-၂၀၂၄ သြဂုတ် ၂၈ ဗုဒ္ဓဟူးနေ့ –
■ မနက်ခင်းအတွေး
မနက်ခင်းဆိုပေမဲ့ လေထုချင်းက မတူ။ မြို့ပြအနံ့အသက်နှင့် ကျေးလက်လတ်ဆတ်မှုက အိပ်ရာကနိုးလာသူတဦးကို စိတ်ခံစားမှုတွေ ကွဲပြားစေသည်။ တနေ့တာအတွက် စောင့်ကြိုနေသည့် ဘဝရဲ့စိန်ခေါ်ချက်တွေကလည်း ကွာခြားသည်။ အားလုံးကို ခဏတာလွှတ်ချပြီး လာခဲ့သူတဦးမှာတောင် ချန်ထားခဲ့လို့မရသည့် စိတ်ရဲ့ တိုလီမုတ်စတွေက တနင့်တပိုးမဟုတ်တောင် အနည်းနဲ့အများတော့ ယူဆောင်လာခဲ့ရသေးသည်ဟု ဆိုရမည်။
ကန့်လန့်ကာတွေအကုန်ချထားသည့် ပြတင်းပေါက်ကနေ အသာလှပ်ကြည့်တော့လည်း အပြင်မှာ ပြတင်းပေါက်တွေကိုပဲ ထပ်တွေ့ရသည်။ ခေါင်မိုးစွန်းမှာ အသာဝပ်နေမည့် ကြောင်တကောင်ကိုတောင်မှ မတွေ့ရ။ သစ်ရွက်ကြွေတွေ၊ ငှက်အုပ်လိုက်တွေကတော့ ဝေလာဝေး။ ပြတင်းဘောင်ထဲမှာ အပြင်ကရှုခင်းတွေက ပန်းချီကားတချပ်လို ရောင်စုံစပ်ထားသည့် အမြင်လတ်ဆတ်မှုမျိုးကို အခုမှ ပြန်လွမ်းသွားမိသည်။ ကွန်ကရစ်တောကြီးထဲမှာ လမ်းပျောက်နေရသည့် ကျီးကန်းတကောင်။
တခါက လိမ့်နေသည့်ကားဘီးတွေပေါ်မှာ ကီလိုပေါင်းများစွာ လိုက်ပါခဲ့ဘူးသည်။ အရှေ့အနောက် တောင်မြောက် လမ်းမလမ်းငယ် အသွယ်သွယ်ကိုဖြတ်ရင်း၊ ဧရာဝတီ စစ်တောင်းမှသည် မဲခေါင် ကျောက်ဖုရားအထိ။ ဘယ်နေရာပဲရောက် ဟောဒီကမ္ဘာမြေကြီးကတော့ ချစ်စရာကောင်းမြဲဟု ခံစားခဲ့ရသည်။ အဝေးပြေးကားဂိတ်တခုရဲ့ လူသူရှင်းလင်းတဲ့ခုံတန်းလေးတွေကြားထဲမှာ အိပ်ခဲ့ရတဲ့ညတွေ။ ကိုယ့်အနားမှာ အပူအပင်ကင်းစွာနဲ့ စိတ်ချလက်ချအိပ်နေတဲ့ လမ်းဘေးခွေးလေးတွေ။ ခရီးဝေးကနေ လေဘရိတ်သံတရှုးရှုးပေးပြီး ဂိတ်ထဲထိုးဝင်လာတဲ့ အမြန်ဘက်စကားကြီးတွေ။
