-၂၀၂၄ စက်တင်ဘာ ၅ ကြာသပတေးနေ့ –
■ မနက်ခင်းအတွေး
ဒီဘက်ကမ်းမှာလည်း အခန်းတွေ မီးပိတ်ပြီး စောစောအိပ်ကြရတယ်။ ဟိုဘက်ကမ်းမှာလည်း လက်နက်ကြီးသံတွေ တညလုံးကြားနေရတယ်။ ပြေးစရာ မြေမှရှိသေးရဲ့လားလို့ အားငယ်တတ်တဲ့သူတွေကလည်း တွေးနေကြမှာပဲ။ အဖြေမမှန်တဲ့အခါ ပုစ္ဆာတပုဒ်ထဲကိုပဲ အခါခါပြန်တွက်ကြရသလိုပေါ့။ ပြည်သူနာမှာစိုးတယ်ဆိုတဲ့ စကားတခွန်းနဲ့ ကိုယ့်တာဝန်ကိုယ်မကြေခဲ့ကြသူတွေ ရှက်ကြဖို့ကောင်းတယ်။
တန်းစီဆိုလည်း စီလိုက်ကြတာပဲ။ စာအုပ်နဲ့မှ ဆီပေးမယ်ဆန်ပေးမယ်ဆိုတော့လည်း စာအုပ်ကလေးတွေ ပြေးလုပ်ကြရတာပဲ။ ကိုယ့်ရင်သွေးကို ကိုယ့်အိမ်ပေါ်က လာဆွဲထုတ်တာတောင် ဘာမှမတတ်နိုင်ကြတဲ့ဘဝတွေ။ တော်လှန်ရေးဟာ လူထုထောက်ခံမှုနဲ့ ရှင်သန်နေတယ်ဆိုရင် အဲဒီလူထုရဲ့စိတ်ဓာတ်ကို ကျိုးကြေပိပြားသွားအောင် ဖိနှိပ်နင်းခြေပစ်ရမယ်ဆိုတဲ့ သင်ရိုးအတိုင်း ဖက်ဆစ်တပ်ကတော့ သူလုပ်စရာရှိတာ လုပ်တာပဲ။ သူ့မှာ တခြားနည်းလည်း မရှိတော့ဘူးလေ။ တကယ်ဖြစ်လာရင် ဘယ်အစိုးရတက်တက်ဆိုတဲ့လူတွေလည်း ပြေးကြလွှားကြရတာပဲမဟုတ်လား။
တိုင်းပြည်တခုမှာ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စတခုအတွက် စစ်ခင်းကြပြီဆိုရင် သေနတ်ပေါက်တဲ့နေရာမှာပဲ စစ်တိုက်နေကြတာမဟုတ်ဘူး။ ငါတို့မြို့ ငါတို့ရွာကတော့ လွတ်ပါသေးတယ်ဆိုတာ မရှိဘူး။ မြို့ပေါ်မှာ မနေ့ညက လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့လူငယ်လေးဟာ နောက်တနေ့ကျ သူမသိတဲ့ရှေ့တန်းတနေရာမှာ ကတုတ်ကျင်းထဲ ခေါင်းမဖော်ရဲဘဲ ရောက်ချင်ရောက်သွားတတ်တာမျိုး။ စစ်ရဲ့ဝန်ထုပ်ဝန်ပိုးတွေအားလုံးက လူတယောက်ချင်းရဲ့ခေါင်းပေါ်မှာဆိုတာ သဘောပေါက်ကြရမယ်။
စစ်ပွဲတခုမှာ အရေးအကြီးဆုံးက စစ်နောက်တန်းပဲလို့ တော်လှန်စစ်ခေါင်းဆောင်တဦးက ပြောဖူးတယ်။ တကယ့်စစ်နောက်တန်းဆိုတာ လက်နက်စက်ရုံတွေ၊ အနိုင်ကျင့်လုယက်ထားတဲ့အရင်းအမြစ်တွေ၊ မတန်တဆပေးပြီး မှီခိုနေရတဲ့မဟာမိတ်တွေကို ဆိုလိုတာမဟုတ်ဘူး။ ဒီနေ့အထိ နေရာဒေသအသီးသီးမှာ ဒုက္ခပေါင်းစုံကို ခါးစည်းခံနေကြရတဲ့ ပြည်သူတွေသာဖြစ်ပါတယ်။ ဒီစစ်ကြီးကို ဒီပြည်သူတွေကပဲ အဆုံးသတ်ပေးပါလိမ့်မယ်။
