-၂၀၂၄ စက်တင်ဘာ ၂ တနင်္လာနေ့ –
■ မနက်ခင်းအတွေး
ခုလိုအချိန်ကာလမျိုးမှာ ကိုယ်ချစ်ခင်ရသူတွေနဲ့ ပြန်ပြီး ဆုံတွေ့ခွင့်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်ဟာ ဖော်ပြဖို့ အင်မတန်ခက်ခဲတဲ့ ခံစားချက်တမျိုးပါပဲ။ ပြန်ဆုံတွေ့ဖို့ မရေရာလှတဲ့ ကာလမျိုးမှာ ဆုံတွေ့ခွင့် ရခဲ့တာကြောင့်လည်း ဖြစ်မယ်ထင်ပါရဲ့။
ဆုံတွေ့ပြီးတဲ့နောက် ခွဲကြရတော့လည်း ဆုံတွေ့ချိန်ကလိုပဲ ဖော်ပြဖို့ခက်ခဲတဲ့ ခံစားချက်မျိုး ထပ်ရပြန် တာပါပဲ။ ဒီခံစားချက်ကတော့ ဆုံတွေ့ချိန်က ရတဲ့ခံစားချက်ထက် ပိုလို့တောင် ဆိုးရွားမယ် ထင်မိတယ်။
ဒါပေမယ့် တဆက်ထဲမှာ အတွေးဝင်တာကတော့ ဘယ်အချိန် ပြန်ဆုံတွေ့ရမယ်မှန်း မရေရာ မသေချာ သူတွေ ဒုနဲ့ဒေးရှိနေသလို ဘယ်တော့မှ ပြန်ဆုံတွေ့ခွင့် မရတော့တဲ့သူတွေလည်း ဒုနဲ့ဒေး ရှိနေတယ် ဆိုတာပါပဲ။
ချစ်ခင်သူတွေ အတူဆုံတွေ့ခွင့် ရနေတဲ့အခါ အဲဒါကိုပဲ ထာဝရမြဲမယ်လို့ အထင်ရောက်ပြီး အသေးအဖွဲ အဆင်မပြေမှုလေးတွေကို အကြီးကြီးလုပ်တတ်ကြ၊ တယောက်ပေါ်တယောက် အမျက်ဒေါသ ထွက်ကြ စသည် ဖြစ်တတ်ကြပါတယ်။ တကယ်တမ်းကျ အတူဆုံတွေ့ခွင့်ဆိုတာ သေချာပေါက် အပိုင်တွက်ထားလို့ရတဲ့ အခြေအနေတခု ဟုတ်မနေပါဘူး။
အတူရှိခွင့် ဆုံတွေ့ခွင့် ရနေချိန်များ အဖိုးအနဂ္ဂ ထိုက်တန်နိုင်ကြပါစေ။
■ ဖတ်စရာ မှတ်စရာ
ဂျပန်ခေတ်ကျမှ သခင်တင်မောင်နှင့် ရင်းနှီးစွာ နေခဲ့ဖူးပေသည်။ အစကမူ ရေကျော်၌ တို့ဗမာ အစည်းအရုံး ဌာနချုပ်သို့ ကျွန်တော့်ကို အမြဲခေါ်၏။ သို့သော် သူနှင့် မတွဲဖြစ်။
ထိုအခါက သခင်တင်မောင်မှာ ရဲဘော် နိုင်ငံရေးအာဏာရှိသူများ၏ ဝိုင်းပယ်ခြင်းခံရသည်။ ဝိုင်းပယ်ထားသည် ဆိုသည်မှာ လုံးလုံးလျားလျား ပေါင်းသင်းဆက်ဆံရေးအားဖြင့် ပစ်ပယ် ဖယ်ရှောင်ခြင်းကားမဟုတ်။
သခင်တင်မောင်၏ နိုင်ငံရေးအယူအဆများသည် ခေတ်မမီတော့။ ‘အ’ သည်။ နိုင်ငံရေးတွင် ‘သုံး၍မရ’ ဟု ဤနိုင်ငံရေးရပ်ကွက်က သဘောထားခဲ့ကြ၏။ သို့ဖြစ်၍ သခင်တင်မောင်သည် အရေးမပါတော့။
စင်စစ် သခင်တင်မောင်မှာ ရိုးလွန်းသည်။ (အသည်) ကိုယ့်နာမည် ထင်ပေါ်အောင် ဝင့်ဝါမှု၊ ကြော်ငြာမှု မလုပ်တတ် (ခေတ်မမီ) အလိုက်သင့် ညာဝါးကာ မဖြန်းတတ် (သုံး၍မရ)။
