
“The Call ရဲ့ မနက်စာ”
-၂၀၂၄ နိုဝင်ဘာ ၁၉ အင်္ဂါနေ့ –
■ မနက်ခင်းအတွေး
တန်ဆောင်မုန်းလပြည့်နေ့ညက ပံ့သကူကောက်ရင်း နည်းအမျိုးမျိုးနဲ့ ထိခိုက် ဒဏ်ရာရ သေဆုံးကြတဲ့ သတင်းတွေကို ဖတ်ရတော့ ကြည့်ခဲ့ဖူးပြီး စွဲနေတဲ့ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားတခုထဲက အမှတ်ရရ ရှိနေတဲ့ စကားတခွန်း ခေါင်းထဲမှာ ဒီရက်ပိုင်း ထပ်ခါတလဲလဲ ပေါ်လာနေတယ်။
ရုပ်ရှင်နာမည်က ‘Emancipation’။ အမေရိကန်မှာ ကျွန်စနစ်ရှိခဲ့တဲ့ ကာလတခုတုန်းက လူမည်းကျွန် တယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေတည်ပြီး ရိုက်ထားတာ။ လူမည်းကျွန်တယောက်ဖြစ်တဲ့ Peter (Will Smith) က ကျွန်စခန်းကနေ ထွက်ပြေးဖို့ ဘဝတူ လူမည်းကျွန်တယောက်နဲ့ တိုင်ပင်တာ။ အဲဒီစခန်းကနေ ထွက်ပြေးဖို့ဆို ရွှံ့နွံတောကြီးကို ဖြတ်ရမယ်။ Peter တိုင်ပင်တဲ့ ဘဝတူ ကျွန်ဖြစ်သူက ပြောတယ်။ ‘There are many ways to die in that swamp’ တဲ့။ အဲဒီတော့ Peter က ပြန်ပြောတယ်။ ‘There are many ways to die here too’ တဲ့။ (အနည်းငယ် ကွာဟကောင်း ကွာဟနိုင်ပါ တယ်။) ဆိုလိုတာက သေမထူး နေမထူးပေါ့လေ။ အဲဒါကနေ အတွေးထဲဝင်တာက There are many ways to die in Myanmar ဆိုတာပါပဲ။
ပံ့သကူ ပစ်တဲ့လူက မဆင်မခြင်ပစ်တယ်၊ ကောက်တဲ့လူတွေအတွက်က သေမထူး နေမထူး၊ အဲဒီတော့ အလုအယက် ကောက်ကြတယ်၊ ကားတိုက်ခံရတယ်။ ဘယ်လောက်တောင် မတန်လိုက်တဲ့ ဘဝတွေလဲ ဆိုတာ။ Peter ကမှ သေဘေးအမျိုးမျိုးကို ကျော်လွန်ပြီး နောက်ဆုံးမှာ ကျွန်ဘဝက လွတ်မြောက်သွားသေးတယ်။ မြန်မာပြည်က လူတွေအဖို့က ခုချိန်ထိ မလွတ်မြောက်နိုင်သေး။
ရခိုင်မှာ စေတနာ့ဝန်ထမ်း သန့်ရှင်းရေးလုပ်သားကြီး စစ်တပ်က အသားလွတ် ပစ်သတ်လို့ ဆုံးပါးသွားရ တယ်။ စိတ်ကျန်းမာရေး ချို့ယွင်းနေသူတွေ အသားလွတ် ဖမ်းဆီး ညှဥ်းဆဲခံရ အသတ်ခံရ ပစ်သတ်ခံရတယ်။ လေယာဥ်နဲ့ ဗုံးကျဲ၊ လက်နက်ကြီးနဲ့ပစ်လို့ လက်နက်မဲ့ အရပ်သားတွေ သေဆုံးရတယ်ဆိုတာ မြန်မာပြည်ရဲ့ နိစ္စဓူဝ သတင်း။
ထောင်ထဲမှာ ဖမ်းထားပြီးသားလူတွေကို ထောင်ပြောင်းတယ်ဆိုပြီး ခေါ်ထုတ်၊ အကြောင်းအမျိုးမျိုးပြပြီး သတ်ပစ်တယ်၊ ထောင်ထဲမှာကိုပဲ နည်းလမ်းအမျိုးမျိုးနဲ့ ရိုက်နှက်၊ ညှဥ်းပန်း၊ သေတဲ့လူသေရတယ်။
မြန်မာပြည်ရဲ့ ပစ္စက္ခတ်ကာလလောက် လူ့အသက်တွေ ဆုံးပါးဖွယ်ရာ နည်းလမ်းစုံတာဟာ ကမ္ဘာစစ် ကာလနီးနီးလို့ ဆိုရမှာပါပဲ။ ဒါတွေ ဘယ်တော့ အဆုံးသတ်မလဲ …
အဖြေကတော့ ရှင်းပါတယ်။ လူ့အသက်တွေ တန်ဖိုးမဲ့ ဆုံးပါးနေရတာအားလုံးရဲ့ လက်သည်တရားခံ ဟာ အာဏာသိမ်း အကြမ်းဖက် စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေ၊ လက်အောက်ငယ်သား တွေပဲ။ အဲဒီ အကြမ်းဖက်သမားတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကို အမြစ်ဖြတ်နိုင်မှ လူ့အသက်တွေ တန်ဖိုးမဲ့ ဆုံးပါးနေရတာ လျော့ပါးသက်သာမယ်။ အဲဒီတော့ အဖြေက တချက်ထဲပဲ … “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဟေ့ …
■ အလေးထားစရာ သတင်းတိုထွာ
– ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းထားလိုက်ပြီ
