-၂၀၂၄ စက်တင်ဘာ ၄ ဗုဒ္ဓဟူးနေ့ –
■ မနက်ခင်းအတွေး
နေရာထိုင်ခင်း တနေရာကနေ တနေရာ ပြောင်းရွှေ့ရတာ အတော့်ကို အချိန်ပေးရပြီး အတော် အလုပ်ရှုပ်လှတဲ့ ကိစ္စတခုပါပဲ။ နေရာတနေရာမှာ တနှစ် နေလိုက်တယ်ဆိုရင် အဲဒီတနှစ်လုံး ကိုယ်သုံးခဲ့တဲ့ပစ္စည်းက နည်းနည်း၊ မသုံးဖြစ်ခဲ့တဲ့ပစ္စည်းက များများဆိုတာ ကိုယ်လိုပဲ မကြာခန ပြောင်းရွှေ့ဖူးသူတိုင်း သဘောတူနိုင်မယ်ထင်ပါတယ်။ အဲဒါကြောင့်လည်း ဒီကနေ့ ခေတ်ကာလမှာ Minimalism ဆိုတဲ့ အယူအဆ ပေါ်လာတာ ထင်ပါရဲ့။
တခါ နေရာသစ်ကို ရောက်ပြန်တော့လည်း ရွှေ့လာတဲ့ ပစ္စည်းပစ္စယတွေကို နေရာသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေရာချရပြန်တယ်။ အဲဒီအလုပ်ကလည်း အချိန်မပေးနိုင်ရင် မပေးနိုင်သလို လနဲ့ချီ ကြာတတ်ပြန်တယ်။ နေရာတွေဆိုတာက တနေရာနဲ့တနေရာ ထပ်တူကျနေတာမှ မဟုတ်တာလေ။
အဲဒီအကြောင်း တွေးရင်းနဲ့ The Call မှာ ဖော်ပြခဲ့ဖူးတဲ့ မြားအိမ်ရဲ့ “ဒို့အိမ်ဒို့ဘဝ မပြိုစေချင်ရင် စနစ်ကိုဖြိုရမယ်” ဆိုတဲ့ ကဗျာထဲက အပိုဒ်တပိုဒ်ကို သတိရလာတယ်။
ဘယ်လိုပဲဖြစ်ဖြစ်
ငှက်လို
ကိုယ့်အတောင်ပံကလွဲလို့ သယ်စရာ ဘာမှမရှိဘဲ
ငါးလို
ကိုယ့်အမြီးနဲ့ရေယက်ကလွဲလို့ ယူစရာ ဘာမှမလိုဘဲ
အဲ့ဒီလိုအသာလေး
ဖုတ်ဖက်ခါ ထထွက်သွားလို့ရရင်ကောင်းမယ်။
ကဗျာဆရာ ရေးဖွဲ့ချက်က ဟုတ်ပ … ခက်တာက လူဟာ ငှက်တို့ ငါးတို့ ဟုတ်မနေတာပါဘဲ။ သက်ရှိတွေထဲမှာ အဆင့်အမြင့်ဆုံးသတ္တဝါ ဆိုတော့လည်း သူ့ရဲ့ လိုအပ်ချက်က ငှက်၊ ငါး စတဲ့ တိရစ္ဆာန်တွေရဲ့ လိုအပ်ချက်နဲ့ လားလားမှ သက်ဆိုင်မနေဘူးမလား။
အော် … အိုးနဲ့ အိမ်နဲ့ အမိုးနဲ့ အကာနဲ့ နေခွင့်ရနေသေးတာကပဲ ကိုယ့်တိုင်းကိုယ့်ပြည်က အိုးအိမ်စွန့်ခွာ ပြေးနေရတဲ့ လူသန်းပေါင်းများစွာထက် အပုံကြီး သာနေသေးတာပဲလို့ အတွေးဝင်တော့ ပြောင်းရွှေ့ရလို့ စိတ်ပင်ပန်း လူပင်ပန်းဖြစ် ညစ်ညူးရတာတွေကို ညည်းမိတာတောင် ကိုယ့်လိပ်ပြာ ကိုယ်မလုံ ဖြစ်မိပါရဲ့။
