“The Call ရဲ့ မနက်စာ”
-၂၀၂၄ စက်တင်ဘာ ၂၄ အင်္ဂါနေ့ –
ဝေဖန်ထောက်ပြတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဝေဖန်ရေးကနေ ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ်ပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်း၊ အဲဒီထက်ပိုချဲ့ရင် ကိုယ့်နိုင်ငံ စသည်အားဖြင့် အဆင့်တိုင်းမှာ သိပ်ကို လိုအပ်တဲ့ကိစ္စပါ။ ဝေဖန်ရေးမရှိရင် ‘အားလုံးကောင်းပါသည် ဆရာကြီး’ ဆိုတာမျိုးဖြစ်ပြီး ဘာ တိုးတက် ပြောင်းလဲမှုမှ ရှိတော့မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဘယ်လို ဝေဖန်တာလဲဆိုတာတော့ အလေးထား စဥ်းစားရမယ်လို့ တွေးမိပါတယ်။ ဆိုလိုချင်တာက ပြောလိုက်ရ ပြီးရော ဝေဖန်နည်းကားလား၊ ဒေါသသင့်တဲ့ ဝေဖန် နည်းကားလား၊ ငါ့စကား နွားရ ဝေဖန်နည်းကားလား၊ ငါသိ ငါတတ် ကျန်တဲ့လူ ငါ့လောက်မသိ ငါ့လောက်မတတ် ဝေဖန်နည်းကားလား၊ ခွင်တော့ တည့်ပြီဟဲ့ စော်ထည့်လိုက်မယ်ဟဲ့ ဆိုတဲ့ ဝေဖန်နည်းကားလား စသည် ပေါ့လေ …
ဝေဖန်တယ်ဆိုတာ စေတနာပါဖို့က အဓိကလို့လည်း တွေးမိပါတယ်။ စေတနာမပါတဲ့ ဝေဖန်နည်းကား ဟာ ဘယ်လိုနည်းနဲ့မှ လိုရင်းကို ရောက်မှာမဟုတ်ပါဘူး။ စေတနာမှ မရှိရင်တော့လည်း အပြုသဘော ဆောင် ဝေဖန်ရေးဆိုတာမျိုး ဖြစ်လာမှာလည်း မဟုတ်ပါဘူး။
တခါ ဝေဖန်တဲ့ အဓိကရည်ရွယ်ချက်ကရော ဘာလဲဆိုတာ စဥ်းစားသင့်တယ်လို့ တွေးမိပါသေးတယ်။ ရည်ရွယ်ချက်က ပြင်စေချင် ပြောင်းစေချင်တာဆိုရင် ပြင်တဲ့ ပြောင်းတဲ့အဆင့် ရောက်လာအောင် ပြောဆိုဖို့ လိုမှာပါပဲ။ ရည်ရွယ်ချက်က ပြောလိုက်ရပြီးရော ဆိုရင်တော့လည်း ဘာမှ ထွေထူး စဥ်းစား နေဖို့ မလိုဘူးပေါ့လေ။
ကိုယ်က နည်းမှန်လမ်းမှန်နဲ့ ဝေဖန်တယ်ဆိုရင်တောင်မှ ကိုယ်ဝေဖန်တဲ့ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက တော်တည့်မှန်ကန်စွာ ယူလိမ့်မယ်လို့ မျှော်လင့်မရနိုင်ပါဘူး။ ဝေဖန်လိုက်တာနဲ့ ငါ့ကိုချတာပဲ၊ ငါတို့ကို ချတာပဲ ဆိုပြီး အနှစ်သာရကို သေချာမကြည့် မျက်စေ့ နား ဦးနှောက်ပိတ်ပြီး အကန် ပြန်လုပ်ကြတာတွေက အများကြီးပါ။
ဝေဖန် ထောက်ပြသူကလည်း တော်တည့်မှန်ကန်ပါမှ၊ ဝေဖန် ထောက်ပြခံရသူကလည်း ဦးနှောက်ကြီး သူဖြစ်ပါမှ ဝေဖန်တာကနေ ကောင်းကျိုးရလဒ် ထွက်လာနိုင်မယ်လို့ မြင်မိပါတယ်။
တော်တည့်မှန်ကန်စွာ ဝေဖန် ထောက်ပြနိုင်ကြပါစေ၊ ဦးနှောက်ကြီးစွာ မြင်တတ် ယူတတ်ကြပါစေ။
■ အလေးထားစရာ သတင်းတိုထွာ