တရုတ်အစိုးရ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန် တရုတ်နိုင်ငံသို့ ခရီးထွက်ခဲ့သည့် ကိုးကန့် တိုင်းရင်းသား မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) ၏ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်အာဏာပိုင်များက အကျယ်ချုပ်ချထားသည်ဟု Myanmar Now က စုံစမ်း သိရှိရသည်။
အသက် ၅၉ နှစ်ခန့်ရှိသူ ဖုန်တာရွှင်သည် MNDAA တည်ထောင်သူ ဖုန်ကြားရှင်၏ သားဖြစ်ပြီး ၎င်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ လွန်ခဲ့သည့် လကုန် ပိုင်းက ယူနန်ပြည်နယ်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။
ထိုတွေ့ဆုံပွဲပြီးဆုံးချိန်မှစ၍ ၎င်းအားတရုတ်အာဏာပိုင်များက မြန်မာနိုင်ငံဖက်သို့ ပြန်ခွင့်မပေးတော့ပဲ အကျယ်ချုပ် ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ သတင်းရင်းမြစ်များ ကဆိုသည်။
ကနဦးသတင်းများအရ ဆွေးနွေးပွဲအပြီး ၎င်း မြန်မာနိုင်ငံသို့ ပြန်မလာနိုင်ခြင်းမှာ ယူနန်ပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဆိုခဲ့သော်လည်း ယခုအခါ ၎င်းအား တရုတ်အစိုးရက အကျယ်ချုပ်ချထားသည်။ သို့ရာတွင် ဖုန်တာရွှင်သည် ၎င်း၏ MNDAA တပ်ခေါင်းဆောင်များနှင့်မူ ဆက်လက်၍ ဖုန်းအဆက်အသွယ် ပြုလုပ်ခွင့်ရသေးကြောင်းလည်း သိရှိရသည်။
(Myanmar Now – https://t.me/MyanmarNowNews/5225
– အမ်းရှိ နပခနှင့် တပ်ရင်းများ၏ အသက်သွေးကြော ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ကို AA သိမ်းပိုက်
အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် တပ်ရင်းများကို ထောက်ပံ့ပို့ဆောင်နေရသည့် အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ (ထပခ-၉၂၆) ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက် ကြောင်း သိရသည်။
AA သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့ကတည်းက ထပခ ၉၂၆ ကို သိမ်းယူခဲ့ကာ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်နှင့် စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များသို့ မြေပြင်ထောက်ပို့သည့် လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“တပ်ထိန်းတပ်ခွဲ-၁၀ ဘက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်သံတွေ မနေ့ကတည်းက တိတ် သွားပြီး လေယာဉ်ကပဲ လာကြဲတော့တယ်ပြောတယ်။ တပ်ထိန်းတပ်လည်း ပါသွားလောက်ပါပြီ” ဟု အမ်းဒေသခံနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
AA သည် ထပခ ၉၂၆ တပ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ရက်နေ့ကတည်းက ပိတ်ဆို့တိုက်ခိုက်ပြီး မြေပြင် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။
(Ayeyarwaddy Times: https://t.me/ayeyarwaddytimes/33033)
– စစ်အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်တပ်က အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီး
စစ်တပ်အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် တစ်သိန်းကျော် ပျက်စီးခဲ့ရကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။
၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၄ သြဂုတ် ၃၁ ရက်အထိ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁၀၁,၄၇၄ လုံး ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က အသိပေးသည်။
