-၂၀၂၄ စက်တင်ဘာ ၁၀ အင်္ဂါနေ့ –
■ မနက်ခင်းအတွေး
အသင်းအဖွဲ့နဲ့ အလုပ်လုပ်ရင် အသင်းအဖွဲ့စိတ်ဓာတ် မွေးနိုင်ဖို့လိုပါတယ်။ အသင်းအဖွဲ့စိတ်ဓာတ် မမွေးနိုင်ဘဲနဲ့ အသင်းအဖွဲ့နဲ့ အလုပ်လုပ်လို့ မရနိုင်ပါဘူး။
ဆိုတော့ အသင်းအဖွဲ့စိတ်ဓာတ်ဆိုတာ ဘာလဲ … စဥ်းစားစရာ ဖြစ်လာပေတာပေါ့။ အသင်းအဖွဲ့ စိတ်ဓာတ်ဆိုတာကို ကိုယ်နားလည်သလို အဓိပ္ပါယ်ဖွင့်ရရင်တော့ တကိုယ်တော် ထင်ရာမစိုင်းတဲ့ စိတ်ဓာတ်မျိုး ရှိဖို့ပါပဲ။
တကိုယ်တော် ထင်ရာစိုင်းတယ်ဆိုတာ ဘာလဲ … ထပ်တွေးစရာ ဖြစ်လာပြန်ရော။ ကိုယ်တိုင်ရဲ့ အမြင်အရတော့ တကိုယ်တော် ထင်ရာစိုင်းတယ်ဆိုတာ ငါမှငါဆိုတဲ့ စိတ်မွေးပြီး ငါကလွဲလို့ ဘယ်တကောင်တမြီးမှ မငါဘူးဆိုတဲ့ အတွေး အမြင်နဲ့ လုပ်ရပ်တွေပါပဲ။
တကိုယ်တော် ထင်ရာစိုင်းတွေ များတဲ့ အဖွဲ့အစည်းဟာ ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး။
*********************
အချစ်ဟာ အင်မတန် ဆန်းကြယ်တယ်တဲ့။ ပညာရှင်အဆက်ဆက် ဖွင့်ဆိုသွားကြတာ။ ဆင့်ကဲ တွေးမိတာက အချစ်ဆိုတာ အသက်အရွယ်နဲ့လိုက်ပြီး ကွာခြားသလား၊ အသက်အရွယ်နဲ့လိုက်ပြီး ဒီလိုပဲ ချစ်ရမယ်၊ ဟိုလိုပဲ ချစ်ရမယ်၊ ဒီလိုမချစ်ရဘူး၊ ဟိုလိုမချစ်ရဘူး ဆိုတာမျိုး ရှိသလား … မပြောတတ်။
ကိုယ့်တယောက်ထဲရဲ့ အမြင်အရတော့ ချစ်ခြင်းမှာ အဲသလိုမရှိဘူး ထင်တာပါပဲ။ ဒါပေမယ့် ချစ်တယ်ဆိုတာကို လူသိရှင်ကြား ပြပုံမှာတော့ အသက်အရွယ်လိုက်ပြီး ကွာခြားမယ်၊ ကွာခြားသင့်တယ် ထင်ပါတယ်။
ဆိုလိုတာက အသက် ၅၀ အရွယ် လူတယောက်က အသက် ၂၀ အရွယ် လူတယောက်လိုတော့ ချစ်ခြင်းဆိုတာကို ပြလို့မရဘူး ထင်တာပဲ။ ပြတော့ ဘာဖြစ်လဲ … ဘာဖြစ်လဲ မသိပါဘူး၊ ဒါပေမယ့် ခပ်ပေါပေါ ဖြစ်သွားတယ်လို့တော့ ထင်တာပါပဲ။
■ ဖတ်စရာ မှတ်စရာ
တောအုပ်ထဲတွင် ပုရစ်နုကလေးများ ဝေစ ပြုလာသည့်အခါတွင် လိုင်ဒီယာသည် ပြတင်းကို အပြည့်ဖွင့်လိုက်ကာ ‘ကြည့်စမ်း အဖေ၊ သိပ်သာယာတာပဲ’ ဟု လှမ်းပြောသည်။
