-၂၀၂၄ စက်တင်ဘာ ၁၇ အင်္ဂါနေ့ –
■ မနက်ခင်းအတွေး
ဗုဒ္ဓဘာသာဝင်တွေအတွက် ရန်သူမျိုး ငါးပါးဆိုတဲ့ ဗုဒ္ဓရဲ့ ဟောကြားသင်ပြချက်တခု ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက်ဆိုပေမယ့် ဒါကို မြန်မာနိုင်ငံက လူအားလုံးလိုလို ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်နေနိုင်ပါတယ်။
“ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ” ဆိုတာမှာ မူကွဲတခုအနေနဲ့ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံဆိုး” လို့လည်း တွေ့ရပါတယ်။ ဒီနေရာမှာတော့ ပိုရင်းနှီးပြီးသားဖြစ်တဲ့ ပထမမူကိုပဲ ယူလိုက်ပါရစေ။
ပြီးခဲ့တဲ့ရက်ပိုင်းတွေက ရေဘေးဒဏ်သင့် ဒေသတွေအကြောင်း၊ ဘေးဒုက္ခရောက်နေတဲ့ လူထုအကြောင်း သတင်းတွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုတွေ တောက်လျှောက်တွေ့နေရတော့ အဲဒီ ရန်သူမျိုး ငါးပါးဆိုတာပဲ တချိန်လုံး အတွေးထဲရောက်နေပါတယ်။
မြန်မာလူထုဟာ အခုဆိုရင် ရန်သူမျိုး ငါးပါးထဲက အနည်းဆုံး သုံးပါးဖြစ်တဲ့ ရေ၊ မင်း၊ ခိုးသူ ဆိုတာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ တချို့က မီးဘေးပါ ရင်ဆိုင်ရတာတွေ ရှိတာကြောင့် လေးပါး၊ တချို့က တော့ ငါးပါးလုံး ရင်ဆိုင်ရသူတွေလည်း ရှိနိုင်တာပါပဲ။
တကယ်ကတော့ ရန်သူမျိုး သုံးပါးနဲ့ ရင်ဆိုင်နေရရင်တောင် အတော့်ကို များလွန်းနေပါပြီ။ အဲဒီကြားထဲမှာမှ ကိုယ့်လိုပဲ ရေဘေးသင့်တဲ့ တခြားနိုင်ငံတွေနဲ့မတူဘဲ ယုတ်မာ ကောက်ကျစ် ဆိုးရွားလွန်းတဲ့ စစ်တပ်အုပ်ချုပ်မှုအောက် ရောက်နေရတာဆိုတော့ ဆိုးချက်က ကမ်းကုန်ရောလို့ပဲ ဆိုရမှာပါ။
တဆက်ထဲ အတွေးဝင်လာတာကတော့ မြန်မာနိုင်ငံဟာ ကျရှုံးပြိုကွဲနိုင်ငံ (Failed State) ဖြစ်သွား မလားလို့ အိုးကမပူ စလောင်းကပူနေတဲ့ အောင်ကြူကြူ မကျက်တကျက် တွေးမြင် စဥ်းစားချက်များကိုပါပဲ။ မကျက်တကျက်ဆိုတာ ကြက်ဥပဲ ကောင်းပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိမှာကိုပဲ fail တဲ့အဆင့်ထက် ကျော်လွန်နေပါပြီ။ Failed State အဖြစ် အကျုံးဝင်စေတဲ့ သတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မယ်ဆိုရင် အဲဒီအချက်ကို ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်မှာပါ။
သွားလေသူ ဆရာကြီး ဦးဝင်းတင် မိန့်ဆိုသွားခဲ့တာတခုကိုပဲ ထပ်ခါတလဲလဲ သတိရနေမိပါတော့တယ်။ “စစ်တပ်ကျေးဇူး မူးလို့တောင် ရှုစရာမရှိဘူး” တဲ့
