-၂၀၂၄ စက်တင်ဘာ ၁၂ ကြာသပတေးနေ့ –
■ မနက်ခင်းအတွေး
ဒုက္ခဆိုတာ သူ့ချည်းပဲမလာဘူး။ အဖော်အပေါင်းနဲ့လာတာတဲ့။ မနက်အသက်ဆက်ရှင်နေသေးရင်တော့ လာကူကြပါဦးဗျာတဲ့။ စာကလေးတကြောင်းပေမယ့် ရင်ထဲဆို့ရတယ်။ ခေါင်မိုးက ထုပ်တန်းပေါ် ဆင့်ကလေးထိုးပြီး တက်နေရတဲ့ မိသားတစုအတွက် လွတ်လမ်းက ဘယ်မှာလဲလို့ ကိုယ့်မေးခွန်းထဲ ကိုယ်ပြန်မွန်းကြပ်ရတယ်။ ဓာတ်ပုံကလေးတပုံပေမဲ့ အသက်ရှုမဝတော့ဘူး။
ရေမြုပ်နေရတဲ့အထဲ ငလျင်ကလှုပ်သေးသတဲ့။ အဲဒီနေရာမှာ မဟုတ်တာအကုန်လုပ်ပြီး ကြွက်တွင်းထဲဝင်ပုန်းနေကြမယ်ဆိုတဲ့ သတ္တဝါတစုအတွက် ဆုကတောင်းဖြစ်အောင် တောင်းလိုက်မိသေးတယ်။ တံတားတစင်းဆောက်ရင် တိုက်တလုံးကျန်တယ်။ ဆည်တဆည်ဆောက်ရင် တဆွေလုံးဝတယ်ဆိုတဲ့ တည်ဆောက်ရေးသမားကြီးတွေကော အရေးဆိုဖွင့်မရတဲ့ရေထိန်းတံခါးနဲ့ ပြည့်နေတဲ့ဆည်ကြီးတွေနဲ့ဝေးရာမှာ အိပ်လို့ပျော်ကြပါရဲ့လား။
စစ်ရှောင်စခန်းက ကလေးလေးတွေက အိမ်ခေါင်မိုးပေါ် လေယာဉ်မလာရလို့ တားမြစ်နေတဲ့အချိန်မှာ ရေထဲပိတ်မိနေတဲ့မိသားစုတွေရှိရာ လေထီးနဲ့ အစားအသောက်တွေ ချပေးနေတဲ့ ကိုယ့်အိမ်ဘေးက လေတပ်ကိုမြင်ရတော့ ရင်ထဲမချိဖြစ်ရပြန်ရော။ လူထုပေးတဲ့အခွန်အခနဲ့ စျေးကြီးပေးဝယ်ထားပြီး လူတွေကို မိုးပေါ်မော့ကြည့်ရင်း အသက်ကိုဖက်နဲ့ထုပ်ခိုင်းထားတဲ့ လူမဆန်တဲ့မကောင်းဆိုးဝါးတွေကို အတွေးထဲက ဘယ်လိုထုတ်ပစ်လို့ရမလဲ။
ဒီမနက် နေလေးနည်းနည်းပွင့်တယ်ဆိုပေမဲ့ ရေကြီး ရဲဖမ်းတဲ့ ဒုက္ခတွေက ဒီနေ့ကော မိုးလင်းနိုင်ပါဦးမလားလို့ ဆက်တွေးမိတော့ မနက်စာစားချင်စိတ်ပါ ပျောက်ရပြန်တယ်။ ဘယ်အရာမှ ကြာရှည်မမြဲပါဘူးလို့တော့ တရားလာမချပါနဲ့။ အဲဒီမမြဲတဲ့အထဲ ကိုယ်မပါသွားအောင် နေကြရတဲ့ဘဝတွေ ဘယ်လောက်ခက်ခဲပင်ပမ်းကြောင်းလောက်တော့ ကိုယ်ချင်းစာစိတ်ထား။ ရှင်သန်ကျန်ရစ်အောင် အတူတူကြံ့ကြံ့ခံကြမယ်ဆိုတဲ့ အချစ်တခုပဲ အခုအချိန်မှာ အားကိုးရာရှိတယ်ဆိုတာ သတိရကြ။
■ ဖတ်စရာမှတ်စရာ
ဘဝတလျောက်လုံး အချစ်စစ်အချစ်မှန်ရှိဖို့ဆိုတာ အခက်ခဲဆုံးတခုဖြစ်တယ်။ အချစ်စစ်အချစ်မှန်မရှိရင်လည်း ဘဝဆိုတာ အနှစ်သာရ လုံးဝမရှိတော့ဘူး။ သားသမီးတွေ ရှိချင်ရှိမယ်။ အိမ်ကြီးရခိုင်နဲ့ နေချင်နေရမယ်။ ကားပိုင်ရှင်ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်မယ်။ တခြားအဆင်ပြေစရာတွေ ဇိမ်ခံပစ္စည်းတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အချစ်စစ်အချစ်မှန်မရှိဘူးဆိုရင် အချစ်စစ်အချစ်မှန်မရှိတဲ့ဘဝဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှ ခြားနားမှာ မဟုတ်ဘူး။ အချစ်စစ်အချစ်မှန်အဆင့် ရောက်ရှိလာတာ ပညာရေးရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ တကယ့်တကယ်ပီတိဆိုတာလည်း အချစ်စစ်အချစ်မှန်က လာတာဖြစ်တယ်။
ဣသာမစ္ဆရိယ ရှိတဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတို့ အမျက်ဒေါသတို့ ပေါက်ဖွားလာတယ်။ အမျက်ဒေါသ မရှိမှ ဣသာမစ္ဆရိယ မရှိမှ မျှော်မှန်းချက်ကြီးကြီးကျယ်ကျယ် မရှိမှ အချစ်ပွင့်လန်းလာနိုင်တယ်။ တည်ရှိလာနိုင်တယ်။ အချစ်မရှိတဲ့ဘဝဟာ ကြပ်တည်းမြေဖြစ်တယ်။ လွင်တီးခေါင်ဖြစ်တယ်။ ဒါပေမဲ့ အချစ်ရှိလာတဲ့အခါကျတော့ စိမ်းလန်းစိုပြေတဲ့ အလှပန်းများ ပွင့်နေတဲ့မြေဖြစ်လာတယ်။ အဲဒီအခြေအနေများကို လုလင်ငယ်သွေးအချိန်မှသာ လေ့လာလို့ရတယ်။ အသက်အတော်လေး ရလာတဲ့အခါကျတော့ အချိန်နှောင်းသွားပြီ။ လူ့ဘောင်အဖွဲ့အစည်း၊ သား မယား၊ အလုပ်တာဝန်များ၏ အကျဉ်းသားဖြစ်သွားပြီ။ လူတွေ စောင့်ဆိုင်းနေတာ၊ မဖြစ်စေလိုတဲ့အတွက် မိမိအတန်းကို အချိန်မှန်မှန်တက်နိုင်ရဲ့လား။ မိမိကို စောင့်ကြည့်နေတဲ့လူတွေနဲ့ အတူနေရတဲ့အချိန်မှာ အော်ကျယ်ဟစ်ကျယ် ပြောနေတာကို ရပ်ပစ်လို့ ရပါ့မလား။
အချစ်စစ် အချစ်မှန် ဆိတ်သုန်းတဲ့အပြုအမူတွေဟာ၊ အပေါ်အပရိကများသာဖြစ်ပြီး အဓိပ္ပါယ် ဘာမှရှိမှာမဟုတ်ဘူး။ အချစ်စစ် အချစ်မှန်နှင့် စာနာမှု ရှိလာလျှင်တော့ အဲဒီစိတ်သဘောတရားများကတဆင့် သူတပါးအတွက် ယဉ်ကျေးသိမ့်မွေ့တဲ့အပြုအမူတွေ ပေါက်ဖွားဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအပြုအမူတွေဟာ မိမိကိုယ်ကျိုးကြည့်တာက နည်းတယ်။ ဘဝမှာပြုလုပ်ဖို့ အခက်ခဲဆုံးတခုလည်းဖြစ်တယ်။ မိမိကိုယ်ကျိုးမကြည့်တဲ့လူဟာ အမှန်တကယ် လွတ်လပ်မှုရှိတဲ့လူဖြစ်တယ်။ ကောင်းကင်ကို၊ တောင်တွေကို၊ ရေကို၊ ငှက်တွေကို၊ ပန်းပွင့်တွေကို သစ်လွင်လန်းဆန်းတဲ့ စိတ်နှလုံးနှင့် အချစ်စစ်အချစ်မှန် အနက်အဓိပ္ပါယ်နှင့် ကြည့်လို့ရတယ်။
(ပါရဂူ)
အညွှန်း။ ကရိရှဏ မူရတိ၏ On Education ၏ On Behavior မှ
Be the first to comment