လူသားအားလုံး လုံခြုံတဲ့ အမိုးအကာအောက် စိတ်လက်အေးချမ်းစွာ နေထိုင် ရှင်သန်ခွင့် ရကြပါစေ။
■ ဖတ်စရာ မှတ်စရာ
“ခရီးရှည် ချီတက်ပွဲ”
၁၉၃၄ ခု၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၉၃၅ ခု၊ ဇန်နဝါရီလအထိဖြစ်သော ခရီးရှည် ချီတက်ပွဲ ပထမအဆင့်တွင် တပ်နီတော်သည် တပ်သားအများအပြား ဆုံးရှုံးခဲ့ရသည်။ လီတေ့၏စိတ်ကူးမှာ ပထမစစ်မျက်နှာ တပ်မတော်ကို ဟို့လုန်ကွပ်ကဲသည့် ဒုတိယစစ်မျက်နှာ တပ်မတော်နှင့် ပေါင်းရန် ဖြစ်သည်။ လီတေ့နားလည်သည့် စစ်သိပ္ပံပညာသည် အဖြောင့်ချီတက်သည့် စစ်ပရိယာယ်ဖြစ်သည်။ လီတေ့သည် အခြေခံစခန်းနှင့် ဟို့လုံ၏စခန်းကို မျဥ်းဖြောင့်ဆွဲသည်။ ထိုမျဥ်းဖြောင့်အတိုင်း တပ်များ ကိုချီတက်ရန် အမိန့်ထုတ်သည်။ သို့ရာတွင် မြေပုံမရှိ။ မော် စုထားသည့် မြေပုံအချို့သာရှိသည်။ မြေပုံ၌ လီတော့ ချီတက်လိုသည့် မျဥ်းဖြောင့်အတိုင်းသွားလျှင် လမ်းမရှိ။ တိုက်ပွဲများ တိုက်ခဲ့ရခြင်း၊ အစာငတ် ခြင်း၊ ဆားမရှိခြင်း စသည့်ကြားထဲက တပ်နီတော်သည် ရန်သူ ဝိုင်းပတ်ထားသော ယီချင်းစခန်းကို ဖောက်ထွက်ရသည်။ လမ်းတွင် ကူမင်တန် တပ်ရင်းကြီး ၁၀၀ နှင့် တိုက်ပွဲကြီး ကိုးပွဲ တိုက်ခဲ့ရသည်။ တပ်သား နှစ်သောင်းခွဲ ကျဆုံးခဲ့ရသည်။
အစီအစဥ်အရ ညတွင်သာ ချီတက်၍ နေ့တွင် တပ်နားကြသည်။ သို့ရာတွင် ဂျာမန်များမောင်းသည့် ကူမင်တန် လေယာဥ်ပျံများက လေကြောင်းမှ တိုက်ခိုက်ကြသဖြင့် ကောင်းကောင်း မနားရ။ ဤတွင် ညရောနေ့ပါ လေးနာရီနား၍ လေးနာရီ ချီတက်ရန် အမိန့်ထုတ်သည်။ သို့ရာတွင် နားချိန်မရ။
