-၂၀၂၄ စက်တင်ဘာ ၆ သောကြာနေ့ –
■ မနက်ခင်းအတွေး
လက်ရေးလေးတွေက ရှက်သွေးဖြာနေလေရဲ့။ အခုအချိန်မှာ ကိုယ့်လက်ရေးလေး ကိုယ်ပြန်မြင်လိုက်ရတာ လွမ်းစရာကောင်းလိုက်တာ။
ကျောက်သင်ပုန်းတို့ လေးကြောင်းမျဉ်းလက်ရေးလှစာအုပ်တို့၊ ဒီကမှ တရုတ်ကွန်ပါဘူး၊ ယုဖင်မှာ အပေါက်ချည်းနဲ့လို့ အော်အော်ပြီးနောက်ပြောင်ခဲ့ကြတဲ့ ဖောင်တိန်ကိုင်တဲ့အသက်အရွယ်ရလာ။ စာရေးစားပွဲပေါ် ပစ်ပေါက်ပြီးစိုက်လို့ဆော့လို့ရတဲ့ နစ်ချွန်ချွန်နဲ့ ပိုင်းလော့ဖောင်တိန်။ ကဗျာလေး မတောက်တခေါက်ရေးလာတော့ မင်ဆို အနက်မှ၊ ပလီကင်မှ။
လက်ရေးလှအောင် ကိုယ်အကြိုက်ဆုံးသူငယ်ချင်းရဲ့လက်ရေးနဲ့တူအောင် ကျင့်ရတာလည်းတမော။ တထပ်တည်းမဟုတ်တောင် သူငယ်ချင်းတွေကြား လက်ရေးဆင်တူခဲ့ကြတာ။ ကဗျာတွေ လွယ်အိတ်ထဲထည့် မြို့ထဲလှည့်ပြီး မဂ္ဂဇင်းတိုက်တွေ တတိုက်ဝင်တတိုက်ထွက်နဲ့ စာမူပို့ခဲ့ကြတာ။ မပါဖြစ်တဲ့စာမူတွေ၊ မပို့ဖြစ်တဲ့စာမူတွေနဲ့ လက်ရေးစာရွက်ခေါက်တွေ အိမ်အနှံ့ အခန်းအနှံ့ပြန့်ကြဲနေရတာကို ဘဝလို့မြတ်နိုးခဲ့မိတဲ့အချိန်တွေပေါ့။
အဲဒီတုန်းက ဆရာကြီးတချို့ လက်နှိပ်စက်နဲ့ အချိန်မှန်စာရေးတာကိုကြားတော့ အားကျခဲ့မိ။ အရာရှိတွေကိုင်တဲ့ သားရေလက်ဆွဲအိတ်ကြီးထဲ စာမူတွေ ပုံတွေထည့်ပြီး လက်ဖက်ရည်ဆိုင်မှာ သက်တူရွယ်တူတွေစုထိုင်ပြီး ပေါက်ကရပြောတတ်တဲ့ ကဗျာလူဆိုးကြီးတွေ ကာတွန်းလူရွတ်ကြီးတွေကိုကြည့်ရင်း အသက်ကြီးရင် သူတို့လိုဘဝမျိုးများ ရပါ့မလားလို့ ပူပန်ခဲ့မိတာ မှတ်မိနေသေးတယ်။
နောက်တော့ ကွန်ပြူတာနဲ့အကြောင်းပါပြီး စာကို လက်နဲ့မရေးဖြစ်တော့တာ ဆယ်စုနှစ်နဲ့ချီခဲ့။ တခါတရံရေးဖြစ်ရင်လည်း လက်ရေးကမမှန်တော့။ လှသည်ဟု ခံစားမရတော့။ လက်ရေးကြည့်တာနဲ့ ကဗျာဆရာမှန်းသိသာတယ်ဟု တစုံတယောက်ကို နောက်သလိုပြောရင်တော့ ရင်ကခုန်တတ်နေသေးသည်။ ဘာပဲဖြစ်ဖြစ် ပျက်စီးပြီး အကျည်းတန်သည်ဟု ထင်သည့်တိုင် ဒီလက်ရေးထဲမှာ အတိတ်တွေ၊ တခါကအိပ်မက်ရနံ့တွေ၊ ပြန်မရနိုင်တဲ့ငယ်ဘဝတွေ၊ ရင်ခုန်မောဟိုက်မှုတွေ အခုတိုင် စွဲဝင်နေဆဲဟုတော့ ယုံကြည်မိသည်။
ရေးသည့်စာက ဘယ်လောက်ပဲ ရင့်ကျက်လေးနက်နေပါစေ စာရွက်အပိုင်းကလေးတခုအပေါ်မှာ ကိုယ့်လက်နဲ့ချရေးလိုက်တဲ့အခါ ငယ်မူငယ်သွေးလေးတွေ ပြန်လည်စိုကြွလာသလို ရင်ခုန်နွေးထွေးစွာ ခံစားလိုက်ရသည်။ ကီးဘုတ်သံတဂျောက်ဂျောက်ကို ညည်းငွေ့လာတဲ့အခါ၊ ကွန်ပြူတာဖောင့်စာလုံးတွေမှာ ပျောက်ဆုံးသွားတဲ့ရင်ခုန်သံတွေ အစအနရှာမရတဲ့အခါ ကိုယ့်လက်ချောင်းကလေးတွေကို စာရေးစားပွဲပေါ်ဖြန့်တင်ပြီး အကြာကြီးငေးကြည့်နေမိသည်။
