မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၂၇ အင်္ဂါနေ့ –
■ မနက်ခင်းအတွေး
ခရီးသွားရတာ ကောင်းတယ်။ စိတ်ကိုလန်းဆန်းစေတယ်။ အလုပ်မှာ အိမ်မှာ ယုတ်လျော့ကျဆင်းနေတဲ့စိတ်ခွန်အားတွေကို ပြန်လည်ဖြည့်တင်းပေးတယ်။ ချစ်သူလင်မယားတွေဆိုလည်း ချစ်ခင်ကြင်နာမှုတွေ ပိုပြီးစိမ်းလန်းစိုပြေလာစေတယ်။ အတွေ့အကြုံသစ်တွေ အတွေးအမြင်သစ်တွေလည်း ရလာနိုင်တယ်ပေါ့လေ။ ဒါကြောင့် တချို့က ခရီးသွားရတာကို နှစ်သက်စွဲလန်းနေတတ်ကြတယ်။ လေးစားရတဲ့ စာရေးဆရာကြီးတဦးဆို နှစ်တိုင်းခရီးထွက်တယ်။ ပြန်လာတိုင်းလည်း ခရီးသွားဆောင်းပါးရှည်ကြီးတွေကို ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ ရေးလေ့ရှိတယ်။ ဆရာ့ဆောင်းပါးကိုဖတ်ရင်း ငါလည်း အသက်ကြီးရင် အဲဒီလို ပုံမှန်ခရီးထွက်နိုင်အောင် ကြိုးစားမယ်လို့ အားကျစိတ်ကူးဖူးခဲ့ပါတယ်။
နိုင်ငံရေးမုန်တိုင်းထဲလည်းရောက်ရော သွားလိုက်ရတဲ့ခရီးတွေ အိမ်ကိုမပြန်နိုင်တော့ဘူး။ ဒါပေမဲ့ စိတ်ကူးထဲက အပန်းဖြေခရီးမျိုးတွေတော့ မဟုတ်ဘူးပေါ့။ နေ့ခင်းတောတိုးအိပ် ညဘက်မှရှေ့ကခြေသံနောက် အပြေးလိုက်ရတဲ့ခရီးတွေ၊ ကုန်ကားခေါင်မိုးပေါ်မှာ ပက်လက်လိုက်သွားရတဲ့ခရီးတွေ၊ ဘုရားဖူးလိုလိုနဲ့ ကားရှေ့ခန်းကနေ အတည်ပေါက်ရုပ်ဖမ်းပြီး ရင်တထိတ်ထိတ်နဲ့ ဇွတ်တိုးခဲ့ရတဲ့ခရီးတွေ။ ပတ်ဝန်းကျင်အလှအပတွေလည်း မခံစားနိုင်။ ဒါပေမဲ့ လူတွေရဲ့ အရိပ်အကဲနဲ့ မျက်နှာတွေကိုတော့ တချက်မှမလွတ်အောင် ဖတ်ရှုခဲ့ရတာပေါ့။ နည်းနည်းလေးလွဲသွားတာနဲ့ ခရီးလမ်းကြောင်းက ခေါက်ချိုးပြောင်းသွားနိုင်တယ်မဟုတ်လား။
အခုတော့ အဲဒီလှပပြီး ရှုမောမဆုံးတဲ့တိုင်းပြည်ကြီးရဲ့ အရှေ့အနောက်တောင်မြောက် အလယ်ထက်အောက်မချန် တော်လှန်စစ်မီးတွေတောက်လောင်လို့။ အကြမ်းဖက်စစ်ဝါဒကို ဒီမြေပေါ်က အပြီးအပိုင်ပပျောက်သွားအောင် သံဓိဌာန်ချထားတဲ့ ပြည်သူတရပ်လုံးရဲ့ လွတ်မြောက်ရေး ခရီးလမ်းကြီးကို ဘယ်သူမှ ပိတ်ပင်တားဆီးလို့မရတော့ဘူး။
သိန်းဖေမြင့်ရဲ့ အရှေ့မြောက်တိုင်းတခွင်တို့၊ မြသန်းတင့်ရဲ့ လွမ်းမောဖွယ်ကမ္ဘောဇရဲ့ နှင်းယွန်းဟေမန်ရက်များ တို့ကြောင့် ခရီးသွားစာပေကို စွဲလန်းနှစ်ခြိုက်ခဲ့ရတယ်။ ဒီစစ်ပွဲကြီးပြီးတဲ့အခါ ကိုယ့်ဆန္ဒအရ ပေါင်းစည်းထားတဲ့၊ လုံးဝလွတ်လပ်တဲ့နယ်မြေဒေသများ အကျိုးတူ အတူရပ်တည်ကြမယ့် ဖက်ဒရယ်လမ်းမကြီးတွေပေါ်မှာ ခရီးတွေ အပြန်အလှန်သွားကြမယ်။ ဒေသပေါင်းစုံက