ယင်းအနက် စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး ၇၃,၃၅၁ လုံး မီးရှို့ဖျက်ဆီးခံရကာ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရသည့်အရေအတွက်၏ ၆၉ ရာခိုင်နှုန်းရှိကြောင်း Data for Myanmarက ဆိုသည်။
ထို့အပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင်လည်း အရပ်သားနေအိမ် ၂၆,၈၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar အဖွဲ့က ထပ်မံအသိပေးသည်။
Data for Myanmar ၏ ထုတ်ပြန်ချက်တွင် မပါသေးသည့် စက်တင်ဘာ၊ အောက်တိုဘာနှင့် ယခု နိုဝင်ဘာလတွင်လည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။
(People’s Spring: https://t.me/PeopleSpring/61557)
– ဖယ်ခုံက စစ်ဘေးဒုက္ခသည်စခန်း ထပ်မံဗုံးကြဲခံရ
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိရွာမှာရှိတဲ့ ဘန်ကောက်စစ်ဘေးဒုက္ခသည် စခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ဦးဗညားက RFA ကို ပြောပါတယ်။
“အရင်ကြဲသွားတဲ့နေရာကို လာကြဲတာဗျ။ အဲဒီမှာ ချက်(စ်)ကျောင်းရှိတယ်။ အဲဒီနေရာတစ်ဝိုက်ကိုပဲ လာကြဲသွားတာ။ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ကနဦး သိရပါတယ်”
မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ် (၂) ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ တပ်က ဂျက်တိုက်လေယာဥ် နှစ်စင်းနဲ့ ဘန်ကောက် ဒုက္ခသည်စခန်းပတ်လည်ကို ပေါင်ငါးရာ၊ ပေါင် သုံးရာဗုံးတွေ အပါအဝင် ဗုံးငါးလုံး ကြဲချခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ခရစ်ယာန် ဘုရားကျောင်းနဲ့ နေအိမ်အဆောက်အအုံတချို့လည်း ပျက်စီးတယ်လို့ ဆိုပါတယ်။
(RFA Burmese: https://t.me/rfaburmeseofficial/13376)
■ ဖတ်စရာ မှတ်စရာ
▪︎ ရှုပ်ထွေးတဲ့ လုံခြုံရေးကွန်ရက်များ
အာဏာသိမ်းမှု နောက်ပိုင်းကတည်းက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေဟာ လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့တဲ့နောက် အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ ဆက်ဆံနေတဲ့ တရုတ်အပေါ် အနုတ်လက္ခဏာဆန်တဲ့ အမြင်မျိုးတွေ ရှိခဲ့ပါတယ်။ တရုတ်အလံကို မီးရှို့ခဲ့တဲ့ လှုပ်ရှားမှုမျိုးတွေက မြင်သာတဲ့ ဥပမာတစ်ခုပါ။ အဲဒီကာလတွေအတွင်း ရှိရင်းစွဲ သတ္တုမိုင်းတွင်း တူးဖော်မှု စီမံကိန်းတွေ ဆိုင်းငံ့ထားပေမယ့် အချက်အလက်တွေအရ တရုတ်ဟာ အာဏာသိမ်းကာလ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ခဲ့ကြောင်း ညွှန်ပြနေပါတယ်။
ပိုပြီး အရေးကြီးတာက သတ္တုတူးဖော်တဲ့ စီမံကိန်း ဧရိယာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက် ထားခြင်းက နေပြည်တော်နဲ့ ဘေဂျင်းကြားက ဆက်နွှယ်မှုတွေကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ တရုတ် စီမံကိန်းတွေမှာ တပ်တွေ ဖြန့်ထားတာဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးမယ် ဆိုတဲ့ မူဝါဒအတိုင်း ကျင့်သုံးတာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီတပ်တွေဟာ စီမံကိန်းဧရိယာတွေကို ကျော်လွန်ပြီး စစ်ရေးလှုပ်ရှားတာတွေ ရှိခဲ့တယ်။