နှလုံးသားကတဆင့် စီးဆင်းလာတဲ့သွေးတွေက လက်ဖျားလေးတွေကို ပူနွေးလှုပ်ခုန်စေလိုက်တဲ့အခါ လက်ရေးစာလုံးကလေးတွေမှာလည်း ဝှက်ထားတဲ့အဓိပ္ပါယ်နဲ့၊ ဖော်ထားတဲ့ မိုးကုပ်စက်ဝိုင်းနဲ့။
■ မနက်ခင်းစကား
“ရခိုင်ဘက်မှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေက အများကြီး ရှိတာကိုး။ အဲ့ထဲမှာ ဝါဒဖြန့်နေတာတွေလည်း အများကြီးပေါ့။ ကျနော်တို့ထိန်းချုပ်တဲ့ နယ်မြေတွေမှာ လူမျိုးရေး ဘာသာရေးပဋိပက္ခတွေ ဘာမှမရှိဘဲ မြန်မာစစ်တပ်ရှိတဲ့နေရာမှာပဲ ပဋိပက္ခတွေ မီးတောက်နေတယ်ဆိုတာကို ထောက်ပြပြီး ကျနော်တို့ဟာ နှစ်နဲ့ချီပြီး အလုပ်နဲ့ သက်သေပြခဲ့ပြီးဖြစ်တယ်။ နောက် ဒီဒေသတွေကို ကျနော်တို့ ထိန်းချုပ်လာတာနဲ့အမျှ ပိုပြီးမှ တည်ငြိမ်အောင် ကြိုးစားပြီး မျှတတဲ့အကူအညီတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်တယ်ဆိုတာကို အမြဲတမ်းပြောနေပါတယ်”
“AA ကို Counterbalance လုပ်ဖို့ သူတို့ (စစ်တပ်က) က အာဆာကို ဖန်တီးခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကို ပြန်ပြီးတွေ့လာခဲ့တယ်။ ဒီဟာတွေကို သူတို့က ဖန်တီးခဲ့ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်လာတဲ့အချိန်မှာ အစိုးရကိုဆွဲချမဲ့ Scheme တခု၊ မကြံကောင်းမစည်ရာတခုကို ဖန်တီးခဲ့တယ်”
(ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ AA တပ်မှူးချုပ်)
■ ဖတ်စရာမှတ်စရာ
“ဒေါ်စုရဲ့ စကားကြီး ၃ ခွန်း”
မှာထားတဲ့ စာအုပ်ရောက်လာလို့ စကန်နည်းနဲ့ ဖတ်ကြည့်လိုက်ပါတယ်။ ဒေါ်စု အစိုးရလက်ထက် စီးပွါးရေးပြုပြင်ပြောင်းလဲရေးအကြောင်းဆိုပေမယ့် နိုင်ငံရေးနဲ့ စီးပွါးရေးဆိုတာ အမွှာဖြစ်နေတော့ ပါနေပါတယ်။ ကျနော့်အနေနဲ့က နဂိုတည်းက စီးပွါးရေးကိစ္စကို အသေးစိတ်ဖတ်ဖို့ စိတ်မပါလှပါဘူး။ ဒါကြောင့်စိတ်ဝင်စားတဲ့ အပိုင်းတွေကိုပဲ အမြန်ဖတ်လိုက်ပါတယ်။
နှစ်ခါ ပြန်ဖတ်စရာမလိုအောင် စွဲနေတဲ့ ဒေါ်စုရဲ့ စကားကြီး ၃ ခွန်းက ဒီလိုပါ။
၁- ‘ကျမက နိုင်ငံတွေကျဆုံးတဲ့အကြောင်း မသိချင်ဘူး။ အောင်မြင်နည်းပဲ သိချင်တယ်’
၂- ‘ ဒီယုံကြည်ချက်တွေကြောင့် ကျမ အနှစ် ၂၀ လောက် အကျဉ်းကျခံရတယ်။ ဒီမူ ယုံကြည်ချက်တွေကို လွယ်လွယ်လေး စွန့်လိုက်မယ်လို့ သူတို့ တကယ်ပဲထင်နေကြသလား’
၃-‘ ကျမက အနောက်လည်း မယိမ်းဘူး။ တရုတ်လည်း မယိမ်းဘူး။ မြန်မာပြည်က လွဲလို့ ဘယ်မှ မယိမ်းနိုင်ပါဘူး’
ဒေါ်စုရဲ့ စီးပွါးရေး အကြံပေးဖြစ်တဲ့ ပါမောက္ခရှောင်တန်နယ် ရေးတဲ့စာမို့ ဒါတွေ သိရလို့ ထပ်ပြီး ကျေးဇူးတင်ရပြန်ပါတယ်။
