-၂၀၂၄ စက်တင်ဘာ ၁၃ သောကြာနေ့ –
■ မနက်ခင်းအတွေး
မနေ့ကတနေ့လုံး လိုင်းပေါ်က ရေဘေးဒုက္ခတွေကြည့်ပြီး စိတ်ပင်ပမ်းခဲ့ရသည်။ ညနေဖက်ရောက်တော့ ကိုယ်နေသည့်နေရာမှာ ရေမလာတော့။ ပန်းကန်ဆေးလို့မရ၊ ရေအိမ်ဝင်လို့မရနှင့် ကိုယ်တွေပါ ရေဘေးဒုက္ခသည်ဖြစ်သွားသည်။ ဒီမှာလည်း မိုးက ဆက်တိုက်ရွာသည်။ တမြို့လုံးကို ရေပေးဝေသည့် တောင်ပေါ်ကဆည်ကလေးမှာလည်း အခုအချိန်ဆို ရေပြည့်နေလောက်ပြီ။ ရေထိန်းရခက်လာသည့်အခါ ဒီမှာလည်း တခါတလေ ဆည်ကိုရေဖောက်ချတတ်သည်။ ကြိုတော့ပြောကြသည်။ အခုတော့ ဘယ်နှယ့်ကြောင့် ဒီအချိန်ကြီးကျမှ ရေကပြတ်ရသည်မသိ။ ပြီးခဲ့တဲ့ရက်တွေက ကြိုပြောထားသည်ဟု တယောက်ကပြောသည်။ သတိမထားမိခဲ့တာဖြစ်မည်။
ပိုက်ရေပြတ်တော့ အဝိစိရေကလည်းမရှိ။ ရေတွေမီးတွေက ပုံမှန်လိုလာနေတော့ တခါတလေ အခုလိုအဆင်မပြေမှုက စိတ်ကသိကအောက်ဖြစ်စေသည်။ အဆင်မပြေမှုတွေနှင့် အသားကျနေသော ရွှေပြည်ကြီးမှာတုန်းကတော့ ဒီဒုက္ခလောက်က စာဖွဲ့လောက်သည်မဟုတ်။ အခု ဒီထက်ဆိုးသည့် အဖြစ်တွေနှင့်ပင် နပမ်းလုံးနေကြရသည့် ပြည်သူတွေကို အဝေးကပဲ ရင်နင့်စွာကြည့်နေရသည်။ ဘာပဲဖြစ်ဖြစ် မနှိုင်းယှဉ်သာဘူးဆိုပေမဲ့ ကိုယ်တိုင်ကြုံကြရသည့်အခါ ဒုက္ခဆိုတာက သေးသည်ကြီးသည်မရှိ။ ကိုယ့်ဒုက္ခ ကိုယ်အဆိုးဆုံး ထင်တတ်ကြစမြဲမဟုတ်လား။
တနေ့ကပဲ မိမိကိုယ်ကိုသတ်သေမှု ကာကွယ်တားဆီးရေး နိုင်ငံတကာနေ့ဆိုလား ကြားလိုက်မိသည်။ မနေ့ညနေက အသိတယောက်က ဖုန်းပြောရင်း နေချင်စိတ်ကုန်ခမ်းလာပြီဟုဆိုသောအခါ အလန့်တကြားဖြစ်ရပြန်သည်။ တတိုင်းပြည်လုံးဒုက္ခရောက်နေသည့်အချိန်မှာ ကိုယ်ကလွတ်ရာကျွတ်ရာရောက်နေရတာကို စိတ်ကုန်လို့ဟု ဆိုသည်။ ဘယ်လိုနှစ်သိမ့်ရမည်မှန်း မသိတော့။ စာနာနားလည်စိတ်နှင့် ကိုယ့်မှာရှိသည့်အသိတရားလေးကိုအခြေခံကာ ကိုယ်လုပ်နိုင်သလောက် လုပ်နေကြဖို့ပဲ မဟုတ်လား။ ငါလုပ်လို့လည်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူးဆိုတာမျိုးက တကယ့်အမှန်တရားဖြစ်နေဦးတော့ ဒီလိုတဦးချင်းက ထိုင်ကျသွားလျှင် ကိုယ်တွေတွန်းနေသည့် အရွေ့ကြီးက ထိုးရပ်သွားပေလိမ့်မည်။ သို့တိုင် ကိုယ်တိုင်လည်း ဘာမှရှင်းပြချင်စိတ်မရှိတော့။