“နေ့တိုင်း တိုက်ပွဲချည်း တိုက်နေရတယ်၊ ရန်သူအင်အားက သိပ်များလွန်းတော့ ကျနော်တို့တတွေ တပ်နီတော်သီချင်းကိုဆိုပြီး ရဲဆေးတင်ကြတယ်၊ လမ်းလျှောက်ရင်း အိပ်ကြရတယ်၊ အိပ်ရင်း လမ်းလျှောက်ကြရတယ်၊ အဲဒီတုန်းက ကျနော်တို့အားလုံးရဲ့ အာသီသကတော့ အိပ်ရေးဝဝ အိပ်ဖို့ပဲ၊ ဒါပေမယ့် မအိပ်နိုင်ဘူး၊ အိပ်ချိန် မရဘူး၊ ကျန်းမာသူတွေက မကျန်းမာသူတွေကို တွဲခေါ် ချီပိုးလာခဲ့ ရတယ်၊ တပ်နှင့် ကွဲ မကျန်ရစ်ခဲ့ချင်ဘူး၊ ဒါကြောင့် တယောက်ကိုတယောက် ကြိုးတွေနှင့်တွဲပြီး ဆွဲခေါ်လာခဲ့ကြရတယ်” ဟု ခရီးရှည်ချီတက်ပွဲ တပ်သားဟောင်းကြီးများက ပြောပြကြသည်။
မျဥ်းတံတချောင်းလို အဖြောင့်ချီလာသည့် တပ်နီတော်သည် ဆီယန်မြစ် အရှေ့ဘက်ကမ်းသို့ ရောက်သည်။ အမိန့်အရ ဤမြစ်ကိုဖြတ်၍ ဟူနန်နယ်ထဲသို့ ဝင်သည်။ ထိုမှ အနောက်မြောက်ဘက်သို့ ချိုးကာ ဟို့လုန်၏ ဒုတိယစစ်မျက်နှာ တပ်မတော်နှင့် ပေါင်းရန်ဖြစ်သည်။ သို့ရာတွင် ရှေ့၌ ကူမင်တန် စစ်တပ်ကြီးက ဆီးပိတ်ထားသည်။ တပ်နီတော်သည် မြစ်ကို ဖြတ်ကူးနိုင်ရန်အတွက် စစ်ကြောင်း နှစ်ကြောင်းကိုဖြန့်ကာ အလယ်တွင် ‘လမ်းကြား’ တခု ဖွင့်ပေးသည်။ ဤ ‘လမ်းကြား’ မှနေ၍ ရိက္ခာ ပို့သူများ၊ ကလေးများ၊ အမျိုးသမီးများ၊ ဆေးတပ်ဖွဲ့များကို ဖြတ်ကူးစေသည်။ ရန်သူက တရကြမ်း ဖိပစ်နေသည့်ကြားထဲက ဖြတ်ကူးရခြင်းဖြစ်သဖြင့် အများအပြား ဒဏ်ရာရကြသည်။ သို့ရာတွင် သယ်စရာထမ်းစဥ် လုံလုံလောက်လောက်မရှိ။ ဒဏ်ရာရသူများကို အစုလိုက်အပြုံလိုက် ပစ်ထားခဲ့ရ သည်။ ဒဏ်ရာပြင်းလျှင် မအော်မိစေရန်၊ မညည်းမိစေရန် ကိုယ့်ပါးစပ်ကိုယ် အဝတ်ဖြင့် စို့ကြရသည်။ ကေဒါအများအပြားလည်း တပ်သားများနှင့် အတူတိုက်ရင်း ကျဆုံးခဲ့ကြရသည်။
မော်သည် ဒဏ်ရာရသူများကို လိုက်ကြည့်၍ အားပေးသည်။ သို့ရာတွင် သူလည်း ဘာမျှ မတတ်နိုင်။ သူ့တွင်ရှိသည့် ကုတ်အင်္ကျီလေးတထည်ဖြင့် ဒဏ်ရာရ တပ်သားတယောက်ကို ခြုံပေးခဲ့ရုံမျှသာ တတ်နိုင်သည်။
(Han Suyin ၏ The Morning Deluge: Maw Tsetung And The Chinese Revolution ကို ဆရာမြသန်းတင့် ဘာသာပြန်သည့် “ဒီရေမြင့်သစ် သို့မဟုတ် မော်စီတုန်းနှင့် တရုတ်တော်လှန်ရေးမှ” )
Be the first to comment