– တောင်းခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏ အမြောက်တပ် (၂၀၆) တပ်စခန်းနှင့် တောင်းခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်း (၉၀၂) တပ်စခန်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။
ယနေ့ နံနက် ၉ နာရီခွဲကျော်တွင် စစ်ကောင်စီ အမတ (၂၀၆) တပ်၌လည်းကောင်း၊ ညနေ ၄ နာရီခွ ဲကျော်တွင် တောင်းခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်း (၉၀၂) တပ်ခန်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့ကို စစ်ကောင်စီက Jet Fighter ဖြင့် ဗုံး (၂) လုံး၊ မကျီးရေရွာရှိ အမတ (၃၅၄) တပ်စခန်းနှင့် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနေရာတွင် Y-12 ဖြင့် (၇) ကြိမ် ဗုံး (၆၀) လုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့သည်ဟု TNLA က အသိပေးသည်။
(People’s Spring – https://tinyurl.com/2s4e5rs8)
– ပန်းတောင်းမြို့နယ်၊ ပြည်မြို့နှင့် ဝါးခယ်မမြို့နယ်တို့တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးခြင်းနှင့် ငွေ ခြိမ်းခြောက် တောင်းခံမှုများ အကြီးအကျယ်ဖြစ်နေ
ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထိပ်ပေါက်ကျေးရွာအုပ်စု၊ ထိပ်ပေါက်ရွာ ကျေးရွာ အုပ်ချုပ်ရေးမှူး ကြည်မြင့်၊ ရာအိမ်မှူး အေးဝင်း၊ ဆယ်အိမ်မှူးများဖြစ်ကြသည့် မြင့်ရွှေ၊ ဖိုးပု၊ သိန်းဦး၊ မျိုးပုနှင့် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး လှမင်းတို့က ထိပ်ပေါက်ကျေးရွာအုပ်စုအတွင်းမှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိသော လူငယ်များကို အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ လုပ်ဆောင်လာကြောင်း၊ ထို့ပြင် စစ်မှုမထမ်းရသော နေအိမ်များမှ တစ်အိမ်လျှင် ငွေကျပ် ၁၅,၀၀၀ ကျပ် အတင်းအဓမ္မ ကောက်ခံကာ တိုင်ချင်ရာတိုင်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“လူငယ်ရှိတဲ့ အိမ်တိုင်းကို မှတ်ပုံတင် အိမ်ထောင်စုစာရင်း တောင်းပြီး ဒီလာမယ့် စစ်မှုထမ်းအပတ်စဉ် ၆ အတွက် မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီး စာရင်းကောက်တယ်။ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အားလုံးပါ။ မဲမနှိုက်ဘူး။ အားလုံး စစ်မှုထမ်းရမယ်။ မထမ်းရင် ဖမ်းမယ်။ ကျန်ခဲ့တဲ့ လပိုင်းတုန်းကလည်း တစ်အိမ်ကို ငွေ ၁၅,၀၀၀ ကျပ် စစ်မှုမထမ်းရတဲ့ အိမ်တိုင်းဆီက ကောက်တယ်။ တိုင်ချင်ရာတိုင်လို့ ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
