“The Call ရဲ့ မနက်စာ”
-၂၀၂၄ စက်တင်ဘာ ၁၈ ဗုဒ္ဓဟူးနေ့ –
သွားလေသူ အဖိုး ပြောသွားတာလေး မကြာခဏ အမှတ်ရမိတယ်။ “စစ်တပ်က သနပ်ခါးလိမ်းတာ သိပ်ကြိုက်တာကွ” တဲ့။ “အပေါ်ယံ ရွှေမှုန်ကြဲ ဟန်လုပ်ပြတာလောက်ပဲ စိတ်ဝင်စားတဲ့ကောင်တွေ” တဲ့။
၁၉၆၂ မှာ နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း ဆိုရှယ်လစ်စီးပွားရေးဆိုတာကို အကြောင်းပြပြီး ပုဂ္ဂလိကလုပ်ငန်းတွေ ပြည်သူပိုင်သိမ်းတော့ အောင်မြင်နေတဲ့ မိသားစုလုပ်ငန်းလေး အသိမ်းခံရမှာ စိုးလို့ ဖျက်လိုက်ရပြီးတဲ့နောက် စစ်တပ်ကို အကြီးအကျယ် စိတ်နာသွားတာ။ ဘယ်လောက်ထိ နာလဲဆို သူ့သားမက်တယောက်က တပ်က၊ သူ့သားတယောက်က ရဲထဲက၊ အဲဒီလူတွေ သူ့အိမ်လာရင် ယူနီဖောင်းနဲ့ မလာနဲ့လို့ကို အပြတ် အမိန့်ထုတ်ခဲ့တာ။
အခုလည်း ကြည့်။ အများပြည်သူမှာ ရေဘေးကြောင့် ဒုက္ခတွေ ရောက်လိုက်တာဆိုတာ။ သူတို့က ဘာမှ ထိထိရောက်ရောက် ကူညီတာမရှိဘဲ ဓာတ်ပုံအရိုက်ခံဖို့လောက် ဟန်ပြ လိုက်လုပ်နေကြတာ။ သူတို့မှာ အရှက်တရားဆိုတာ ရှိကိုမရှိတော့တာ။
ဒီကြားထဲမှာ မိုးရွာလို့ ရေကြီးတာ ပြောလိုပြော၊ သတင်းမီဒီယာတွေကို ပတ်ရမ်းလို ရမ်းနဲ့ ဗျာများနေ လိုက်ကြတာဆိုတာ။ ကိုယ့်လုံခြုံရေးအတွက် တာဝန်ပေးခံရသူတွေ ရေထဲမျောပါသွားတာတောင် ဝမ်းနည်းစကားတခွန်းမဆို၊ အသိအမှတ်ပြုစကား တခွန်းမဟတဲ့ စစ်တပ်ခေါင်းဆောင်မျိုးလောက် လူစိတ်ကင်းမဲ့တာ ဘယ်မှာရှိဦးမလဲ။
တကယ်က အံ့သြစရာတော့လည်း ဘာမှမရှိပါဘူး၊ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် သင့်ခဲ့တုန်းက လည်း ဒီလိုပါပဲ။ မုန်တိုင်းဒဏ်သင့် လူထုကို ဘုရားဆင်းတု လှူတာတောင် လုပ်ခဲ့သေးတာပဲ၊ နာဂစ်ဒဏ် အလူးအလဲခံရတာ ရက်ပိုင်းပဲရှိသေးတယ်၊ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေအတွက် လူထုဆန္ဒခံယူပွဲ ဆိုတာ လုပ်ခဲ့သေးတာပဲ။ ဒီစစ်တပ်က လူစိတ်ရှိလာဖို့ မျှော်လင့်ရင် မျှော်လင့်သူအမှားသာ ဖြစ်မှာပဲ။
ဒီအာဏာသိမ်းစစ်တပ်ဆီကနေ ဘာကိုမှ မျှော်လင့်နေလို့ မရဘူးဆိုတာ သေချာသထက် ပိုသေချာ လာတာကိုက အဆိုးထဲက အကောင်းလို့ ဆိုရမှာပဲ။ စစ်အာဏာရှင်ကို မြန်မြန် အမြစ်ဖြတ်နိုင်လေ တိုင်းပြည်နဲ့ လူထုအတွက် ကောင်းကျိုးဖြစ်ထွန်းနိုင်လေ ဆိုတာက ပိုပိုပြီး ရှင်းလင်းလာတာပဲ။
ကဲ … သံပူခိုက်မှာ ရုန်းလိုက်ကြစို့ရဲ့။