လူပေါင်းစုံရဲ့ ခရီးသွားအတွေ့အကြုံတွေကို အပြန်အလှန်မျှဝေကြမယ်။ ခရီးသွားစာပေတွေကတဆင့် အမြင်တွေအတွေးတွေ ချစ်ခြင်းမေတ္တာတွေ ပိုမိုကျယ်ပြန့်နက်ရှိုင်းလာစေရမယ်။ အားလုံးအတူလျှောက်ခဲ့ကြတဲ့ တော်လှန်ရေးခရီးဆိုတာကြီးကလည်း ကြမ်းတမ်းခက်ခဲသလောက် ရသစုံရောပြွမ်းနေတဲ့ ရှုခင်းပန်းချီကားချပ်ကြီးတခုပဲမဟုတ်လား။
ဘဝအားလုံး အသစ်ကပြန်စကြမယ်ဆိုတာ ဘယ်လောက်ရင်ခုန်စရာကောင်းသလဲ။
■ ဖတ်စရာမှတ်စရာ
၂၅ ၀၈ ၂၄ ည (၇)နာရီက The River, Our Ayeyarwaddy (Documentary Film) ဆိုတဲ့ မှတ်တမ်းရုပ်ရှင်လေးပြပါတယ်။ မကြာခင်က ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ဖေမောင်စိမ်းရဲ့ လက်ရာပါ။
လွမ်းဆွတ်သတိရစွာ ကြည့်လိုက်ရပါတယ်။ အတိတ်မြင်ကွင်းတွေ တဖြတ်ဖြတ်ခုန်လို့။ လှေသံ လှိုင်းသံ နားထဲပြန်ညံလာလို့။
ကျွန်တော်တို့ ဧရာဝတီမြစ်ကြီးရဲ့ ကျောပေါ်ကနေ စုန်ဆင်းခဲ့ကြဖူးတယ်။
ကိုဖေမောင်စိမ်း အဲဒီဖလင်ရိုက်ယူနေတဲ့ မှတ်တမ်း(ရုပ်သေ)တစ်ချို့ ကျွန်တော်ကောက်ယူခဲ့ဖူးတယ်။
ခုကြည့်နေရတဲ့ မှတ်တမ်းကလည်း သူအပြီးသတ်တည်းဖြတ်ပြီးကာစ ဟိုးအရင်ကတည်းက ကျွန်တော့်ကို လက်ဆောင်ပေးခဲ့ဖူးတာပဲ။
နားထဲမှာ သုံးတောင်.. လေးတောင်.. ငါးတောင်ဆိုတဲ့ ရေစူးအနက်တိုင်းအော်သံတွေ အဲဒီတုန်းကအတိုင်းလိုလို နားနဲ့ဆတ်ဆတ်ပြန်ကြား လာရမိတယ်။
ကိုညိုရဲ့ ကဗျာရွတ်သံတွေ အတိုင်းသား။ ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)ရဲ့ စေတနာတွေ အတိုင်းသား ဒီမှာ ကြားရပြန်ပေါ့။
ဒီခရီးမှာ ပါဝင်ခဲ့သူတစ်ချို့ ခု မရှိတော့ဘူး။ တစ်ချို့ နာမကျန်းစွာ အိပ်ရာထက်မှာ။ တချို့ တိုင်းစွန်နယ်ဖျားရောက်။ တစ်ချို့ တိုင်းတပါးမှာ။ တစ်ချို့ တိမ်မြုပ်ပျောက်ကွယ်။
အဲဒီခရီးစဉ်တုန်းက မှတ်တမ်းရိုက်ယူခဲ့သူတွေထဲက လွန်ခဲ့ပြီဖြစ်သူတချို့ကို ဖေါ်ပြလိုက်ပါတယ်။
ဧရာဝတီကျောပေါ်မှာ ကျွန်တော်မြင်ခဲ့ရတဲ့ သူတို့ ရုပ်ပုံလွှာပါ။
ခုသူတို့မရှိတော့ဘူး။
သူတို့ ချချန်ရစ်ခဲ့တဲ့ အားထုတ်မှုတွေ၊ ချစ်ခြင်းတရားတွေ၊ နှလုံးသားတွေ ဟောဒီမြေမှာ ခြေရာနက်နက် ထင်းကျန်ရစ်ခဲ့တယ်။
ဒီမှတ်တမ်းရုပ်ရှင်လေးထဲမှာ ဒီအချက်တွေကို ထင်းထင်းကြီးမြင်တွေ့ကြရပါလိမ့်မယ်။
ရဲဘော်ကြီးများ ငြိမ်းချမ်းစွာ နားနေရင်း ဧရာဝတီလွမ်းချင်းကို ကြားနေနိုင်ကြပါစေ။
(ငအအ)
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*