တိုက်ပွဲတွေဖြစ်ခဲ့တဲ့အခါ သူတို့ဖက်က စတာမဟုတ်ပါဘူးလို့ အာဏာသိမ်းစစ်တပ်က ငြင်းဆိုလေ့ ရှိပါတယ်။
တစ်ဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေက သူတို့ ရည်မှန်းထားတာဟာ မြန်မာစစ်တပ်တွေကို အဲဒီနယ်မြေကနေ မောင်းထုတ်ဖို့ပဲ ရည်ရွယ်ပြီး တရုတ်စီမံကိန်းတွေကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ ဖြေရှင်းကြတယ်။ ဒါပေမဲ့ လက်ပန်းတောင်းတောင်မှာ ဖြစ်ပွားတဲ့ ရှော့တိုက်ဒုံး တိုက်ခိုက်မှု ဖြစ်စဉ် အပြီး မြန်မာ ဝမ်ပေါင် ကုမ္ပဏီက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ သဘောထားအရတော့ လက်ရှိ ပဋိပက္ခမှာ ကုမ္ပဏီအနေနဲ့ ဝင်ရောက် ပတ်သက် ဆက်နွှယ်ဖို့ ဆန္ဒမရှိကြောင်းနဲ့ မိုင်းတွင်း တူးဖော်မှု လုပ်ငန်းတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ရပ်နားထားခဲ့တယ်လို့ဆိုခဲ့ပါတယ်။
ဒါပေမယ့် စီမံကိန်းလုံခြုံရေး ဆိုတဲ့တပ်တွေ အနီးဝန်းကျင်ကရွာတွေက ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။ အဲစစ်ကောင်စီတပ်ကို အစားအသောက်နဲ့ ရိက္ခာတွေထောက်ပံ့ပြီး စီမံကန်းဧရိယာထဲမှာ နေထိုင်ခွင့်ပေးတဲ့ တရုတ်ရဲ့ရပ်တည်ချက်ကိုတော်လှန်ရေးအဖွဲ့တွေက မေးခွန်းထုတ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ စစ်ကိုင်းတိုင်းထဲမှာ ထိန်းချုပ်နယ်မြေတွေ ပိုမို ကျယ်ကျယ် ပြန့်ပြန့် ရရှိလာနေကြောင်း သတင်းတချို့က ဖော်ပြနေပေမယ့် လေ့လာသူတချို့ကတော့ NUG ဟာ ဒေသခံ တော်လှန်ရေးအင်အားစုတွေကို စုစည်း ဦးဆောင်ဖို့၊ ထိန်းချုပ်ဖို့စနစ်တွေနဲ့ ပတ်သက်ရင် စိန်ခေါ်မှုတွေ ကြုံရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ပြောကြပါတယ်။ အဲဒီလိုမျိုး ရှုပ်ထွေးတဲ့ ဆက်ဆံ ရေး ကွန်ရက်တွေဟာ တရုတ်အတွက်လည်း မသေချာမှုတွေ၊ စိန်ခေါ်မှုတွေကို ကြုံလာစေတယ်။ အရင်တုန်းကဆိုရင် တရုတ်ဟာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဧရိယာတွေမှာ တည်ငြိမ်မှု ရရှိစေဖို့ အတွက် ဒေသခံတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ ညှိနှိုင်း နှီးနှောလေ့ရှိတယ်။
ဒါပေမဲ့ လက်ရှိ စီမံကိန်းဧရိယာတွေထဲမှာတော့ NUG ရဲ့ ပျံ့နှံ့ တည်ရှိမှု၊ ဒေသခံ တော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေ၊ သဘောထားတွေကို ထဲထဲဝင်ဝင် အနုစိတ် ပုံဖော်ဖို့အတွက်က တရုတ် လုပ်ငန်းစုတွေအတွက် အတော့်ကို ခေါင်းစားစရာ ဖြစ်နေပါတယ်။ အဲဒီတော့ မရေမရာ အခြေအနေတွေကို ကျော်လွှားပြီး ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ဆိုရင် တရုတ်က ဖြေရှင်းမှု နည်းလမ်းတစ်ခုကို ရွေးချယ်ဖို့ ဖြစ်လာနိုင်ခြေရှိနေပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံထဲကို တရုတ် ပုဂ္ဂလိက လုံခြုံရေး ကန်ထရိုက်တာ (PSC) တွေ ခေါ်သွင်းလာဖို့ဆိုတဲ့ စဥ်းစားချက်ပါပဲ။
(People’s Spring သတင်းဌာန၏ လူထုနွေဦး အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည့် ဆောင်းပါးရှင် စိုင်းဒီပထွန်း၏ ‘တရုတ်ပုဂ္ဂလိက လုံခြုံရေးတွေ စိမ့်ဝင်လာနိုင်ခြင်းရဲ့ အလားအလာ’ ဆောင်းပါးမှ။ အပြည့်အစုံဖတ်ရန် – https://tinyurl.com/yep2u5nb)
Be the first to comment