၁၉၄၀ ခုနှစ်က သခင်တင်မောင်သည် တို့ဗမာ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရ၏။ ဒုတိယဥက္ကဋ္ဌမှာ သခင်မြ ထင်၏။ သူ ဥက္ကဋ္ဌ ဖြစ်သည့်နှစ်က “ထွက်ရပ်ဂိုဏ်းကြီး ကွယ်ပျောက်ပြီ” ဟု တို့ဗမာ အစည်းအရုံး ညီလာခံက ကြွေးကြော်ခဲ့၏။
ထိုမျှမကသေး “ဂျပန်ဖက်ဆစ်များကို ဆန့်ကျင်ရမည်၊ ဖက်ဆစ်နယ်ချဲ့မှု ရောက်လာလျှင် တွန်းလှန်ရမည်” ဟု ဂျပန်ဖက်ဆစ် ဆန့်ကျင်ရေးကို ကြေညာလိုက်သည်။ (ထိုအချိန်တွင် သခင်အောင်ဆန်းမှာ အမွိုင်တွင် သောင်တင်နေသည်)
ထိုအခါက တို့ဗမာ အစည်းအရုံး၊ ကျောင်းသားသမဂ္ဂတို့သည် အမျိုးသားအစည်းအရုံးကြီး ဖြစ်မြောက်ရေးအတွက် စိုင်းပြင်းနေသောအခါဖြစ်၏။ နောက်ဆုံး ဒေါက်တာဗမော်နှင့် ပေါင်းကာ ထွက်ရပ်ဂိုဏ်းကြီး ထောင်ကြ၏။ ထောင်ရင်း ဂျပန်နှင့် လျှို့ဝှက်ကာ ဆက်သွယ်ရေးကို ပြုနေကြသော ဂျပန်ပြည်သို့ စစ်ပညာ သင်ကြားရေးများကို စီစဥ်နေကြသောအခါဖြစ်၏။
သခင်တင်မောင်က တို့ဗမာ အစည်းအရုံး ဥက္ကဋ္ဌ ကုလားထိုင်မှနေ၍ “ဗမာ့ထွက်ရပ်ဂိုဏ်းကြီး ကွယ်ပျောက်ပြီ ဖက်ဆစ်ဂျပန်ကို တိုက်ရမည်” ဟု ရဲရဲရင့်ရင့် ကြွေးကြော်လိုက်သောအခါ နိုင်ငံရေးနယ်ပယ်တွင် လှုပ်ရှားသွားခဲ့၏။ နိုင်ငံခြားဆက်သွယ်ရေး စီစဥ်နေကြသော မြေအောင်း နိင်ငံရေးသမားများသည် မျက်လုံးပြူးသွားကြတော့၏။ ဗမာ့ထွက်ရပ်ဂိုဏ်း အလံကို လွှင့်ထူ၍ မြေအောက်တွင် ဂျပန်ဆက်သွယ်ရေး၊ ပုန်ကန်ထကြွရေးကို စီစဥ်နေသောသူများသည် လန့်သွားခဲ့ကြ၏။
ဗဟိုအမှုဆောင် သခင်လှဖေ (ယခု ဗိုလ်လကျ်ာ) လည်း အမှုဆောင်အဖွဲ့မှ ထွက်လိုက်ရ၏။ တို့ဗမာ အစည်းအရုံး နိုင်ငံရေးရပ်ကွက်တွင် အတော် လှိုင်းဂယက် ထကြွခဲ့၏။
သခင်တင်မောင်မှာ ဒေါက်တာဘမော်နင့် ပူးပေါင်းရေး၊ ဂျပန်နှင့် လက်တွဲရေးများကို ကြိုက်သူမဟုတ်။ ထိုကစ၍ သခင်တင်မောင်မှာ ဝိုင်းပယ်ခြင်း ခံရသည်ဟု ထင်၏။
သခင်တင်မောင်သည် ဂျပန် တက်စကတည်းကပင် ကျွန်တော်နှင့်တွေ့တိုင်း ဂျပန်ဆန့်ကျင်ရေး၊ ဒေါက်တာဘမော်၏ ဖက်ဆစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးများကို ပြောလေ့ရှိသည်။
(ဆရာကြီး ဒဂုန်တာရာ ရာပြည့်နှစ် အမှတ်တရ ဂုဏ်ပြုအစီအစဥ်အဖြစ် ၂၀၁၉ ခုနှစ် မေလတွင် စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်ဝေသည့် “တာရာ” အထူးထုတ်မဂ္ဂဇင်းတွင် ပြန်လည်ဖော်ပြခဲ့သော ဆရာကြီးဒဂုန်တာရာ၏ “လူကိုလေ့လာခြင်း (သခင်တင်မောင်)” ဆောင်းပါးမှ။)
Be the first to comment