မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ”
-၂၀၂၄ ​​နိုဝင်ဘာ ၂၁ ​​ကြာသပ​တေးနေ့ –
■ မနက်ခင်းအတွေး
The world is stage We are players ဆိုသည့် အဆိုအမိန့်တခုကို ငယ်ငယ်ထဲက ကြားဖူးထားသော်လည်း အဓိပ္ပါယ်အစစ်အမှန်ကို ကြီးလာမှ ခံစားတတ်လာသည်။ ဘဝဆိုတာ မလိုချင်တာက ၇၀ ရာခိုင်နှုန်း၊ လိုချင်တာက ၃၀ ရာခိုင်နှုန်းနဲ့ သွားနေတာလို့ ဆရာတယောက်က ပြောဖူးသည်။ ဇာတ်ခုံပေါ်ရောက်သွားရင်တော့ လိုချင်တာပဲဖြစ်ဖြစ် မလိုချင်တာပဲဖြစ်ဖြစ် ပြီးဆုံးအောင်ကရမှာပဲမဟုတ်လား။ တချို့သောဇာတ်ညွှန်းတွေက အစအဆုံး မင်းသားမင်းသမီး ဖြစ်ရသည်။ တချို့ကျတော့ အမြဲတမ်း ဗီလိန်။ တချို့ကျတော့လည်း အနိမ့်အမြင့်အတက်အကျပေါင်းများစွာနဲ့။ နံမယ်ကြီးအငြိမ့်သီချင်းတပုဒ်ရှိသည်။ ” ငိုချင်ရက်နဲ့ ဇာတ်ကွက်ကိုစ ရီလိုက်ရတယ် လွမ်းတသက်သက် ငိုချင်ရက်နဲ့ကွယ် ” အဲ့ဒီလိုဇာတ်ရုပ်မျိုးကျ ပိုခက်မည်ထင်သည်။ မိမိလိုချင်သည့်ဇာတ်ရုပ် ကခွင့်ရှိသလားဆိုလျှင်တော့ ရှိတယ်လို့ ရာနှူန်းပြည့်မဟုတ်တောင် ရှိနိုင်တယ်လို့ ဖြေပါမည်။ လူတိုင်းက မိမိစိုက်ပျိုးတဲ့အတိုင်း ရိတ်ရသည်မဟုတ်လား။
ကိုယ်မကျုးလွန်ဘဲနဲ့ ခံရတဲ့အပြစ်တွေအတွက်ကျတော့ ချွင်းချက်လို့ သဘောထားရတော့မည် ထင်သည်။ အဲ့ဒီချွင်းချက်ကို အထင်ရှားဆုံးပြနိုင်တာက ဒီနွေဦးတော်လှန်ရေးပဲဖြစ်သည်။ အားလုံးက ကိုယ် မစတင်ခဲ့သောအရာများသာဖြစ်သည်။ ကိုယ်မလုပ်ခဲ့သောအရာတွေအတွက် အသက်ပေးနေကြရသည်။ ဘဝတွေ ပေးရသည်။အနာဂါတ်တွေ ပေးနေရသည်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပျက်စီးမှုတွေက ကိုယ့်ပယောဂ ကင်းသည်။ ကိုယ်မကျုးလွန်ခဲ့သောကိစ္စတွေကြောင့် ကိုယ်တွေပေးဆပ်နေရတာကိုပင် စိုက်ပျိုးတာလို့သတ်မှတ်ရင်တော့ အောင်ပွဲရဲ့ အသီးအပွင့်တွေကို တချိန်မှာရိတ်သိမ်းရမှာ သေချာပါသည်။
■ သတင်း
– ကချင်အထူးဒေသ-၁ အတွင်း တရုတ်-မြန်မာ တရားဝင်ကုန်သွယ်ရေးဂိတ်ဖြစ်သော ကန်ပိုက်တီမြို့အား ယနေ့မနက်ပိုင်းမှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း KIA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
KIA ထိုးစစ်ကြောင့် မြို့အတွင်း တိုက်ပွဲဖြစ်ပွားကာ မြို့ခံများ တိမ်းရှောင်ခဲ့ရပြီး စစ်တပ်စခန်းကုန်းလည်း မီးလောင်နေသည်ကို တွေ့ရှိရကြောင်း ဒေသခံတဦးက ပြောသည်။
ဒေသအခြေပြုသတင်းဌာနများ၏ ဖော်ပြချက်အရ ယနေ့ညနေပိုင်းတွင် ကန်ပိုက်တီမြို့အား KIA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံမှုများရှိကြောင်း သိရသည်။