■ ဖတ်စရာ မှတ်စရာ
“သီပေါမင်း၏ သတင်းစာ ကွန်ဖရင့်”
စလေဒင်။ ။ လန်ဒန်တိုင်း သတင်းစာတိုက်မှ သတင်းထောက်ကြီး မစ္စတာမွိုင်လင်က အရှင်နှစ်ပါးတို့ကို အလေးပြုပါတယ်။ မိန့်တော်မူလိုသော အကြောင်းအရာများကိုလည်း မှတ်သားပြီး သတင်းစာမှာ ထည့်သွင်း ဖော်ပြလိုပါတယ်။
သီပေါမင်း။ ။ လန်ဒန်တိုင်း သတင်းစာအကြောင်းကို ကောင်းကောင်းသိပါတယ်။ မြန်မာဝန်ကြီးများက အင်္ဂလိပ် ပြည်သူတို့ရဲ့ သဘောထား အယူအဆများကို သိရှိလေ့လာချင်လို့ အဲဒီသတင်းစာကို လွှတ်တော်က မှန်မှန် မှာယူ ဖတ်ရှုပါတယ်။
ယခုလိုအချိန်မှာ မြန်မာဘုရင်ရဲ့ သဘောထား ဆန္ဒများကို အင်္ဂလိပ်ပရိသတ်များ ကြားနာကြစေလိုပါ တယ်။ လန်ဒန် သတင်းထောက်ကြီးကလည်း ဘုရင့်စကားကို ကြားနာရသမျှ တလုံးမကျန် ရေးသား တင်ပြဖို့ မေတ္တာရပ်ခံပါတယ်။
(သတင်းထောက် မွိုင်လင်က မေတ္တာရပ်ခံသည့်အတိုင်း ဘုရင်ပြောသမျှ လိုက်ရေးသည်။ ၎င်း ရေးပြီး သား မှတ်စုကိုလည်း ဘုရင်အား ပြန်ဖတ်ပြလေသည်။)
သီပေါမင်း။ ။ ကျုပ်က ပါးစပ်ပိတ် နေချင်ပါတယ်။ ကျုပ်မှာရှိသမျှကို အင်္ဂလိပ်တွေကို ပေးပြီးပြီ၊ ဒီနိုင်ငံ ကို ယခုအချိန်မှာရော အနာဂတ်မှာရော ဗိုလ်မှူးစလေဒင်ပဲ အုပ်ချုပ်စေချင်ပါတယ်။
ကျုပ်ကတော့ ဘုရင်အဖြစ်နဲ့ မကောင်းတဲ့ အကြံဉာဏ်များ အပေးခံရသူပါ။ ကျုပ်ဝန်ကြီးအဖွဲ့မှာ သစ္စာ သမာဓိရှိသူ၊ အမြော်အမြင် ရှိသူရယ်လို့ အင်မတန် ရှားပါတယ်။
သူတို့အသုံးမကျလို့ မဖြစ်သင့် မဖြစ်ထိုက်တာတွေ ဖြစ်ရတယ်။ အင်မတန် နာကြည်းစရာပါပဲ။
စုဖုရားလတ်။ ။ (စကားပြန်ဘက်သို့ လှည့်၍) သူတို့ကို ပြောလိုက်စမ်းပါ။ တနေ့က ကျုပ်မှာ အပျိုတော် ၃၀၀ ရှိခဲ့တယ်။ မနေ့ညနေကျတော့ ၁၆ ယောက်ပဲ ရှိတော့တယ်။ ကျုပ်တို့မှာ အသက်ရှင်နေတဲ့ ကလေး ၂ ယောက် ရှိတယ်။ ၃ ယောက်ကတော့ မြောက်ဥယျာဉ်မှာ မြှုပ်ခဲ့ရပြီ။
သီပေါမင်း။ ။ ခင်ဗျားတို့ အင်္ဂလိပ်တွေက ဆွေတော်မျိုးတော် မင်းညီမင်းသား အားလုံးကို ကျုပ် သတ်တယ်လို့ ထင်ကြတယ်။
ဒီလိုမဟုတ်ပါဘူး၊ ကျုပ်ကိုလည်း အစောင့်တွေ ချထားတာပဲ၊ သူတို့အားလုံးဟာ လူသတ်သမား လက်ချက်နဲ့ ကျဆုံးကြရခြင်းပါ။
ကျုပ်ကိုယ်တိုင် အသတ်မခံရတာက ကျုပ်ဟာ အင်မတန်အေးတဲ့ သားတော်ပါလို့ ရှင်ဘုရင်ကြီး နတ်ရွာမစံခင်က မိဖုရားကြီးကို ပြောကြားခဲ့တဲ့ စကားကြောင့်ပါ။
ပုဏ္ဏားတော်တွေ ဇာတာဖွဲ့ကြတော့ ကျုပ်ဇာတာဟာ ရှေ့ဆုံးက ထွက်လာတာပဲ။ ဘုရင်ဖြစ်ပြီးလို့ ၇ လ ကြာတဲ့အထိ ကျုပ်ဟာ ဘယ်အထဲမှာမျှ မပါရဘူး။ ကျုပ်ကို ဘိသိက်တောင် မမြှောက်ဘူး၊ ရဟန်းဝတ် နဲ့ပဲ နေခဲ့ရတယ်။