တခါတလေ နာကျင်မှုတွေက ခံနိုင်ရည်ထက်ကျော်သွားသောအခါ လူတွေက တိတ်ဆိတ်သွားတတ်ကြသည်။ ဒါကိုပဲ မုန်တိုင်းမစခင် ငြိမ်သက်သွားမှုနှင့် တူသည်ဟုဆိုကြသည်။ ဘယ်လိုပဲ ကြိုတင်ခန့်မှန်းမှုတွေ ပြင်ဆင်မှုတွေလုပ်ထားသည်ဖြစ်စေ မုန်တိုင်းဆိုတာမျိုးက တိုက်ပြီဟေ့ဆိုလျှင်တော့ သူ့သဘောသူဆောင်ကာ သူ့စိတ်ကြိုက်မွှေသွားတတ်တာမျိုးဖြစ်သည်။ ဟိုမှာတိုက်လို့ ငါ့ဆီမရောက်ဟုလည်း မပြောနိုင်။ ရေစီးနှင့်မျောပါလာရင်း တွေ့ရာသစ်ကိုင်းတခုလှမ်းဆွဲကာ ရေထဲမှာ တညလုံး ကူကယ်ရာစောင့်ခဲ့ရသည့်အဖြစ်မျိုးကို ကိုယ်တိုင်ကြုံခဲ့ရသူတွေကတော့ အခုလို ဒုက္ခကိုစာဖွဲ့နေသူများအား ဟားတိုက်ရယ်မောနေကြမှာ သေချာသည်။
တကယ်တော့ ပိုက်ခေါင်းက တစက်ချင်းပြန်ကျလာသည့် ရေကိုမြင်လိုက်ရမှ ဒီတနေ့အတွက်မနက်စာကို စပြင်နိုင်သည့်အဖြစ်။
■ ဖတ်စရာမှတ်စရာ
“ဖိတ်စင်သွားတဲ့ကော်ဖီတစ်ခွက်”
(ကဗျာဆရာမတဦး)
နယ်မြို့သေးသေးလေးမှာ စာအုပ်အငှားဆိုင်လေး ဖွင့်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ မဂ္ဂဇင်းတွေ စာအုပ်စာစောင်တွေထဲက ကဗျာဆရာ၊ စာရေးဆရာတွေဟာ ကိုယ့်အတွက်တော့ ဟောလိဝုဒ်က သရုပ်ဆောင်တွေကို လှမ်းမျှော်ကြည့်ရသလို အလှမ်းကွာလှပြီး ၊ ရန်ကုန်ရွှေမြို့တော်ကြီးကို ရောက်မှ တချို့ကို အရှင်လတ်လတ်မြင်ဖူး တွေ့ဖူးရတော့လည်း အိပ်မက်တွေ အပြင်ထွက်လာသလို ကြီးကျယ်ခမ်းနားလှပါတယ်။ အခုအထိလည်း သာမန်စာဖတ်သူတစ်ယောက်အနေနဲ့ ခပ်လှမ်းလှမ်းက မော့ကြည့်နေဆဲပါ။ တချို့ဆရာဆရာမတွေက ရင်းနှီးဖော်ရွေစွာ လိုလိုလားလား နှုတ်ဆက် လာတဲ့အခါလည်း ဝမ်းသာကျေးဇူးတင်ရတာပါပဲ။
My readings ဆိုတဲ့ album လေးဖွင့်ပြီး ဖတ်ဖြစ်သမျှထဲက စိတ်ထဲမှာ ပြောချင်ဆိုချင် ဖြစ်လာတဲ့ စာအုပ်တွေကို appreciation အနေနဲ့ စကားတချို့ မှတ်တမ်းထားဖြစ်ခဲ့တယ်။ စာပေနဲ့ပတ်သက်လို့ တစ်ခုခု ပြောချင်တိုင်း၊ လုပ်ချင်တိုင်း စိတ်ထဲမှာ ဘာကိုရယ်မဟုတ် အချိန်မမီလိုက်မှာ၊ ပြောမပြဖြစ်လိုက်မှာကို စိုးရိမ်စိတ်အမြဲရှိတတ်တယ်။ ပြောချင်တာများလွန်းလို့ မပြောဖြစ်တော့တာတွေလည်း ရှိတယ် ဥပမာ ဆရာမိုးသက်ဟန် ဘာသာပြန်တဲ့ အလှပဆုံးဒဏ်ရာ၊ ဆရာလင်းခန့် ဘာသာပြန်တဲ့ ရေမွှေး။