ဘယ်ရောက်ခဲ့လဲဆိုရင်တော့ အဖြေက ရေရေရာရာမရှိ။ ခရီးမိုင်တိုင်တွေကလည်း ဟိုးခပ်ဝေးဝေးမှာကျန်ခဲ့ပါပြီ။ အခုအထိ ခရီးဆက်သွားနိုင်နေတာကတော့ ကျေနပ်စရာပဲမဟုတ်လား။ အသံသာတဲ့ ရွက်ကြွေတွေနဲ့ စမ်းချောင်းကလေးတခုဘေးကနေ စက်တပ်လှေလေးတွေ အသံကုန်ဟစ်ပြီးပြေးနေတဲ့ ရေးဆိုးမြောင်းရဲ့ လူကူးတံတားလေးတခုပေါ်အထိ ဆိုပါတော့။ မိုးမျှော်တိုက်တွေ ထိုးထိုးထောင်ထောင်နှင့် တစိမ်းဆန်တဲ့မြို့ကြီးကို မဝံ့မရဲ ပြုံးကြည့်ရင်း တိုးတိုးလေးနှုတ်ခွန်းဆက်မိသည်။ အဆင်မပြေမှုတခုနဲ့ စပြီးဆီးကြိုခဲ့သည့်တိုင်အောင်ပေါ့။ လွမ်းပြီးကျန်ခဲ့အောင် ချစ်လိုက်ကြပါစို့ လို့လေ။
■ ဖတ်စရာမှတ်စရာ
မေး။ ဆရာ ဒီတခါ စစ်တပ်က အာဏာထပ်သိမ်းရင် တိုင်းပြည် ပျက်သွားနိုင်သလားဆရာ ….
ဖြေ။ အားမနာတမ်းဖြေရရင်တော့…
” တိုင်းပြည်က ပျက်သွားရုံတင်မကဘူး၊ အထိမ်းအကြောင်းမကောင်းရင် တိုင်းပြည်တောင် ပျောက်သွားနိုင်တဲ့ကိန်း ” ဆိုက်ရောက်သွားလိမ့်မယ်လို့ ဆရာကတော့ ဒီလိုဘဲ သုံးသပ်ပါရစေ။
ဘာဖြစ်လို့လည်းဆိုတော့ တိုင်းပြည်က အခြားကမ္ဘာ့နိုင်ငံတွေ၊ အိမ်နီးခြင်းနိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်ရင် သိပ်နာနေပြီ၊ သိပ်နောက်ကျကျန်နေခဲ့ပြီ။ ဒါ့ကြောင့် လူထုရဲ့တုန့်ပြန်မှုက ဒီတခါတော့ သိပ်ပြင်းထန်လာနိုင်တယ်။
ဒါ့ကြောင့်တိုင်းပြည်ရဲ့ ဦးဆောင်နေရာမှာယူထားကြတဲ့ ခေါင်းဆောင်တွေ ဉာဏ်ပညာကြီးမားဘို့ သိပ်အရေးကြီးတယ်လို့ ဆရာကမြင်ပါတယ်။
(ဦးကိုနီ)
■ ကဗျာ
“ဖောင်တော်ဦး”
====
=====
သတိရခြင်းက
စင်ယော်ငှက်ကလေးလို
မသိမသာ မြည်ကြွေးတယ်။
အတူတကွ ရှိမနေရကောင်းလား။
ခြေနဲ့ လှော်တဲ့ လှေကလေးတွေရေ
ဘယ်မှာလဲ
လွမ်းစိတ်မှာ ခရုထွေလာ ဆန်းဆဲ
လွမ်းစိတ်မှာ ရေပတ်လည် ဝိုင်းဆဲ
ဦးထုတ်တစ်လုံးရဲ့ နေ့နဲ့ ညဟာ
မိုးရွာတယ် လပြည့်တယ်။
အဖြစ်အပျက်တိုင်း ကွင်းအောင်ဖန်လို့
သူ့ ထံပါး
သွားသောအရိပ်မှာ ခြေထောက်မရှိ
ကိုယ့်နှလုံးသားကို မီးစာတပ် ယမ်းချိတ်
တံခွန်တိုင်ခြေမှ စတင်ပူဇော်လျှင်
ဇာတ်လမ်းက အဆုံးသတ်ပြီလား။
(ခင်ဇော်မြင့်)
မြားနတ်မောင် မဂ္ဂဇင်း
၂၀၀၁။
Be the first to comment