-၂၀၂၄ စက်တင်ဘာ ၃ အင်္ဂါနေ့ –
■ မနက်ခင်းအတွေး
ဗမာစကားမှာ ဆွေးနွေးတာနဲ့ ငြင်းခုန်တာကိုတွဲပြီး ‘ဆွေးနွေးငြင်းခုန်’ လို့ သုံးတတ်ကြပါတယ်။ တကယ်ကတော့ ဒီ စကားလုံးနှစ်ခုဟာ အနှစ်သာရ အတန်ကွာခြားပါတယ်။
Cambridge အဘိဓာန်က ဆွေးနွေး (discussion) ကို အခုလို အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ “အကြောင်းအရာတရပ်နှင့် စပ်လျဥ်း၍ လူများ ပြောဆိုကြပြီး သူတို့၏ စိတ်ကူးများ သို့မဟုတ် ထင်မြင်ယူဆချက်များကို အပြန်အလှန် ပြောဆိုကြခြင်း။”
ငြင်းခုန် (arugement) တာကိုတော့ အခုလို အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ “သဘောထား ကွဲပြားခြင်း သို့မဟုတ် သဘောထားကွဲပြားသည့်ဖြစ်စဥ်။” Oxford အဘိဓာန်ရဲ့ ဖွင့်ဆိုချက်မှာဆိုရင် “ဒေါသတကြီးဖြင့်” လို့တောင် ပါပါတယ်။
အကြောင်းအရာတရပ်အပေါ် အပြန်အလှန် ဆွေးနွေးကြတာဟာ ကောင်းမွန်တဲ့ ယဥ်ကျေးမှုတခုပါ။ ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး အကျိုးရှိတဲ့ အဖြေတစုံတရာ ထွက်လာရင် ပိုပြီးတောင် ကောင်းမွန်ပါသေးတယ်။ ငြင်းခုန်တယ် ဆိုတာသည်လည်း ရည်ရွယ်ချက်ကောင်း၊ အပြုအမူကောင်းနဲ့ ဆိုရင် ကောင်းမွန်တဲ့ကိစ္စပါပဲ။ ဒါပေမယ့် တဘက်နဲ့တဘက် အနိုင်ရယူလိုဇောနဲ့ အော်ဟစ် ငြင်းခုန်တာ မျိုးကတော့ ဘယ်သူ့အတွက်မှ အကျိုးမဖြစ်ထွန်းပါဘူး။
ဒါ့အပြင် ငြင်းခုန်ကြရင်းနဲ့ အရှိန်တက်သထက်တက်ပြီး မပြောအပ်တဲ့စကားတွေ၊ တဘက်ကိုတဘက် ထိခိုက်နစ်နာစေမယ့် စကားတွေ၊ အပြန်အလှန် အနိုင်လုပြောရင်း နင့်နင့်သည်းသည်း ပြောမိတာတွေ၊ ဒေါသတကြီး အော်ဟစ်တာတွေ၊ အဆုံးမှာ ဘာမဟုတ်တဲ့ အကြောင်းအရာလေးနဲ့ တယောက်နဲ့ တယောက် မပြောနိုင်မဆိုနိင်၊ တယောက်မျက်နှာတယောက် မကြည့်နိုင် စသည်အားဖြင့် အချည်းနှီး အကျိုးမဲ့ အဆုံးသတ်သွားတတ်ကြပါတယ်။
အကျိုးရှိစေမယ့် ဆွေးနွေး ပြောဆိုခြင်းနဲ့ လူ့ဘောင်လောက သာယာဝပြောရေး အထောက်အကူ ပြုနိုင်ကြပါစေ။
■ ဖတ်စရာ မှတ်စရာ