ဒီတလော ခရီးက ပြန်လာခါစအချိန်မှာ ကဗျာဆရာမ အိန္ဒြာဆီ ခဏရောက်တော့ သူ့ဆီကို ကြည်ဇော်အေး ရောက်လာတယ်။ အက်ဆေးစာအုပ်လာပေးသွားတယ် တဲ့။ ဒါဟာ ကြည်ဇော်အေး အကြောင်း စကားထဲ နောက်ဆုံး ပြောဖြစ်ကြခြင်းပဲ။
နောက် တစ်ပတ်လောက် ကြာတော့ နှစ်ကာလများကနေ ဆရာကြည်ဇော်အေးရဲ့ အဲဒီ စာအုပ် “ကော်ဖီခံစားမှု” ရလာတယ်။ ဆရာကြည်ဇော်အေးကတော့ “အက်ဆေးသည်လည်း ကဗျာတစ်မျိုးပင်” လို့ ဆိုတယ်။ ကိုယ့်အတွက်တော့ အက်ဆေးတွေဟာ ရေးသူကို သေသေချာချာ ပြလေ့ရှိတယ်။ ကော်ဖီခံစားမှုတွေဟာ အရေးအသား ငြိမ်တယ် ငြိမ့်တယ် ။ အတွေးအခေါ် ရပ်တည်မှု သေချာခိုင်မာတယ်။ မကြာခဏ ဖတ်ရမယ့် စာအုပ်မျိုးပဲ။
ဘာမှ မပြောဖြစ်ခင်မှာပဲ စာရေးသူ ကဗျာဆရာဟာ မွေးနေ့မတိုင်မီ တစ်ရက်အလိုမှာ ကမ္ဘာမြေကို စောစီးစွာ ခွဲခွာသွားပေါ့။ အခြားသော ကမ္ဘာမှာလည်း သေချာခိုင်မာနေဦးမှာပါ။
………..
“သက်ဦးဆံပိုင် ရှင်ဘုရင်များခေတ်တွင် သားကအဖေကို ပြန်သတ်၊ အဖေက သားကို ပြန်ယဇ်ပူဇော်ကြပါသည်။ အာဏာစွန့်လွှတ်ရမှာ ကြောက်သောကြောင့် ဖြစ်ကြ၏။ အာဏာသည် ဘယ်တော့မှ မငြိမ်းချမ်းပါ။ အာဏာရှင်များက ပြောသည့် ငြိမ်းချမ်းရေးစကားကိုလည်း ကျွန်တော်မယုံကြည်ပါ။ ကျောင်းဆရာ့သားသည် ဘုရင့်သား မဟုတ်သောကြောင့် အာဏာလုစရာ မလိုပါ။ ကျောင်းဆရာ့သားသည် ပညာကိုသာလိုချင်ခဲ့ပါသည်။ ပညာသည် ထီးနန်းလုစရာ မလိုသော ပလ္လင်တစ်ခု ဖြစ်ပါသည်။ အဖေက သားကိုပေးသော ပညာထီးနန်းသည် အာဏာထက်ပို၍ အဖိုးတန်ပါသည်။ ဘဝသည် မည်သူ့သားသမီးအဖြစ် မွေးဖွားရမည်လဲ ဟု ရွေးချယ်ခွင့် မရှိပါ။ အကယ်၍ ရှိသည်ဆိုလျှင်လည်း ကျွန်တော် ကျောင်းဆရာသားပဲ ဖြစ်ချင်ပါသည်။ “
(ကျောင်းဆရာရဲ့သား၊ ကြည်ဇော်အေး)
ကော်ဖီခံစားမှု (အက်ဆေးများ)
ကြည်ဇော်အေး
ဇူလိုင် ၂၀၂၂
■ ကဗျာ
– နာကျင်တိုင်းရယ်မောပစ်လိုက်ဖို့ကြိုးစားနေတဲ့သူတွေဟာ
အသည်းကွဲနိုင်ငံတော်ထဲမှာ နေထိုင်ပါတယ် ..
မတတ်နိုင်ခြင်းများစွာကို တတ်နိုင်ခြင်းများစွာအဖြစ်
ပြောင်းလဲပစ်ကြရတဲ့အခါ
လက်လွှတ်လိုက်ရတဲ့ ချစ်ခြင်းတရားတွေက အစ
သံတိုင်နောက်မှာ ပိတ်မိနေတဲ့ သံမဏိလိပ်ပြာတွေ အလယ်
တစစီ လွင့်စင်ထွက်သွားတဲ့ ပုတီးစေ့လေးတွေ အဆုံး
အားလုံးဟာ လွမ်းစရာ
…..
(မနော်ဟရီရဲ့
အသည်းကွဲနိင်ငံတော်မှ)
Be the first to comment