The Irrawaddy-Burmese
– အမေရိကန်နိုင်ငံမှ သာသနာရေးကိစ္စဖြင့် ခေတ္တကြွလာသည့် ရွှေဝါရောင် ဆရာတော် ဦးပညာဇောတ (နတ်ဇော)အား စစ်ကောင်စီက ဖမ်းထားသည်မှာ တပတ်ကျော်ပြီဖြစ်ရာ ယခုတိုင်အဆက်အသွယ်မရ၍ နိုင်ငံရေး အကျဉ်းသားဟောင်းများ သံဃာတော်များ နှင့် တပည့်ဒကာ၊ ဒကာမများက အသက်အန္တရာယ်အတွက် စိုးရိမ်ပူပင်ကြောင်း ပြောသည်။
ဦးပညာဇောတမှာ အမေရိကန်နိုင်ငံ ဘတ်ဖဲလိုးမြို့ မေတ္တာပါရမီကျောင်းတိုက် ဆရာတော်ဖြစ်ပြီး ရန်ကုန်မြို့ မင်္ဂလာဒုံမြို့ နယ်၌ သာသနာရေးကိစ္စများ ဆောင်ရွက်ရန် ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးသို့ တရားဝင်ဗီဇာလျှောက်၍ ကြွလာစဉ် နိုဝင်ဘာ ၁၃ ရက်က မင်္ဂလာဒုံမြို့နယ် စော်ဘွားကြီးကုန်းတွင် အဖမ်းခံလိုက်ရခြင်းဖြစ်သည်။
ထိုသို့ ဆရာတော်ဖမ်းဆီးခံရမှုကို အမေရိကန်သံရုံးအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အကြောင်းကြား စုံစမ်း သော်လည်း ယနေ့အထိ အဆက်အသွယ် မရရှိသေးကြောင်း ဆရာတော်နှင့်နီးစပ်သည့် နိုင်ငံရေးအကျဉ်း ဟောင်းတဦး က ပြောသည်။
အဖမ်းခံထားရသည့် ဆရာတော် ဦးပညာဇောတသည် သက်တော် ၆၄နှစ်၊ ဝါတော် ၄၄ဝါ ရှိပြီး ဆီးချို၊ သွေးချိုနှင့် ဆီးကျိတ် ရောဂါများအတွက် ဆေးဝါးပုံမှန်သုံးစွဲနေရသဖြင့် စစ်ကောင်စီ ဖမ်းဆီးထားစဉ် နှိပ်စက်မှုများအပြင် ကျန်းမာရေးပိုမို ဆိုးရွား လာမည်ကိုလည်း စိုးရိမ်နေရသည်ဟု ဆရာတော်နှင့် နီးစပ်သူများက ပြောသည်။
ဆရာတော် ဦးပညာဇောတသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော်များထဲမှ တပါးဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဖွဲ့စည်းလှုပ်ရှားခဲ့ပြီး ဖမ်းဆီးမှုများကြောင့် ပြည်ပသို့ တိမ်းရှောင်ခဲ့သူ ဖြစ်သည်။
The Irrawaddy-Burmese
– မနှစ် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝန်း မြေမြှုပ်မိုင်းပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူအများဆုံးဟာ မြန်မာနိုင်ငံဖြစ်တယ်လို့ မြေမြုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေး အဖွဲ့ – ICBL က ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြောပါတယ်။ ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ထိခိုက် ဒဏ်ရာရသူ မနှစ်က ၁,၀၀၀ လောက် ရှိခဲ့တယ်ဆိုပေမယ့် တကယ့်အရေအတွက်ဟာ အဲဒီထက် ၂ ဆ၊ ဒါမှမဟုတ် ၃ ဆ လောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေခဲ့တာကြောင့် စစ်ဖြစ်တဲ့နေရာ အတော်များများမှာ မြေမြှုပ်မိုင်းတွေ ရှိနေတာပါ။