■ ဖတ်စရာမှတ်စရာ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်မည့် သတ္တိနှင့်ပွင့်လန်း ချစ်သောပန်းများ ရုပ်ရှင်ပြပွဲမှ ရရှိသည့် ငွေအားလုံးကို ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များအတွက် ကူညီမည်ဟု Artists’ Shelter ကအသိပေးထားသည်။
“ဒီရုပ်ရှင်ပြပွဲက ရရှိမယ့် လက်မှတ်ရောင်းရငွေအားလုံးနဲ့ အလှူခံရရှိငွေ အားလုံးဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ ရွက်ဖျဉ်တဲ၊ စားသောက်ကုန်တွေအပြင် စိုက်ပျိုးဖို့သီးနှံမျိုးစေ့တွေကိုပါ ထောက်ကူနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု Artists’ Shelter က ကြေညာထားသည်။
သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ပြပွဲကို အခြားနိုင်ငံများတွင်လည်း ပြုလုပ်ခဲ့ပြီး ချင်းမိုင်မြို့ Payap University ၌ စက်တင်ဘာ ၆ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
ရုပ်ရှင်ပြပွဲတွင် Guilt, The Unknown Infinity, ငါတို့မှာငါတို့ပဲရှိတယ်နှင့် အတူတကွ စသည့် ဇာတ်လမ်းတိုရုပ်ရှင်လေးကားကို ပြသပေးမည်ဖြစ်သည်။
လက်မှတ်ဝယ်ယူလိုသူများအနေဖြင့် Do One Thing Facebook Page နှင့် ၎င်းတို့၏ ကိုယ်စားလှယ်များထံမှ ဝယ်ယူနိုင်မည်ဖြစ်ပြီး ကြိုတင်လက်မှတ်ကို ဘတ် ၂၀၀ ၊ပွဲနေ့၌ ဝယ်ယူပါက ဘတ် ၂၅၀ ဟု ရုပ်ရှင်ပိုစတာတွင် ကြေညာထားသည်။
ယင်းပွဲတွင် ရုပ်ရှင်လေးကားကိုကြည့်ရှုရုံသာမဟုတ်ဘဲ အနုပညာရှင်များနှင့်ဆွေးနွေးမည့်အစီအစဉ် အပါအဝင် ဖျော်ဖြေရေးအစီအစဉ်များလည်းပါဝင်မည်ဖြစ်ပြီး Artists’ Shelter ၏ Merchandise များကိုပါရောင်းချပေးမည်ဟု အသိပေးထားသည်။
People’s Spring
“Power of Powerless”
လူတစ်ယောက်က လူတစ်ယောက်ကို ဘာလုပ်ပါလို့ ခိုင်းလို့မရသလို ဘာဖြစ်အောင်လုပ်ပေးမယ်လို့လဲ လုပ်လို့မရပါဘူး။ အဲ့ဒါကြောင့် သားကို ဘယ်တုံးကမှ ဘာလုပ်ပါလို့မတိုက်တွန်းခဲ့ဘူး။ မိဘက ဘာတွေလုပ်နေတယ်ဆိုတာပဲ ပြပေးခဲ့တယ်။ power of powerless ဆိုတဲ့ပြခန်းကို သားကြည့်သင်တယ်ထင်လို့ လိုက်ပို့ပေးခဲ့တယ်။
ပထမဆုံးအကြိမ် သားနဲ့အပြင်ထွက်တဲ့နေ့ပါပဲ။ မျက်စေ့ဆေးခန်းလဲပြရင်း တစ်လက်စထဲပို့ပေးခဲ့တာ။
တစ်ရက်ဆို ဆိုသလောက်ပါပဲ။ အထင်ကရ နေရာနှစ်ခုကို ဝင်ဖမ်းတယ်ဆိုတဲ့အဖြစ်အပျက်က ဆိုးပါတယ်။