■ ဖတ်စရာ မှတ်စရာ
ဘာသာပြန်ဆောင်းပါး
ဒေသန္တရ ကွန်ရက်တွေနဲ့ ပူးပေါင်းမှုကို မြှင့်တင်သင့်နေပြီဖြစ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ နိုင်ငံတကာ အထောက်အပံ့များ
ICRC နဲ့ ဆွေးနွေးမှုအပြီး စစ်ကောင်စီ ထိန်းချုပ်ထားရာ နိုင်ငံပိုင် မီဒီယာတွေက အဲဒီ ဆွေးနွေးမှုတွေဟာ ICRC အဆိုပြုခဲ့သလိုမျိုး ရခိုင်ပြည်နယ်ထဲမှာ လူသားချင်းစာနာမှု အထောက်အပံ့တွေ ပို့ဆောင်ရေး ဆိုတဲ့ အကြောင်းအရာနဲ့ ဆက်နွှယ်မှုမရှိဘူးလို့ ဆောင်းပါးတစ်ပုဒ်နဲ့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ ဂျနီဗာ ကွန်ဗန်းရှင်းမှာ သတ်မှတ် ပြဋ္ဌာန်းထားတဲ့ သဘောတူညီမှုတွေကို လေးစား လိုက်နာဖို့ စိတ်ပိုင်းဖြတ်ထားတယ် ဆိုတာမျိုးတွေသာ ရေးသားထားခဲ့ပါတယ်။
တစ်နည်းအားဖြင့် အခုလိုမျိုး နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထိတွေ့ ဆွေးနွေးမှုတွေကို စစ်ကောင်စီက ကိုယ်ကျိုးအတွက် ခြယ်လှယ် အသုံးချနေတယ်ဆိုတာ ဒီအခြေအနေအတွေက အတိုင်းသား မြင်သာ စေပါတယ်။
လူသားချင်းစာနာမှု အထောက်အပံ့တွေကိစ္စကို စစ်ကောင်စီနဲ့ဆွေးနွေးပြီး အဆင်ပြေလိမ့်မယ်လို့ ယူဆ တယ်ဆိုရင်တော့ အရှိတရားကို သိမြင်နားလည်မှု အားနည်းတာ၊ ဒါမှမဟုတ် အထောက်အပံ့ကိစ္စကို နိုင်ငံရေးနဲ့ ရောထွေးတာမျိုး အဓိပ္ပါယ် ဖြစ်သွားနိုင်ပါတယ်။ သီးခြားလွတ်လပ်တဲ့ သုတေသီတစ်ဦး ဖြစ်သူ အက်ဒလီနာ ကာမဲလ်က အခုလိုမျိုး လုပ်ထုံးလုပ်နည်းတွေအတိုင်း လှေကြီးထိုး ရိုးရိုးပုံစံ ရှေ့ဆက်နေတဲ့ နိုင်ငံတကာ အစုအဖွဲ့တွေရဲ့ ဘက်မလိုက် ဝါဒစွဲဆန်ဆန် ချဉ်းကပ်မှုတွေကြောင့် ပဋိပက္ခတွေက ပိုတောင် နက်ရှိုင်းသွားနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကဏ္ဍတွေမှာ နှစ်ရှည်လများ မြှုပ်နှံ အားထုတ်ခဲ့သူ ဒေါ်ဥမ္မာခင်ကလည်း အဲဒီ အတွေးအမြင်နဲ့ ပတ်သက်လို့ အလေးအနက် ထောက်ခံ ပြောကြားခဲ့ပါ တယ်။ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ထိတွေ့ ဆက်ဆံတဲ့နေရာမှာ ကြားနေဝါဒနဲ့ စကားပြောလို့ မရနိုင်ဘူးလို့ သူကဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစဉ်တစိုက် အတိအလင်း ကျူးလွန်နေတဲ့ စစ်အာဏာရှင်ကို ဘက်မလိုက်ဝါဒ၊ ကြားနေဝါဒတွေ ကိုင်ဆွဲရင်း ထိတွေ့ ဆက်ဆံ တယ် ဆိုတာဟာ အန္တရာယ်ကြီးလွန်းတဲ့ လုပ်ရပ်မျိုးလို့ သူက ထောက်ပြသွားပါတယ်။
