပါဘဲ ဘေးကထိုင်နေရင်တောင် ကိုယ်နဲ့ တည့်တည့်ကြီးပတ်သက်နေတယ်ဆိုတာ ငြင်းလို့မရနိုင်ဘူး။ ဘယ်လောက် တောက်ပလန်းဆန်းတဲ့ မနက်ခင်းတခုမှာ အိပ်ယာကနိုးထရပါစေ ဒီအမှောင်ထုကြီးက ကိုယ့်အိပ်ယာထဲမှာ ကိုယ့်အိပ်ခန်းထဲမှာ ကိုယ့်တနေ့တာလုံးမှာ ကိုယ့်အပေါ် အုပ်မိုးနေမှာပဲလေ။ ခြံထောင့်မှာ အခုမနက်မှပွင့်တဲ့ နှင်းဆီပန်းလေးတောင် ညှာတံငိုက်ကျလို့ ချစ်ရသလောက် မလှနိုင်တာ ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ။
အခုအချိန်မှာ ဘယ်ပန်းကိုပဲမွှေးမွှေး ဒီစစ်ကြီးပြီးရင်ရနံ့ပဲရတယ်။
■ ဖတ်စရာမှတ်စရာ
ဒီအင်္ကျီက မတူပီမြို့သိမ်း -ိုက်ပွဲမှာ
စကစ -ပ်ရင်းစခန်းတွေကို
ချင်းညီနောင်-ပ်ဖွဲ့များက
သိမ်းစဉ်က ရလာတဲ့အင်္ကျီတွေထဲက တထည်ပါ၊
အမျိုးသမီးရဲမေတွေဝတ်တဲ့အင်္ကျီထင်ပါတယ်
ဒီအင်္ကျီကို ကျွန်တော့်ရဲ့ မောင်လေးတွေရဲဘော်တချို့က ဆရာမအတွက်ဆိုပြီး လာပေးကြလို့
ယူတော့ထားဖြစ်ပါတယ်၊
ဒါပေမဲ့ ကျွန်တော်မဝတ်ဖြစ်ပါ
ဓာတ်ပုံတော့တခါရိုက်ဖြစ်ပါတယ်၊
ဒီအင်္ကျီကို မြင်တဲ့အခါတိုင်း
ကျွန်တော် စိတ်မကောင်းပါ၊
ဘာဖြစ်လို့လဲဆိုတော့
မတူပီမြို့ကနေစွန့်ခွါပြေးကြတဲ့
စကစ-ပ်ဖွဲ့ဝင်တွေရဲ့ ကလေးငယ်တွေ
အယောက် ၇၀ နီးပါးးမှာ
၁၀ ယောက်ကျော်သာ အသက်ရှင်ကျန်ရစ်ပါတယ်၊
ကျန်တဲ့ကလေးငယ်တွေဟာ ဆုတ်ပြေးရတဲ့တောနက်ကြီးထဲမှာ အစာရေစာငတ်ပြတ်ပြီး – ဆုံးကုန်ကြလို့ပါ
(တကိုယ်တည်းအတ္တနဲ့ ဆုတ်ဖို့ အမိန့်ပေးတဲ့ခေါင်းဆောင်ဆိုသူကိုလည်း အံ့ဩရပါတယ်) ၊
ကျွန်တော်တို့ဟာ ခေါင်ကိုဖြိုချင်တဲ့အခါ
ဒေါက်တွေကို မလွှဲမရှောင်သာဖြိုရပါတယ်၊
ဒေါက်တွေကိုဖြိုရတာကိုလည်း
ကျွန်တော်အပါအဝင်
လူငယ်များက မပျော်ပါ၊
ဒေါက်တွေကိုဖြိုရစဉ်မှာ မြေစာပင်တွေ ပါသွားတဲ့အခါ
ကျွန်တော်တို့က ပိုလို့ နာကျင်ရပါတယ်၊
လက်နက်ချကြပါ
ကလေးငယ်တွေအတွက် တွေးပေးပါ။
(မတူပီမြို့က အင်္ကျီလေးတထည်၊ အေးငြိမ်းသူ)
Aye Nyein Thu
“ဒါမျိုးမင်းတို့အားလုံးဖြစ်နေတာ။ စစ်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ငယ်ရွယ်နုနယ်တဲ့ မင်းတို့တွေ အားလုံးပဲ။ မင်းတို့တွေ အားလုံးဟာ ပျောက်ဆုံးနေတဲ့မျိုးဆက်ပဲ (lost generation) ပဲ။ မင်းဟာ ဘာကိုမှ မလေးစားတော့ဘူး။ ခုလည်းကြည့်အရက်ကို သေအောင် သောက်နေတယ်။
ဒီစကားကို ဂါးထရုစတိုင်းက ဟဲမင်းဝေးကို ပြောခဲ့တာ။ ဂါးထရုစတိုင်းဆိုတာ စာပေအနုပညာမှာ တော်တော်ဩဇာကြီးတဲ့အဖွားကြီး။ ကျနော်တို့ဆီက လူထု ဒေါ်အမာလိုပဲ။ စာရေးဆရာ ကဗျာဆရာ ပန်းချီဆရာတွေအားလုံး သူ့ကို သွား ဂါရတယ်ပေါ့။ ထင်ရာလုပ်တဲ့ အနုပညာရှင်တွေ အဖွားကြီးရှေ့ရောက်ရင် သိမ်မွေ့သွားကြရော။
အဖွားကြီးက ဟဲမင်းဝေးနဲ့ ပီကာဆိုနှစ်ယောက်ကို ချစ်ရှာတယ်။ ကမ္ဘာစစ်မှာ သူချစ်တဲ့ စာရေးဆရာတွေ၊ အနုပညာရှင်တွေ စစ်မှု ထမ်းရတယ်။ စစ်တိုက်ရတယ်။ ဂါးထရုစတိုင်း ရင်ထဲ မချိဘူး။ စစ်ပြီးလို့ ပြန်လာတော့ ဟဲမင်းဝေးက အရက်ကို အလွန်အကျွံသောက်နေတယ်။ ပထမကမ္ဘာစစ်ကို တိုက်ရင်း မသေဘဲ ကျန်ခဲ့တဲ့ ဟဲမင်းဝေးတို့လို လူငယ်တွေဟာ သူတို့ရဲ့ အချိန်တွေကိုသာလျင် ပေးလိုက်ရတာ မဟုတ်ဘူး။ သူတို့ရဲ့ အကောင်းမြင်စိတ်တွေ၊ ရွှင်လန်းတတ်ကြွမှုတွေကိုပါ ပေးလိုက်ရတယ်လို့ ဆိုလိုချင်တာ။ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေနဲ့ ကျန်ခဲ့ရတာကို ဆိုလိုချင်တာ။
Min Khet Ye
Be the first to comment