မြေမြှုပ်မိုင်းကြောင့် မနှစ်၊ ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၁,၀၀၃ ဦး သေဆုံး၊ ဒါမှမဟုတ် ထိခိုက် ဒဏ်ရာရခဲ့တယ်လို ICBL က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလောမှာလည်း ပဋိပက္ခတွေဖြစ်နေတဲ့အတွက် မြေမြှုပ်မိုင်း ဘယ်လောက်ရှိနေတယ်ဆိုတာကို ကွင်းဆင်း စစ်တမ်းကောက်ယူဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းကြောင့် မနှစ်က ဆီးရီးယားမှာ ၉၃၃ ဦး၊ အာဖဂန်နစ္စတန်မှာ ၆၅၁ ဦးနဲ့ ယူကရိန်းမှာ ၅၈၀ ဦး အသီးသီး သေဆုံး၊ ဒဏ်ရာရာမှုတွေ ရှိခဲ့တယ်လို့ ICBL ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
VOA Burmese
■ ဖတ်စရာမှတ်စရာ
ကချင်တရုတ်နယ်စပ်က ကန်ပိုင်တီ(မြို့) ဘယ်ကတည်းက ရှိခဲ့လဲတော့မသိဘူး။ မဆလခေတ်မှာ ရှိတယ်။ မြို့အဆင့်က နဝတခေတ်မှာ ပေးလိုက်တာ။ မဆလခေတ်ကတော့ ဗကပထိန်ူချုပ်နယ်မြေတွေပဲ။ ကချင်ပြည်နယ် အရှေ့မြောက် ချီဗွေ ဆော့လော့ ထော့ဂေါ့ စင်ကြိုင် ကန်ပိုင်တီ ပန်ဝါ တွေအကုန် ဗကပနယ်မြေပဲ။ ၈၈ အပြီး ဗကပပြိုကွဲတော့ ခင်ညွှန့်ခွဲတမ်းအရ လော်ဝေါ်လူမျိုးစုအခြေခံ ဇခုန်တိန့်ယိန်းရဲ့ NDA နယ် ဖြစ်လာတယ်။ ခုလည်း NDA က မအလရဲ့ BGF သဘောပဲ။ လာရွှေမင်း(ဦးရွှေမင်း) က NDA ကနေ ခွဲထွက်လာတာ။ မူလ လာရွှေမင်းတို့မိသားစုတွေက မဆလပါတီက။ စစ်ကိုင်းတိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်ဆင်းတွေ။ ၈၈ ပြီးမှ တောထဲရောက်သွားကြတာ။ ကချင်ပြည်နယ်မှာ လော်ဝေါ် လီဆူ ရဝမ် ရှမ်းနီကိစ္စတွေဟာ ခင်ညွန့်ထားခဲ့တဲ့ မြန်မာစစ်တပ်ပရောက်ဇီတွေ။ မအလ ဆက်သုံးတာပဲ။ ထားပါတော့။
အခု ကန်ပိုင်တီဟာ နယ်စပ်ကုန်သွယ်ရေးမြို့ပဲ။ တရုတ်နဲ့ မြန်မာ နယ်စပ်မှာ တောင်ကို ဥမင်လှိုဏ်ခေါင်းဖောက်ပြီး ဆက်သွယ်ထားတယ်။ ဥမင်အလယ်ဟာ နှစ်နိုင်ငံနယ်ခြားပဲ။ ၂၀၁၁ လောက်က အဲဒီဥမင်ကနေ တရုတ်ဘက်ခြမ်းကို သွားဖူး ရောက်ဖူးပါတယ်။ ၈၅ လောက်က မဆလ-ဗကပ စစ်ပွဲမှာတော့ စင်ကြိုင်တောင်ထိပ်အထိ ပေါ်တာအနေနဲ့ ရောက်ခဲ့ဖူးတယ်။ ကန်ပိုင်တီကို မသိမ်းနိုင်သေးဘူး။ အဲဲဒီမှာ သက်ကယ်တောင် ဆိုတာ နာမည်ကြီးပဲ။ သက်ကယ်တောင်ကနေ စင်ကြိုင်ကို လက်နက်ကြီးနဲ့ အမြဲထုနေတာ၊ ဗကပက။ စင်ကြိုင်တိုက်ပွဲမှာ လူပေါ်တာ မြင်းလားတွေ အများကြီးသေတယ်။ မိုင်းကွင်းတွေကို လူတံတိုင်း လားတံတိုင်းတွေ ရှေ့ကတက်ခိုင်းတာကိုး။ ဆရာငြိမ်းအေးအိမ်တို့ သိမှာပဲ။ အဲ့တုန်းက သူတို့ ဆရာမမအိတို့ အဲ့ဒီဘက်မှာပဲ။ နောက်တော့ ပြိုကွဲသွားတဲ့ ဗကပဟာ ကချင်ပြည်နယ်မှာ NDA ဖြစ်လာတာပါပဲ။