စစ်ကောင်စီနဲ့ ထိတွေ့ ဆွေးနွေးမှုတိုင်းဟာ တရားဝင်ဖြစ်စေ၊ အလွတ်သဘောဖြစ်စေ သင့်တော် မှန်ကန်မှု မရှိတဲ့အပြင် တကယ်တမ်း အထောက်အပံ့တွေ လိုအပ်နေတဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ ကောင်းကျိုးတွေအပေါ် ထိခိုက် သက်ရောက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အကြမ်းဖက် အစုအဖွဲ့တွေအဖြစ် နာမည်တပ်ခံထားရတဲ့ ဘယ်အင်အားစုနဲ့မှ ထိတွေ့ ဆက်နွှယ်စရာမလိုဘဲ ဒေသ အလိုက် ကယ်ဆယ်ရေးနဲ့ လူမှုကူညီရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနေတဲ့ ဒေသန္တရ အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်မှုတွေကိုလည်း လျှော့တွက်ရာ ရောက်သွားပါလိမ့်မယ်။
နောက်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်မှုတိုင်းဟာ သမိုင်းကြောင်း ရှည်လျားလှတဲ့ အာဏာရှင် ဆန်ဆန် အုပ်စိုးမှုတွေ၊ အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ချက်က စစ်အာဏာရှင်တွေဟာ အမျိုးသား ပဓာန ဝါဒမျိုးကို ပိုမိုလက်ကိုင်ပြုပြီး လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးတွေအပေါ် အကာအကွယ်ပေးမှုနဲ့ အမျိုးသမီးတွေရဲ့ ထဲထဲဝင်ဝင် ဆောင်ရွက်ပိုင်ခွင့်တွေကို ငြင်းဆန် ပိတ်ပင်ခဲ့ပါတယ်။
ICRC က ဘက်မလိုက်တဲ့၊ ကြားနေတဲ့၊ လွတ်လပ်တဲ့ မူဝါဒမျိုးကို ကိုင်ဆွဲကြောင်း ကြေညာထားပေမယ့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) ကတော့ စစ်တပ်နဲ့ အစဉ်အဆက် ပူးပေါင်း အလုပ်လုပ်ခဲ့တဲ့ သာဓကတွေ ရှိနှင့်ပြီးသားပါ။ စစ်တပ်ဟာ MRCSကို တပ်ဖွဲ့စည်းပုံလက်အောက်မှာ ၁၉၉၆ ခုနှစ် ကတည်းက သွတ်သွင်းထားခဲ့ပါတယ်။ စိုးရိမ်စရာ နောက်တစ်ချက်ကတော့ MRCS ရဲ့ လက်ရှိ ထိပ်ပိုင်း အမှုဆောင်ကော်မတီ အဖွဲ့ဝင်တွေ ဆိုတာဟာ အရင်က စစ်ဘက်ရာထူး လက်ကိုင်ရှိခဲ့သူတွေ ဖြစ်နေတာပါပဲ။
(People’s Spring သတင်းဌာနတွင် ဘာသာပြန် ဖော်ပြထားသည့် The Diplomat၏ Engagements With the Myanmar Military Undermine Localized Approaches to Humanitarian Assistance ဆောင်းပါး မှ ကောက်နုတ် ဖော်ပြပါသည်။ အပြည့်အစုံကို https://tinyurl.com/mrxecs2u လင့်ခ်မှတဆင့် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။)
Be the first to comment