နေ့တိုင်းလိုလို ဖမ်းနေတာအားမရလို့ အိမ်ထဲဆိုင်ထဲထိ
ရောက်လာခဲ့ကြပြီ။
ဘယ်အချိန်ကိုယ့်အလှည့်ရောက်လာမလဲဆိုတဲ့စိတ်တွေနဲ့ ကျီးလန့်စာစားပါပဲ။
ထားပါတော့လေ။ ပြခန်းအကြောင်းပဲဆက်ပါအုံးမယ်။
AAPP ဆိုတာက ကိုယ်တွေနဲ့ မစိမ်းသော အဖွဲ့အစည်းတစ်ခုပါပဲ။ မပတ်သက်ဖြစ်ဖူးဆိုပေမဲ့
AAPP ရုံးဆိုတာကိုတော့ ရောက်ဖူးချင်ခဲ့တယ်။
ပြခန်းရဲ့ presentation က အဖွင့်ထဲက စိတ်လှုပ်ရှားစရာပါပဲ။ ပြခန်းထဲရောက်ဖို့ ထောင်ထဲကို ဝင်ရတဲ့တံခါးပုံစံနဲ့ စပါတယ်။ အထဲမှာတော့ ခေတ်အဆက်ဆက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ လှုပ်ရှားမှု့သမိုင်းတွေရှိပါတယ်။ 62.74.မှသည် နွေဦးတော်လှန်ရေးထိ မှတ်တမ်းဓါတ်ပုံတွေ ရှိပါတယ်။ ခန်းမရဲ့အလည်မှာတော့ အင်းစိန်ထောင်ရဲ့ ပုံတူ ပုံစံငယ်ရှိပါတယ်။
ပြခန်းရဲ့တာဝန်ရှိသူကတော့ ဒီထောင်ပုံစံငယ်က ထောင်မကျဖူးတဲ့သူတွေကြည့်ဖို့ပေါ့လို့တောင် ပြောပါသေးတယ်။ ကျမက ဓါတ်ပုံရိုက်တဲ့အခါ သားကမကြိုက်ဘူး။ ဓါတ်ပုံဘာလို့ရိုက်မှာလဲတဲ့ ဖုန်းထဲမှာအဲ့ဒီပုံတွေရှိနေတော့ ဘာထူးခြားသွားမှာမို့လဲတဲ့။ ဒါက ဖုန်းထဲထည့်ထားရမှာ မဟုတ်ဘူး နှလုံးသားနဲ့ခံစားရမှာတဲ့။ အဲ့ဒီအတိုင်းပြောပါတယ်။ ကျမလိုချင်တာလဲအဲ့ဒါပါပဲ။ သားကို ဘာမှ တိုက်တွန်းခဲ့တာမရှိပါဘူး။
ရောက်ဖူးချင်ခဲ့တဲ့ AAPP ရုံးခန်းကို ပထမဆုံးရောက်ခဲ့တဲ့အချိန်မှာတောင် အလွဲပေါင်းများစွာနဲ့ပါ။ ပြခန်းထဲကအထွက် ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ကလေး ထိုးမယ်လို့ ဘောပင်ကိုင်ရုံရှိသေး
စီးလာတဲ့ကားက ဗွက်နစ်နေလို့ ကားဆီပြေးရ တွန်းရဆွဲရနဲ့ နောက်ဆုံးလမ်းပေါ်ရောက်တော့ ရုံးထဲပြန်မဝင်ဖြစ်တော့ပဲ ပြန်ခဲ့ကြရတယ်။
ဒီနေ့အဖမ်းအဆီးရဲ့ ဂယက်က ကြီးတော့ အပြင်ထွက်ဖို့ဆိုတာ တော်တော်မလွယ်တော့ပါဘူး။
အိမ်နီးချင်းတိုင်းပြည်ဆိုတာကတော့ အိမ်နီးချင်းပီပီသသပါပဲလေ။
တိုင်းပြည်ဟာ နှစ်ပေါင်းများစွာ အာဏာရှင်လက်အောက်မှာနေနေရသ၍တော့ နိုင်ငံရေးအကျဉ်းသားတွေက ရှိနေကြရ ကူညီနေကြရအုံးမှာ။
AAPP ကလည်း အလုပ်တွေရှုပ်ရအုံးမှာ။
တစ်နေ့နေ့မှာတော့ AAPP အလုပ်မလုပ်ရတော့တဲ့နေ့ဆိုတာများ မျော်လင့်လို့ရနိုင်လား မသိတော့ပါဘူး။
(ငွေကြယ်စင်)
Be the first to comment