“ဆွေတော် မျိုးတော်တွေကို မသတ်ပါနဲ့ အကျဉ်းပဲ ချထားပါလို့” ကျုပ်က အမိန့်ပေးပါတယ်။
ဒါက နိုင်ငံမှာ ဆူဆူပူပူ မဖြစ်အောင်လို့ပဲ။ မင်းညီမင်းသားတွေကို သတ်ဖို့ ဝန်ကြီးတွေက အမိန့်ပေး တော့ ကျုပ်က အိပ်ရာထဲမှာ အိပ်နေတာပါ။ ၈ လ ကြာတဲ့အခါမှာ မင်းညီမင်းသားတွေကို သတ်ခဲ့တဲ့ ရနောင်မင်းသားကြီးက ကျုပ်ကိုသတ်ဖို့ ကြိုးစားသေးတယ်။
ခင်ဗျားတို့ အင်္ဂလိပ်တွေက ဘာမဆို ကျုပ်လုပ်တာလို့ အများအားဖြင့် အထင်ရှိနေကြတယ်။ ကျုပ် နောက်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုတော့ ဘာမျှ မသိကြဘူး။
ကျုပ်ဟာ နန်းတော်က တခါမျှ အပြင်ကို မထွက်ခဲ့ဘူး၊ ကျုပ် အရက်သမား မဟုတ်ဘူးဆိုတာ အင်္ဂလိပ်တွေ သိစေချင်ပါတယ်။ ကျုပ်ဟာ ဘာသာတရားကို ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တယောက်ပါ။
ယခုအချိန်မှာ ကျုပ်ဟာ နန်းစဉ် ကျောက်မျက်ရတနာတွေကို အားလုံး လက်လွှတ်လိုက်ပါပြီ။
လူမျိုးကြီးတွေဖြစ်တဲ့ အင်္ဂလိပ်တွေဟာ ကျုပ်လက်စွပ်နဲ့ ကျုပ်မိဖုရားရဲ့ လက်ဝတ်တန်ဆာတွေကို ကျုပ်တို့လက်ဝယ် ဆက်လက်ထားရှိဖို့ကိုတော့ မကန့်ကွက်ပေဘူးလို့ ယူဆပါတယ်။
(ထိုသို့ပြောဆိုရင်း သီပေါမင်းက သူ့လက်ဝယ် ဝတ်ဆင်ထားသော ပတ္တမြားလက်စွပ်ကို ပြသလျက် စုဖုရားလတ်၏ စိန်ဘယက်ကိုပါ ညွှန်းပြသည်။)
စလေဒင်။ ။ အရှင်နှစ်ပါး ဆက်လက် ဆင်မြန်းတော်မူကြပါ။ အင်္ဂလိပ်များက ဘာမျှ မကန့်ကွက်ပါ။
သီပေါမင်း။ ။ လန်ဒန် သတင်းထောက်ကိုလည်း နောက်ထပ် တွေ့ဆုံလိုပါသေးတယ်။ ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ်နဲ့အတူ နောက်တခေါက် လာစေချင်ပါတယ်။
(သတင်းစာဆရာကြီး အိုးဝေ ဦးညိုမြ ရေးသားခဲ့သည့် ဤဆောင်းပါးစာစုကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ တွင် ရာပြည့်စာပေက ထုတ်ဝေသော “ကုန်းဘောင်ရှာပုံတော် သတ္တမအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြ ခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၈၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ အသက် ၇၁ နှစ် အရွယ်တွင် ကွယ်လွန်သွားပါသည်။)
(ဧရာဝတီသတင်းဌာန၏ ဝက်ဘ်ဆိုက်တ်တွင် ဖော်ပြထားသည်ထဲမှ ပြန်လည် ကောက်ယူ ဖော်ပြခြင်း ဖြစ်ပါသည်။ အပြည့်အစုံကို https://tinyurl.com/bvcds2y တွင် ဖတ်ရှုနိုင်ပါသည်။)
Be the first to comment