… အချို့သော အရေးတကြီး အခြေအနေမျိုးတွေမှာ တိုင်းပြည်ဟာ ဝါးအစည်းပြေသလို ဖရိုဖရဲဖြစ်နေတတ်တယ်။ ဒီအချိန်မှာ ခေါင်းဆောင်ကို ဘယ်သူကမှ ခန့်အပ်လို့ ရတာမျိုးမဟုတ်ဘူး။ အဲဒီအချိန်မှာ ခေါင်းဆောင်ဟာ သူ့ဘာသာသူ ပေါ်လာတတ်တယ်။ သာမန်လူတယောက်ဖြစ်ပြီး မြင်းတပ်သား အချို့လောက်ကိုသာ ကွပ်ကဲခဲ့ရတဲ့ ကရွမ်းဝဲလ်ကို ဘယ်သူကများ ခေါင်းဆောင်ဆိုပြီး ရွေးကောက်တင်ခဲ့လို့လဲ။ ဘယ်သူကမှ ရွေးကောက်ခဲ့တာ မဟုတ်ပါဘူး။ တော်လှန်ရေးကြီးဟာ ဘိုနာပတ်ကို စစ်ဗိုလ်ချုပ်ကြီးတဦးဖြစ်အောင် လုပ်ပေးခဲ့တယ်။ ဘိုနာပတ်ဟာ သူ့ကိုယ်သူ ပြင်သစ်လူမျိုးရဲ့ ခေါင်းဆောင်ဖြစ်အောင် လုပ်ခဲ့တယ်။ ကိုယ့်ကိုယ်ကို ခေါင်းဆောင်နေရာကိုရောက်အောင် လုပ်ယူရတဲ့လူမှာ ခေါင်းဆောင်မှုအတွက် လိုအပ်တဲ့ အရည်အချင်းတွေရှိတယ်။ တကယ်လို့သာ ဒီလို အရည်အချင်းတွေ မရှိရင် ဘယ့်နှယ်လုပ်ပြီး အာဏာရနိုင်ပါ့မလဲ။ အဲဒီမှာ ခက်တာက သူ့ရဲ့ အရည်အချင်းတွေဟာ ပါတီတခုအတွက်လား၊ လူမျိုးတမျိုးလုံးအတွက်လား၊ သူ့ရဲ့ ခေါင်းဆောင်အရည်အချင်းဟာ ပါတီခေါင်းဆောင်ရဲ့ အရည်အချင်းမျိုးလား၊ အမျိုးသားခေါင်းဆောင်ရဲ့ အရည်အချင်းမျိုးလား ဆိုတာကို ခွဲခြားရှာဖွေရတဲ့ ကိစ္စကတော့ နည်းနည်းခက်တယ်။
ကိုယ့်ကိုယ်ကို ခန့်အပ်လိုက်တဲ့ ခေါင်းဆောင်တယောက် အာဏာရလာပြီဆိုတာနဲ့ သူမရှိရင် ဘယ်သူဆက်ခံမလဲဆိုတဲ့ အခက်အခဲ ပြဿနာ ပေါ်လာပြီ။ ကရွမ်းဝဲလ်ရဲ့သားဟာ ဘယ်မှာ တိုင်းပြည်ကို ကြာကြာ အုပ်စိုးနိုင်ခဲ့လို့လဲ၊ ဘိုနာပတ်ရဲ့သားဆိုရင်လည်း တရပ်တကျေး၊ တကျွန်းတမြေမှာ သွားသေခဲ့ရတယ်။ လီနင်ကို ဆက်ခံသူဆိုရင်လည်း အရင်တုန်းက လုပ်ခဲ့သမျှတွေကို မုန်းပြီး ရှေ့ကလုပ်ခဲ့သမျှ အားလုံးကို ပြန်ဖျက်ပစ်ခဲ့တယ်။
ပြဿနာက တခြားမဟုတ်ဘူး။ ခေါင်းဆောင်တယောက် ရွေးချယ်ရတယ်ဆိုတာဟာ ဘယ်တော့မှ စိတ်ကျေနပ်လောက်အောင် ပြေလည်သွားတဲ့ ပြဿနာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ။ အရာအားလုံးဟာ အတိတ်အခြေအနေများနဲ့ လူမျိုးရဲ့ အနာဂတ်မျှော်မှန်းချက်တွေပေါ်မှာ တည်နေတယ်။ ဒါပေမယ့် ရွေးကောက်ခံရလို့ပဲဖြစ်စေ၊ ခန့်အပ်ခြင်းခံရလို့ပဲဖြစ်စေ၊ မျိုးရိုး တန်ခိုးအာဏာ အရှိန်အဝါတွေကြောင့်ပဲဖြစ်စေ ခေါင်းဆောင်ဖြစ်လာတဲ့ လူတယောက်ဟာ ခေါင်းဆောင်မှုအတွက် လိုအပ်တဲ့ အရည်အချင်းတွေတော့ ရှိဖို့လိုတယ်။ အဲဒီ ခေါင်းဆောင်မှု အရည်အချင်းတွေမရှိရင် ခေါင်းဆောင်ဟာ ကြာရှည်ခံမှာမဟုတ်ဘူး။
(Andre Maurois ၏ The Art Of Living ကို ဆရာမြသန်းတင့် ဘာသာပြန်သည့် “ဘဝနေနည်း အနုပညာ” မှ)
Be the first to comment