မနက်ခင်းအတွေး

by The Call

“The Call ရဲ့ မနက်စာ”
-၂၀၂၄ ​ဇူလိုင် ၁၀ ​ဗုဒ္ဓဟူးနေ့ –
■ မနက်ခင်းအတွေး
လူတယောက်က အခြားတယောက်ကို ပျော်စေချင်တာ မကောင်းဘူးလား။ ပျော်ရွှင်မှုဆိုတာ လူတယောက်ရဲ့ အနိမ့်ဆုံးလိုအပ်ချက် မဟုတ်ဘူးလား။ ဘဝရဲ့ အနက်အဓိပ္ပါယ်တခုလို့ ပြောမယ်ဆိုရင်တောင် လွန်အံ့မထင်။ အားလုံးကိုပျော်စေချင်တာ ကိုယ့်အားနည်းချက် ဆိုတဲ့ သီချင်းကလေးတောင် လူကြိုက်များခဲ့ဖူးတာပဲ။ ကလေးတွေအသွားချင်ဆုံးကလည်း ပျော်စရာကမ္ဘာ ဟက်ပီးဝေါပဲပေါ့လေ။
ဒါပေမဲ့ ပြန်ပေးဆွဲခံထားရသလို၊ အကျဉ်းချခံထားရသလို ဖိနှိပ်သူရဲ့အရိပ်မည်းကြီးအောက်မှာ ပျော်ရွှင်ရတဲ့အရသာဟာ ဘယ်လိုလဲ။ သေကာနီး မော်ဖိန်းထိုးတာကို အသက်ကယ်ဆေးလို့ လူတွေက ပြောကြတယ်။ တကယ်က သက်သက်သာသာ သေစေတဲ့ဆေးပဲ မဟုတ်လား။ နာကျင်စရာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သက်သာရာရှာတာဟာ၊ အတိဒုက္ခတွေထဲမှာ ပျော်ဖို့ကြိုးစားတာဟာ လွတ်မြောက်မှုကို လက်လျော့လိုက်တာပဲ မဟုတ်လား။ စစ်မှန်ပြီး ကိုယ်နဲ့ ထိုက်တန်တဲ့အရာကို အဆုံးရှုံးခံလိုက်တာပဲမဟုတ်လား။
ဘယ်သူမဆို ပျော်ရွှင်ပါစေလို့ ကိုယ့်ချစ်ခင်သူတဦးကို အားရပါးရကြီး ပြောလိုက်ချင်ကြတာပေါ့။ ဒါပေမဲ့ အရာရာမှားယွင်းနေတဲ့ အခြေအနေကြီးထဲမှာ ပျော်ရွှင်ပါစေလို့ ပြောရမှာ အပြစ်မကင်းသလိုခံစားကြရပြန်တယ်။ တကယ်က အားလုံးကို ပျော်စေချင်တာပါ။ အဲဒီအတွက် ပေးဆပ်နေကြရ။ ရုန်းကန်နေကြရ။ ခံနိုင်ရည်နဲ့ အားတင်းနေထားကြရ။ တဦးကိုတဦး တတ်နိုင်သမျှ ဖေးမပြီးနေရ။
တကယ်က ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်ချင်တယ်ဆိုတာ ဖုံးကွယ်ထားစရာကိစ္စမှ မဟုတ်တာ။ သို့ပေမဲ့ လူတွေကို မပျော်နိုင်အောင် လူတိုင်းရဲ့ပျော်ရွှင်ခွင့်ကို ဆုံးရှုံးပျက်စီးအောင် လုပ်ပစ်ခဲ့တဲ့သူတွေရှေ့မှာ ခင်ဗျား ဘယ်လိုလုပ်ပျော်မလဲ။ ခင်ဗျားမျက်စေ့ရှေ့ကို တဖြည်းဖြည်းကျလာတဲ့ မျှားချိတ်ရဲ့ထိပ်မှာ ပျော်ရွှင်မှုဟာ လက်လက်ထပြနေတယ်။ အဲဒါကို ပျော်ပျော်ပါးပါး အားရပါးရဟပ်လိုက်တာနဲ့ ခင်ဗျားရဲ့ပျော်ရွှင်မှုတွေအားလုံးဟာ အဲဒီမှာ ဇာတ်သိမ်းသွားမှာပဲ။ စစ်မှန်တဲ့ပျော်ရွှင်မှုမှာ တန်ဖိုးတခုရှိပြီး ထိုက်ထိုက်တန်တန်ပေးဖို့လည်း တောင်းဆိုတတ်တယ်။ ဘယ်သူမှမဖျက်ဆီးနိုင်တဲ့ ပျော်ရွှင်မှုဆိုတာ သူများက ပေးကမ်းထားတာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် ရင်းနှီးရယူရတဲ့အရာသာ ဖြစ်ပါတယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment