မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၁၁ ဗုဒ္ဓဟူးနေ့ –
■ မနက်ခင်းအတွေး
ဒီရက်ပိုင်း အတွေးထဲမှာ ထပ်ခါပေါ်နေတဲ့ စကားလုံးနှစ်လုံးက ‘အဖြူရောင် သိုင်းသမား’ နဲ့ ‘အနက်ရောင် သိုင်းသမား’ ဆိုတဲ့ စကားလုံးတွေပါပဲ။
ကိုယ်တွေ ဆယ်ကျော်သက်အရွယ်က မြန်မာစာပေလောကမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ သိုင်းဝတ္ထု စာအုပ်ခေတ်ကို ဒီကနေ့ခေတ်လူငယ်တွေ မသိလောက်ပါဘူးလေလို့ အထင်ရောက်ပြီး Google လုပ်ကြည့်လိုက်တာ … လား … လား … မျက်လုံးပြူးသွားရပါလေရော။ ဘယ် … သိုင်းဝတ္ထုစာအုပ် မူဟောင်းတွေ၊ မူသစ်တွေ။ YouTube မှာ အသံဖတ်ပြီး တင်ထားတာတွေ စုံထနေတာပါပဲလား။
အဲဒီခေတ်က ဆယ်ကျော်သက် အတော်များများအတွက် သိုင်းဝတ္ထုတွေဟာ ဒီနေ့ခေတ်လူငယ်တွေ ဂိမ်းတွေကို စွဲလန်းသလို မက်မက်စက်စက် စွဲလန်းခဲ့ရတဲ့ စာအုပ်တွေပါပဲ။ ကျောင်းပိတ်ရက်ဆို တနေ့ထဲကို စာအုပ်အငှားဆိုင်နဲ့ လူးလာခေါက်တုန့်သွားပြီး သိုင်းဝတ္ထု သုံးလေးအုပ် ပြီးအောင်ဖတ်သူတွေ ရှိခဲ့ပါတယ်။ လူကြီးမိဘတွေကတော့ သိုင်းဝတ္ထုဖတ်တာ ဘာမှအကျိုးမရှိဘူးဆိုပြီး ကဲ့ရဲ့ ပြစ်တင် ဝေဖန် တားမြစ်တာတွေလည်း ရှိခဲ့ပါရဲ့။ ဒါပေမယ့် အကျိုးမရှိဘူး ဆိုတာတော့ အပြည့်အဝ မမှန်လောက်ဘူး ထင်ပါတယ်။
သိုင်းလောကမှာ အဖြူရောင်နဲ့ အနက်ရောင် သိုင်းသမားတွေအပြင် အဖြူမကျ အနက်မကျ အညိုရောင် သိုင်းသမားတွေလည်း ရှိသေးတယ်။ အဖြူယောင် ဆောင်ထားတဲ့ အနက်ရောင် သိုင်းသမားတွေ၊ အနက်ယောင် ဆောင်ထားတဲ့ အဖြူရောင် သိုင်းသမားတွေ၊ ဖြူသလား နက်သလား မသည်းကွဲတဲ့ အညိုရောင် သိုင်းသမားတွေ စသည်အားဖြင့် သိုင်းလောကဟာ အရောင်အသွေး စုံလင်လှပါတယ်၊ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။
ဒီကနေ့အချိန်ကာလကို ဖြတ်သန်းနေရတဲ့အခါ နုစဥ်က ဖတ်ခဲ့ဖူးတဲ့ သိုင်းဝတ္ထုတွေကို မကြာခဏ အမှတ်ရမိပါရဲ့။
အဖြူရောင်သိုင်းသမားများ တိုးပွား အောင်မြင်ပါစေ၊ အနက်ရောင်သိုင်းသမားများ လျော့နည်း ကျဆုံးပါစေ၊ အညိုရောင်သိုင်းသမားများ သိုင်းကွက်မှန်ကြပါစေ။
■ ဖတ်စရာ မှတ်စရာ
၂။ လှိုင်းကြီးပုတ်ခတ်ပုံ
ဒုတိယကမ္ဘာစစ်ကြီး မတိုင်ခင်ကာလနှင့် စစ်တွင်းကာလ၌ မဟာဂျပန်အင်ပါယာတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် မရှိချေ။ လူ့အခွင့်အရေး ပိတ်ဆို့သွားပုံသည် ပင်လယ်လှိုင်းကြီး ဆက်၍ ဆက်၍ ပုတ်ခတ်ပုံနှင့်ပင် တူလေတော့သည်။
၁၉၂၄ ခုနှစ်တွင် ထုတ်ပြန်သော ငြိမ်ဝပ်ပိပြားရေးဥပဒေကို အထောက်အထားပြုလျက် ၁၉၂၅ ခုနှစ်မှ ၁၉၃၂ ခုနှစ်လောက်တွင် ပထမလှိုင်းကြီး ပုတ်ခတ်လာလေသည်။ ကွန်မြနူစ်ပါတီဝင်တို့၊ ပါတီနှင့် နီးစပ် သော အဖွဲ့အစည်းတို့ နှိပ်စက်ခံရလေသည်။ ၁၉၃၁ ခုနှစ် စက်တင်ဘာလတွင် ဂျပန်စစ်တပ်တို့သည် တရုတ် အရှေ့မြောက်ပိုင်းဒေသ သိမ်းပိုက်ကြလျက် ၁၉၃၂ ခုနှစ်၊ မတ်လတွင် ၎င်းနယ်မြေ၌ ရုပ်သေး အစိုးရ တည်ထောင်ကြလေသည်။