(Khit Thit Media- https://t.me/khitthitnews/201818)
– အင်းစိန်နဲ့ မုံရွာက နိုင်ကျဉ်းတွေအပါအဝင် အကျဉ်းသား ရာနဲ့ချီ ထောင်ပြောင်း
အင်းစိန်ထောင်မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ နီးပါးအပါအ၀င် အကျဥ်းသား စုစုပေါင်း ၅၀၀
နီးပါးလောက်ကို စက်တင်ဘာ (၂၂) ရက် မနေ့က သာယာဝတီနဲ့ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့
နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဦးသိုက်ထွန်းဦးက ဗွီအိုအေကို ပြောပါတယ်။
“အယောက် ၂၀၀ လောက်ပြောင်းတယ်။ နိုင်ကျဉ်းအရေအတွက်တော့ အတိအကျ မရသေးဘူးပေါ့၊
၂၀၀ လောက်ပြောင်းတယ်။ ထောင်ဒဏ် ၁၀ နှစ်အထက်၊ ၅ နှစ်အထက်တွေလည်း ပါတာပေါ့။
အရေအတွက် အတိအကျတော့ မသိရဘူး။ ကျား ၁၀၀ လို့တော့ သိရတယ်၊ သာယာဝတီကို ရောက်တာကလေ။ အမျိုးသမီးကတော့ မသိရသေးဘူး၊ ၂၀၀ ဝန်းကျင်လောက်ရှိမယ်။ အဲဒါ သာယာဝတီရောက်တာ ၉ ခွဲ ၁၀ ခွဲလောက်မှာ ရောက်ခဲ့တာ။ ဒိုက်ဦးကိုတော့ ၁၂ နာရီဝန်းကျင် လောက်မှာ ရောက်တယ်လို့ သိထားရတယ်။ ၂၆၀ လောက် ရောက်တယ်ပြောတယ်။ ကျား/မ ဘယ်လောက်ဆိုတာ မသိရသေးဘူး။ အဓိကက နိုင်ကျဉ်းတွေပါတယ်။ ၁၀ နှစ်အထက်၊ ၅ နှစ်
အထက်တွေပါတယ်လို့ ကျနော်တို့သိထားတယ်။”
(ဗွီအိုအေ မြန်မာဌာန: https://t.me/burmesevoanews/6051)
– ဘန်ကောက်က မြန်မာသံရုံးရှေ့ ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြ
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းပေးဖို့ဆိုပြီး ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်မြို့က စစ်ကောင်စီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ စက်တင်ဘာလ ၂၃ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူ သုံးဆယ်ခန့်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းဝင်ရောက်လာမှုကို ဖြေရှင်းဖို့နဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ဆိုပြီး အဲဒီဆန္ဒပြပွဲမှာ တောင်းဆိုခဲ့ကြပါတယ်။
စက်တင်ဘာလ ဒုတိယပတ်အတွင်းက ထိုင်းအမျိုးသားရေးအဖွဲ့ သုံးဖွဲ့က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ကန့်သတ်မှုလုပ်ဖို့ အချက် ရှစ်ချက်ပါ စာတစ်စောင်ကို ထိုင်းအစိုးရကို ပေးပို့တောင်းဆိုမှုတွေ လုပ်ပြီးနောက် အခုလိုလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်လာတာလို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