၁။ ကျနော်လည်း ကြိုက်တဲ့ Why Nations Fail စာအုပ်လက်ဆောင် ပေးကြလွန်းလို့ ဒေါ်စုက ညဉ်းညူတဲ့ စကားပါ။ ဒါပေမယ့် အန်အယ်ဒီ အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုဟာ ဒီပညာရှင်တွေရဲ့ မူဘောင်အတွင်းက ဖြစ်တယ်လို့ ရှောင်က မိတ်ဆက်ပေးတယ်။ ဒီမိုကရေစီ၊ တဦးချင်း လွတ်လပ်ခွင့်နဲ့ တရားဥပဒေ စိုးမိုးရေး အခြေခံကို အင်ဂျင်သဖွယ်ထားပြီး မောင်းနှင်ခဲ့တယ်။
၂။ ရိုဟင်ဂျာအရေးမှာ ဒေါ်စုက သူ့အပေါ် နိုင်ငံရပ်ခြားက မိတ်ဆွေတွေ အထင်လွဲတဲ့ အပေါ် စိတ်မကောင်းရင်း ပြောတဲ့ စကားပါ။ ရှောင်ကို အကြံပေးခန့်တဲ့ အချိန်မှာ ဒေါ်စုက တချက်ပဲ မှာခဲ့တာ အရင်စာအုပ်မှာလည်း ရေးခဲ့တယ်။ ‘ ရှင့် စိတ်ထဲရှိတဲ့ အတိုင်းပြောဖို့ သင့်မသင့် နှစ်ခါ ပြန်မစဉ်းစားပါနဲ့’ ဆိုတာပါ။ ရိုဟင်ဂျာ အရေးမှာ ရှောင် က စိတ်ပျက်ပြီး တာဝန်ကနေ နုတ်ထွက်ဖို့တောင် စဉ်းစားခဲ့တယ်။ ဒီကြားထဲတော့ ရှောင်ဟာ ဒေါ်စုနဲ့ သူ့ကြားက ရှိထားတဲ့ ကတိအတိုင်း သူသိတဲ့အတိုင်း ကြားတဲ့အတိုင်း မထောက်မညှာ ပြောခဲ့ပြီး ဒေါ်စုကလည်း ကျေးဇူးတင်ရင်း ပြန်ပြောတဲ့ စကားပါ။
၃။ အန်အယ်ဒီ လက်ထက် တရုတ်ပြဿနာတွေ ဖြေရှင်းခန်းနဲ့ ဆိုင်ပါတယ်။ ကျောက်ဖြူစီမံကိန်းနဲ့ ပတ်သက်လို့ သိီရိလင်္ကာလို အကြွေးထောင်ချောက်မပိဖို့ ကြိုးစားတဲ့ အခန်းဖြစ်ပါတယ်။ မြန်မာပြည်အတွက် အကျိုးမရှိဘဲ တရုတ်အကျိုးအတွက် ၁၀ ဘီလီယံ စီမံကိန်းဟာ ဝန်နဲ့အားမမျှလို့ စာချုပ်ပြင်ချုပ်ခဲ့တာ၊ ဒီကိစ္စ အမေရိကန်က အနောက်က အကြံပေးတယ်ဆိုပြီ တရုတ်က ငြိုငြင်တဲ့ ကိစ္စမှာ ဒေါ်စုက အထက်က အတိုင်း ပြောခဲ့တာပါတဲ့။
ရှောင်က မြန်မာကို အကူအညီပေးတဲ့ နိုင်ငံတွေအကြောင်း သူမှတ်မိသလောက် စာရင်းချပြတဲ့အခါ အမေရိကန်၊ ဗြိတိန်၊ဩစတြေးလျ၊ တောင်ကိုရီးယား၊ ဂျပန် တို့ကို ဖော်ပြပါတယ်။ ကူပုံကူနည်း မတူပါဘူး။
တရုတ်ကတော့ သူ အကျိုးမရှိတာ ဘာမှ မလုပ်ခဲ့ဘူးလို့ ရေးထားတယ်။ အာဆီယံထဲက စင်ကာပူကလွဲလို့ ဘယ်နိုင်ငံဆီကမှ အကူညီမရခဲ့ဘူးလို့ ဆိုထားပါတယ်။
ဗဟိုဘဏ်၊ ငွေကြေးစနစ်၊ ဘဏ္ဍာရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် စသဖြင့် စီးပွါးရေး ပြုပြင်ပြောင်းလဲရေးနဲ့ ဆက်စပ်နေတဲ့ နယ်ပယ် အသီးသီးရဲ့ ပြုပြင်ပြောင်းလဲရေးကို ရေးပြထားပါတယ်။
ဒီစာအုပ်ဟာ ရှောင်ရဲ့ ဒုတိယစာအုပ်၊ ပထမအုပ်လောက် မထူပေမယ့် တချိန် (အန်အယ်ဒီခေတ်) သမိုင်းဆိုင်ရာ ကိုးကားတဲ့အခါ ပထမအုပ်လိုပဲ အရေးပါပါလိမ့်မယ်။
Be the first to comment