သို့ရာတွင် အဘိုးအိုသည် နွေဦးပေါက်တွင်တွေ့ရသည့် ပျော်ရွှင် ချမ်းမြေ့မှုကို သတိမထားမိ။ ဟုတ်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း နွေဦးပေါက်သို့ ရောက်လာခဲ့ပြီ။ သို့ရာတွင် သူလိုချင်သည်မှာ နွေဦးပေါက် ရာသီမဟုတ်။ သိုလိုချင်သောအရာမှာ အသက်ရှင်သန်ခြင်းသာ ဖြစ်သည်။
မကြာမီ နွေဦးပေါက်ရာသီ ကုန်ဆုံးတော့မည်။ ပန်းပွင့်တို့လည်း ညှိုးနွမ်းကြတော့မည်။ သို့ရာတွင် လူ့ဘဝကြီးကား သွားမြဲ။ လူ့ဘဝဆိုသည်မှာ အမြဲတမ်း ကောင်းနေသည်။ အပွင့်တွေ ဝေနေသည့် သစ်သီးခြံထဲမှာပဲဖြစ်ဖြစ်၊ နှင်းတို့ဖုံးနေသည့် တောလမ်းပေါ်မှာဖြစ်ဖြစ်၊ ပြတင်းပေါက်အနီး ကုလားထိုင်မှာပဲဖြစ်ဖြစ် ဘဝဟူသည် အမွန် အကောင်းချည်းသာ။
ညနေတိုင်းဆိုလျှင် တောအုပ်ထဲက သစ်ချဖြူပင်အိုကြီးအနီးတွင် ရပ်နေသည့် ကောင်လေးနှင့် ကောင်မလေး စုံတွဲကို အမြဲမြင်ရတတ်သည်။ ချစ်သူများ ဖြစ်လိမ့်မည်ထင်သည်။
အဘိုးအိုသည် ချစ်သူနှစ်ယောက် ချိန်းတွေ့ကြသည်ကို ကြည့်ချင် မြင်ချင်သည်။ သူတို့နှစ်ယောက်၏ ရုပ်ပုံသည် သူ့ဘဝ၏ အစိတ်အပိုင်းဖြစ်နေ၏။ သူ့စိတ်သည် သူတို့နှစ်ယောက်ဆီသို့ ရောက်နေတတ် ၏။
ညနေရောက်၍ ပြတင်းပေါက်နားသို့ သူမရောက်သေးလျှင် သမီးဖြစ်သူကိုခေါ်၍ ‘သမီးရေ၊ အဖေ့ကို ပြတင်းပေါက်နားကို တွဲပို့ပေးစမ်းပါဦး၊ ဟိုကောင်လေးနှင့် ကောင်မလေး ချိန်းတွေ့တာကို မကြည့်လိုက် ရဘဲ နေဦးမယ်’ ဟု ပြောတတ်၏။
ဆည်းဆာအမှောင်က တောအုပ်ကို လွှမ်းခြုံသွားသည်အထိ အဘိုးအိုသည် ပြတင်းပေါက်အနီးတွင် ထိုင်ကာ ထိုရှုခင်းကို ငေးကြည့်နေတတ်သည်။ တခါတရံတွင် သူတို့နှစ်ယောက်ကို အိပ်မက်ပင် မက်လိုက်မိသေးသည်။ ကောင်မလေးက ပင်စည်ကြီးကို မှီ၍ ထိုင်လျက်၊ ကောင်လေးက သစ်ကိုင်း တကိုင်းကို လက်တဘက်ဖြင့် ခို၍ရပ်ရင်း ကောင်မလေးကို ငုံ့ကြည့်လျက်။
သို့ရာတွင် များမကြာမီ ကောင်လေးနှင့် ကောင်မလေးသည် သစ်ဖြူပင်ကြီးနားသို့ ညနေတိုင်း မလာကြတော့။ တခါတရံမှသာ ပေါက်လာကြတော့သည်။ သမီးရည်းစား စိတ်ကောက်ကြပုံရသည်။
(ဆိုဗီယက် စာရေးဆရာ Alexander Vampilov ၏ The Last Request ကို ဆရာမြသန်းတင့် ဘာသာပြန်ဆိုသည့် ‘အချစ်ပွင့်တဲ့ နွေ’ မှ)
Be the first to comment