ဒုတိယလှိုင်းကြီး ပုတ်ခတ်လာသည်မှာ ၁၉၃၃ ခုနှစ်မှ ၁၉၃၆ ခုနှစ်လောက်တွင် ဖြစ်ပေသည်။ ၁၉၃၃ ခုနှစ်တွင် နာမည်ကျော် ကွန်မြူနစ် စာရေးဆရာ Kobayashi Takiji (၁၉၀၃ မွေး) အချုပ်ခန်းတွင် ရက်စက်စွာ အသတ်ခံရလေသည်။ ထို့နောက် မြောက်များစွာသော ကွန်မြူနစ်တွေသည် ထောင်တွင် အသနားခံစာ လက်မှတ်ထိုးလျက် ကွန်မြူနစ်လူထွက် ဖြစ်ကြသည်။ ပါတီခေါင်းဆောင်ပိုင်းတချို့ပင် ထောင်တွင်းမှ ‘ဝါဒပြောင်းလဲသွားသူ’ ကြေညာစာ ထုတ်ပြန်သောကြောင့် ဂျပန် ကွန်မြူနစ်ပါတီဟူ၍ ပျောက်သွားသကဲ့သို့ ဖြစ်လေသည်။ သည်လောက်လေးတွေနှင့် မပြီးသေးချေ။ ဆက်လက်၍ ဆိုရှယ်လစ်ဝါဒီ၊ ဒီမိုကရေစီဝါဒီ၊ ဘာသာရေးအဖွဲ့အစည်းတချို့လည်း တစတစ အနှိပ်စက်ခံရလေ သည်။
တတိယလှိုင်းကြီး ပုတ်ခတ်သည်မှာ ၁၉၃၇ ခုနှစ်မှ ၁၉၄၀ ပြည့်နှစ်လောက်တွင် ဖြစ်လေသည်။ ၁၉၃၇ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်-တရုတ်စစ်ပွဲ စလေသည်။ ဆိုရှယ်လစ်တို့ အဖမ်းခံရလေသည်။ ဆိုရှယ်လစ် နှင့်နီးစပ်သော ပါမောက္ခတချို့လည်း အဖမ်းခံရလေသည်။ သူတို့ စာအုပ်စာတမ်းတချို့ အပိတ်ခံရ သည်။ ပါမောက္ခတချို့ အလုပ်မှ အဖြုတ်ခံရလေသည်။ ၁၉၃၇ ခုနှစ်တွင် အဖမ်းခံရသော နာမည်ကျော် ပါမောက္ခဟောင်း Tosaka Jun (၁၉၀၀-၁၉၄၅) ထောင်တွင် ဆုံးသွားရှာသည်မှာ အာဟာရ ချို့တဲ့မှု ကြောင့် ဖြစ်လေသည်။ ဤကာလတွင်မူ နိုင်ငံရေးနှင့် လုံးဝ မသက်ဆိုင်သော သုတေသနအသင်းလည်း အနှိပ်စက်ခံရလေသည်။ စစ်ဆန့်ကျင်ရေး ဟောခဲ့သော လွှတ်တော်အမတ်၊ ခရစ်ယာန်သာသာနာပြု ဆရာတော်တို့လည်း အဖမ်းခံရလေသည်။
နောက်ဆုံးလှိုင်းကြီး ပုတ်ခတ်သည်မှာ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်တွင် ဖြစ်ပေသည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မဟာ ဂျပန်အင်ပါယာသည် အင်္ဂလိပ်၊ အမေရိကန်တို့အား စစ်ကြေညာ၍ အရှေ့တောင်အာရှ နယ်မြေကိုပါ ကျူးကျော်​ ဝင်ရောက်သည်။ ပြည်တွင်း၌ ဖက်ဆစ်ဆန့်ကျင်သူဟူ၍ ပျောက်ဆုံးသွားသကဲ့သို့ရှိသည့် ဤကာလတွင် ကွန်မြနစ်လူထွက် ‘ဝါဒပြောင်းလဲသွားသူ’ တချို့၊ အစိုးရဘက်တော်သား တချို့ပင် အဖမ်းခံရလေသည်။
၁၉၄၅ ခုနှစ်၊ သြဂုတ်လတွင် မဟာဂျပန် အင်ပါယာ ရှင်ဘုရင်သည် စစ်ရှုံးခဲ့ကြောင်း ကြေညာလျက် စက်တင်ဘာလအတွင် GHQ (မဟာမိတ်ဌာနချုပ်) ဂျပန်ကို သိမ်းလိုက်သည်။ GHQ သည် အောက်တိုဘာလတွင် ဂျပန် ငြိမ်ဝပ်ပိပြားရေးဥပဒေ ဖျက်သိမ်း၍ ‘နိုင်ငံရေးအကျဥ်းသား’ ၃,၀၀၀ လွှတ်လိုက်လေသည်။ သို့သော်လည်း ၎င်းထဲတွင် နာမည်ကျော် ပါမောက္ခဟောင်း Miki Kiyoshi (၁၉၀၇ မွေး) မပါချေ။ သူသည် ၁၉၄၅ ခုနှစ်၊ မတ်လတွင် အဖမ်းခံရပြီး စက်တင်ဘာ ၂၆ ရက်နေ့တွင် ထောင်ထဲ၌ ဆုံးသွားရှာသောကြောင့် ဖြစ်လေသည်။
(၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် နှစ်ကာလများ စာအုပ်တိုက်က ထုတ်ဝေသည့် စာရေးဆရာမ မပန်းခက်၏ ‘နယ်ခြားမဲ့ ဆိုလီကျူဒ်နှင့် အခြားဆောင်းပါးများ’ စာအုပ်ပါ ‘ဖက်ဆစ်မုန်တိုင်းထဲက စာပေနှင့် စာနယ်ဇင်းလောက’ ဆောင်းပါးမှ)
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*