(RFA Burmese: https://t.me/rfaburmeseofficial/11244)
■ ဖတ်စရာ မှတ်စရာ
“မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက် ပိုပြီးမှ မြင်လာရမယ်”
… ကျနော်တို့ ဒီ Local Level စဉ်းစားချက်ရှိသလို။ ပြည်ထောင်စုတခုလုံးပေါ့။ အဲဒီလိုမျိုး စဉ်းစားချက် လည်းရှိတယ်။ Local တခုထဲကို စဉ်းစားပြီးမှ တခြားဟာတွေ မစဉ်းစားဘူးဆိုရင် ကျနော်တို့ရဲ့ ဒေသ အဆင့် Strategy နဲ့ မျှော်မှန်းချက်က မအောင်မြင်နိုင်ဘူး။ အလုပ်မဖြစ်ဘူး။ ပြည်ထောင်စုတခုလုံးကို သေချာစဉ်းစားဖို့လိုတယ်။ ပတ်ဝန်းကျင်ကို စဉ်းစားဖို့လိုတယ်။ ဒီဟာတွေကို အချိုးညီညီစဉ်းစားပြီးမှ အချိန်ကိုက် အလုပ်လုပ်ရမယ်။ ပါတနာတွေ ဖွဲ့ရမယ်။ မဟာမိတ်တွေ ရှိရမယ်။ ဆိုတော့ ကျနော်တို့လို မျိုး ဘဝတူတွေ တိုင်းရင်းသားတခုတည်းကို တခြားသောပေါ့လေ Ethnic Minority တခုတည်းကို ပြောတာမဟုတ်ဘဲနဲ့ Majority Burmese တွေကိုလည်း ကျနော်တို့က အသေအချာစဉ်းစားဖို့လိုတယ်။ သူက အဓိကပြောင်းလဲမှုရဲ့ အခြေခံအင်အားပဲ။ သူ့ပြည်သူတွေရဲ့ လိုအပ်ချက်တွေက ဘာလဲ။ သူက ဘာကို လိုချင်သလဲဆိုတာတွေကို ကူညီပြီးမှ ကျနော်တို့ အချင်းချင်းကြားမှာ ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ခဲ့ပြီဆိုရင် ကျနော်တို့အကုန်လုံး လိုအပ်နေတဲ့ ဒီဟာပေါ့ အပြောင်း အလဲတွေ။ ပြီးတော့ တရာမှာ တရာ ပျော်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပြဿနာတွေကို ဖြေရှင်းပြီးမှ အလုပ်ဖြစ်တဲ့စနစ်တွေကို ကျနော်တို့ စတင်နိုင်မှာဖြစ်တယ်။
ရခိုင်တွေပြောနေတဲ့ Confederate ဆိုတာကလည်း ဒါ တကယ်ပြောတာ ဖြစ်ပါတယ်။ ကျနော်တို့က ဒီဟာကိုပြောလို့ ဟိုဟာလုပ်လို့ ဒီဟာကိုလည်း ပြောနေတယ်။ ပြည်မတွေမှာ တခြားဒေသတွေမှာ လည်း ဝင်တိုက်နေလို့ ပြောတာနဲ့ လုပ်တာ Consistent မဖြစ်ဘူးဆိုတဲ့ ဝေဝါးမှုမျိုး ဖြစ်စရာမလိုဘူး။ ကျနော်တို့ လုပ်နေတဲ့အလုပ်များသည် ကျနော်တို့ရဲ့ နိုင်ငံရေးအခြေခံ အတွေးအခေါ်တွေနဲ့ ထပ်တူ ကျအောင်ကို လုပ်နေတာဖြစ်တယ်။ ဒီမှာ ခုနပြောသလိုမျိုး အထိုင်ကတော့ ဒီလိုမျိုးအထိုင်ကနေ စပြီး စဉ်းစားတာဆိုပေမယ့် လူမျိုးပေါင်းစုံလွတ်မြောက်ရေးက အရေးကြီးတယ်။ ဒီဟာ အရေးကြီးတဲ့ Strategy ကို အကောင်အထည်ဖော်ရင်းနဲ့ ဒီဟာကို Parallel အကောင်အထည်ဖော်ရမယ်။ ပြီးတော့ Post-revolution အခြေအနေမှာလည်းပဲ ကျနော်တို့ရဲ့ Common Interest တွေပေါ့။ ဒီ ဗမာလူမျိုးတွေ အတွက်လည်း နောင်တချိန် ဖက်ဆစ်အာဏာရှင်အောက်ကို မရောက်သွားဖို့ ဘယ်လိုလုပ်ရမှာလဲ။ နောက် တခြားလူမျိုးစုတွေမှာလည်း ဘယ်လိုလုပ်ရမလဲဆိုတာ အခုတော့ ချက်ချင်း ကျနော်တို့မှာ ဖော်ပြီးသားဆေးတော့ မရှိသေးဘူး။ ဒါပေမယ့် ဒီဟာကို ကျနော်တို့ တဖြည်းဖြည်းချင်းနဲ့တော့ အပြုသဘောဆောင်ခြင်း၊ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ တယောက်နဲ့တယောက် နားလည်ခြင်းတွေနဲ့ ဖော်ဆောင်ရမှာပဲ။ စိန်ခေါ်မှုတော့ ရှိမှာပဲ။
*******************
မြန်မာစစ်တပ်ပြိုသွားရင် နိုင်ငံတစစီပြိုကွဲသွားမလားဆိုတဲ့ အတွေးအခေါ်ကို တဖက်က ပြန်ပြီး လှည့်ပြီးမှ ဒီဘက်က မြင်တဲ့အမြင်ကို သူ့ရဲ့ Perception ဆိုတာက သူဘယ်လိုမြင်လဲဆိုတာက သူဘယ်လို ဘယ်နားကနေ ကြည့်သလဲဆိုတာပေါ်မှာ မူတည်တာပေါ့။ ကျနော်တို့ အဲဒီမြင်ကွင်းကို ဒီဘက်ကနေ လှမ်းပြီးပြန်ကြည့်ရင် ဒီစစ်တပ် ပြိုသွားရင် နိုင်ငံတစစီပြိုကွဲသွားမှာလားဆိုတာထက် ဒီစစ်တပ်ရှိနေရင် အခုဘာဖြစ်နေသလဲဆိုတဲ့ လက်ရှိအခြေအနေ အရင်မြင်အောင် ကျနော်က မီးမောင်းထိုးပြချင်တယ်။ ပြိုရင်ဘာဖြစ်နိုင်သလဲဆိုတာထက် ဒီဟာရှိနေတဲ့အတွက် အခု ဘာဖြစ်နေ သလဲ။ တိုင်းရင်းသားတွေလည်း မအေးချမ်းဘူး။ ဗမာတွေလည်း အေးချမ်းသလားဆိုတော့ ဗမာလည်း ပြည်တွင်းစစ် တိုက်နေရတာပဲ။ ဆိုတော့ ဒီဟာရှိနေခြင်းရဲ့ လက်ငင်းအကျိုးကျေးဇူးက ဒီဟာဖြစ်နေ တယ်။
နောက် ပြည်ထောင်စုဆိုတဲ့ ကိစ္စပေါ့လေနော်။ တချို့ကတော့ မြန်မာနိုင်ငံဆိုပြီး ဒီလိုမျိုးပြောလိုက် တယ်။ မြန်မာနိုင်ငံဆိုပြီး ပြောလိုက်ပြီဆိုရင်တော့ ဒါတပြည်ထောင် မြန်မာနိုင်ငံလို့ ပြောတာနဲ့တူတယ်။ ပြည်ထောင်စုလို့ ပြောလိုက်ရင်တော့ ပိုပြီးမှ နားလည်ရလွယ်တယ်။ ဒါ အရှိတရားနဲ့လည်း Visualize ဖြစ်အောင် ကျနော် မြန်မာပြည်ထောင်စုလို့ ပြောတာဖြစ်တယ်။ ဆိုတော့ ဒီပြည်ထောင်စုကို အမည်ခံ သက်သက်ထားပြီးမှ တည်တံ့နေတာဖြစ်တယ်။ ဆိုတော့ သူက ပြည်ထောင်စုလို့ပြောပြီးမှ သူ့ရဲ့ စစ်တပ်ကလည်း ပြည်ထောင်စုစစ်တပ်ရဲ့လုပ်ရပ်ကို မလုပ်ဘဲနဲ့ အမျိုးသားအစွန်းရောက် လက်နက် နိုင်ငံပေါ့ဗျာ။ အရင်တုန်းက ဗမာပဒေသရာဇ်တွေခေတ်က လက်နက်နိုင်ငံ တည်ထောင်သလိုမျိုး ပြည်ထောင်စုတပ်မတော်တခုရဲ့ ကြန်အင်လက္ခဏာတို့၊ အခြေခံ Ideology တွေကို မလုပ်ဘဲနဲ့ ပဒေသရာဇ်ဆန်တဲ့ လူမျိုးစုရဲ့ အတွေးအခေါ်ကို အခြေခံပြီးလုပ်လာတဲ့ စစ်တပ်ဆိုတော့ လက်ရှိရှိနေတဲ့ ပြည်ထောင်စုတခုကို ကာကွယ်ဖို့ လုံလောက်တဲ့အတွေးအခေါ်လည်း မရှိဘူး။ ဖွဲ့စည်းပုံကလည်း သူ့ရဲ့ Ideology ကို ပြောမလား။ အဲဒီကနေ Doctrine ကို ပြောမလား။ အဲဒီ Ideology တို့ Doctrine တို့ကို အခြေခံပြီးမှ ဖြစ်လာတဲ့ သူ့ရဲ့ Performance တွေပေါ့နော် Action တွေက ဒါလိုအပ်ချက်တွေနဲ့ လွဲချော် နေတယ်။ ဆိုတော့ ပြောမယ်ဆိုရင်ဗျာ ဒီပြည်ထောင်စုဆိုတာပဲလည်း ကျနော်တို့က လိုရာဆွဲပြောကြရ ရင်တော့ ဗမာပြည်ခေတ်ကပဲ အင်ပါယာတွေက စုစည်းခဲ့သလိုမျိုးပေါ့။ ဒါပေမယ့် အဲဒီခေတ်တုန်းက လက်နက်နိုင်ငံတည်ထောင်တဲ့အချိန်မှာ ဘုရင်တပါး ဘုန်းလက်ရုံးအားကောင်းတဲ့အချိန်မှာ တိုက်တယ်၊ တိုက်ပြီးမှ ကောင်းတဲ့ဟာတွေကို ယူလာခဲ့တယ်။ ပြီးရင် သူသေရင် ဒီဟာက မရှိတော့ဘူး။
လက်ရှိ ကျနော်တို့ရှိနေတဲ့ Modern Burma ဆိုတာကတော့ ဒါ Colonial Legacy ပဲ။ ဒါက အရှိတရားပဲ။ ကျနော်တို့ ဒီဟာကိုရတဲ့အချိန်မှာ အကုန်လုံးပါဝင်ပြီးမှ ပြည်ထောင်စုစစ်တပ်ကိုလည်း ပြည်ထောင်စု ကို ကာကွယ်ဖို့။ လိုအပ်တဲ့ အခြေခံ ဒီ Ideology တွေရော၊ Doctrine တွေရော၊ နောက်ပြီး ဖွဲ့စည်းပုံတွေ၊ ဦးဆောင်မှုပုံစံတွေ၊ ဒါတွေကို အချိုးကျ အောင်လုပ်ပြီးမှ ပြည်ထောင်စု စစ်မှန်တဲ့ဟာ ဖြစ်လာမှာ။ အခု က ဒီစစ်တပ်က ပြည်ထောင်စုဆိုတာကို အမည်ခံအရပဲ ပြောပြီးမှ သူလုပ်တာက လူမျိုးစုစစ်တပ်လို မျိုး၊ ဖက်ဆစ်စစ်တပ်လိုမျိုး သွားတယ်။ ဆိုတော့ တခြားလူမျိုးစုတွေကလည်း မလွတ်လပ်ဘူး။ နောက်ဆုံး အဲဒီသူ့ရဲ့ အတွေးအခေါ် အရမ်းအဆင့်မြင့်လာတာပေါ့။ ပြောရမယ်ဆိုရင် ကျနော်တို့ သရဲ ကားတွေကိုကြည့်ရင် အဲဒီသရဲက သွေးတွေသောက်၊ လူတွေသတ်ပြီးမှ ပိုပြီးအားကောင်းလာတဲ့ အချိန်မှာ ကိုယ့်အိမ်သားကို ကိုယ်စားလိုက်ပြီလေ။ ဆိုတော့ ခင်ဗျားတို့လည်း အဲဒီ သွေးစုပ်ဖုတ်ကောင် ရဲ့ဒဏ်ကို ကြောက်ပြီးမှ အိမ်တွေပြာကျကုန်ပြီပေါ့။ ဆိုတော့ ဒီဟာကို ကျနော်တို့က ပြောင်းလဲဖို့ လိုတယ်။ ဒါကြောင့် ဒီစစ်တပ်ရှိရင် စစ်တပ်ပြိုရင် ပြည်ထောင်စုပြိုမလားဆိုတာကတော့ လက်ရှိ အခြေအနေကိုပဲ အရင်မြင်အောင်ကြည့်ရင်တော့ ဘာလုပ်သင့်တယ်ဆိုတာကို လူတိုင်း စဉ်းစားတတ် မှာလို့ ကျနော် မျှော်လင့်ပါတယ်။
(ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဧရာဝတီသတင်းဌာန ဆက်သွယ် မေးမြန်းချက်မှ။ အပြည့်အစုံကို https://tinyurl.com/57222s4n တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။)
Be the first to comment