ဒီကချင်အရှေ့မြောက်နယ်တွေဟာ သမိုင်းမှတ်တမ်း အတိအကျမရှိပေမယ့် ရှေးကျတဲ့ ဒေသတွေပဲ။ ကျောက်ခေတ်ဂူတွေ ရှိတယ်။ ကမ္ဘာ၊ ဒါမှမဟုတ်၊ မြန်မာမှာ အစောဆုံး ဆန်စပါးစိုက်ပျိုးမှုသဲလွန်စတွေ အဲ့ကျောက်ခေတ်ဂူတွေမှာ ရှိတယ်။ ရှေးကတည်းက တရုတ်ဘက်ကနေ ဓာတ်သတ္တုတွေတွေ လာတူး လားတွေနဲ့ သယ်ယူကြတဲ့အကြောင်း ပါးစပ်ရာဇဝင်တွေ ရှိတယ်။ ဗကပတွေတော့ ပိုသိမယ်။ ယူနန်နယ် မြန်မာနယ်စပ် တောင်ပေါ်သားတွေဟာ လားတရုတ်တွေပဲ။ တရုတ်တွေပြောတဲ့ အရိုင်းတွေ ဆိုတာနဲ့ ကိုက်ညီတယ်။ ပညာပေးစေလွှတ်ခံရတဲ့ တော်လှန်ရေး sentdown girl တွေရဲ့ ရင်နင့်စရာ ဇာတ်လမ်းတွေဟာ အဲ့ဒီလားတရုတ်တွေနဲ့ သက်ဆိုင်တယ်။ အရမ်းအေးတော့ ရေမချိုးဘူး၊ ရေပတ်ပဲ တိုက်တယ်။ ရှားပါးတော့ သားငါးသီးနှံ တာရှည်ခံအောင် အခြောက်အခြမ်းလုပ်စားကြရတယ်။ စကားပြောရင် မုံရွာသားတွေလိုပဲ ကျီးပါး ညီးမားမိုင်ပီး အဆဲမပါပဲ မပြောတတ်ဘူး။ နန်ကျောက်ခေတ်တုန်းကတော့ ရှမ်းလူမျိုးစုတွေ အများစုရှိမယ်။ ပေါင်းရှန်း မိုးမည်း/မိုင်းမျဉ်း(ထိန်ချုန်း) တွေဟာ ရှမ်းမြို့ရွာတွေပဲ။ ခုတော့ ယူနန်နယ်ထဲက ပထဝီအမည်အားလုံးကို တရုတ်က တရုတ်ပြု sinonization လိုက်ပြီ။
အခု ကန်ပိုင်တီကို နယ်စပ်ကုန်သွယ်ရေးလုပ်တာဟာ ရှေးက အလုပ်အကိုင်အကူးအသန်းရှိခဲ့ အခြေခံကြောင့်လည်း ပါမယ်ထင်တာပဲ။ နန်ကျောက်ခေတ်ကတည်းက ရှမ်းအပြင် ကချင် လော်ဝေါ် လီဆူ ကိုးကန့် ဝ မြန်(မြန်မာ) မိုင်းသာတွေဟာ ယူနန်မှာ ရှိခဲ့ကြတာပဲ။ (နန်ကျောက်မင်းဆက်အမည်တွေအရတော့ ဘုရင်တွေကတော့ ရှမ်းတွေလို့ မထင်ဘူး။ လော်လော်-မြန်မာအစုမျိုးနွယ်ထဲကလို့ပဲ ထင်တယ်။ အများသုံးစကားကတော့ ရှမ်းစကားဖြစ်လိမ့်မယ်။
အတွေးအထင် အဆိုတင်ချင်တာကတော့ ကန်ပိုင်တီဟာ ရှမ်းစကား ရှမ်းအမည်ဖြစ်ရမယ်လို့ပါ။
ရင်းမြစ်တွေကို ဖော်ထုတ်တာဟာ မနုဿဗေဒသမိုင်းအကျိုးငှါပါပဲ။ လူမျိုးအခြေခံနိုင်ငံ လူမျိုးပိုင်ဆိုင်မှုတွေအတွက်မဟုတ်ပါဘူး။ ယဉ်ကျေးတဲ့နိုင်ငံခေတ် Civilized တွေမှာ ပိုင်ဆိုင်မှု ခွဲဝေမှုတွေဟာ လူမှုပဋိညာဉ်အခြေခံတွေအရပဲ ဖြစ်သင့်ပါတယ်။ မနုဿဗေဒသမိုင်းအချက်အလက် fact တွေက in fact အတိုင်း ဖြစ်သင့်တယ်။ in fact ဟာ ပိုင်ဆိုင်မှုအတွက်တော့ မဟုတ်ဘူး။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*