“The Call ရဲ့ မနက်စာ”
-၂၀၂၄ နိုဝင်ဘာ ၂၅ တနင်္လာနေ့ –
■ မနက်ခင်းအတွေး
မနေ့ညက ဝယ်စရာတခုရှိလို့ အပြင်သွားရင်း လမ်းမကြီးတလျောက် ဆင်ယင်ထွန်းညှိထားသည့် မီးအလှပန်းဆိုင်းတွေကိုကြည့်ကာ ပွဲတော်တွေ တခုပြီးတခုဆက်နေသည့် တစိမ်းမြို့ကလေးကို ရင်သပ်ရှုမောနေမိသည်။ တကယ်ဆို အခုအချိန်ဟာ ကိုယ့်တိုင်းပြည်မှာလည်း ပွဲတော်ချိန်မဟုတ်လား။
ကောက်ပဲသီးနှံတွေပေါ်ချိန် မိုးလေကင်းချိန် ဘုရားပွဲတွေ၊ ရိုးရာပွဲတွေ၊ ဒေသပွဲတွေနဲ့ တခြိမ်းခြိမ်းဖြစ်နေခဲ့ကြရမည့်အချိန်ပဲလေ။ မိသားစုအလိုက် ပျော်ပျော်ပါးပါး မော်တော်ကားတွေစီးပြီး နိုင်ငံအနှံ့လည်ပတ်ကြရမည့် ခရီးသွားရာသီလည်းဖြစ်သည်။
တနေ့ကတော့ မြို့ကြီးတခုမှာ ကြိတ်ကြိတ်တိုးစည်ကားနေသည့် ပွဲတော်တခုကို လှမ်းကြည့်ရင်း စိတ်ပျက်လက်ပျက်နှင့် တော်လှန်ရေးကိုအားနာသည့်အကြောင်း တင်ထားသည့် စာတိုလေးတခုဖတ်လိုက်ရသည်။ အောက်က ကွန့်မန့်တခုမှာတော့ “ပျော်လည်းပျော်ကြပါ။ ထောင်ထဲက တောထဲကသူတွေကိုလည်း သတိရကြပါ”ဆိုတာ တွေ့လိုက်ရသည်။
ပြီးခဲ့သည့်နှစ်တွေမှာတော့ သင်္ကြန်လည်းမစည်။ တန်ဆောင်မုန်းလည်းမစည်။ ပွဲတော်တွေကိုပါ တက်ညီလက်ညီ သပိတ်မှောက်ခဲ့ကြသည်။ အချိန်လေးနည်းနည်းကြာလာတော့ တောင့်ခံနိုင်စွမ်းအားတွေလည်း လျော့ပါးလာကြတာ အပြစ်တော့မဆိုသာ။
‘ငါးတွေတောင် ရေပေါ်တက် အသက်ရှုကြရသေးတာပဲ’ ဆိုသည့် စကားလေးတခွန်းကို သတိရသည်။ ဖိအားတွေအောက်မှာ တခါတလေ စိတ်လက်ပေါ့ပါးဖို့တော့ ကြိုးစားသင့်ကြတယ်မဟုတ်လား။ ဒါပေမဲ့ တဖက်မှာလည်း ဖိနှိပ်သူက ပြည်သူတွေရဲ့ နာခံမှုကို စမ်းသပ်ရင်း တဖြည်းဖြည်း လက်ကွက်ပိုစိပ်လာသည်။ ကျောင်းတက်ခိုင်းသည်။ မီတာဆောင်ခိုင်းသည်။ ဧည့်စာရင်းတိုင်ခိုင်းသည်။ အခုကျတော့ ရပ်ကွက်အုပ်ကြီးအထိ ဆပ်ကြေးပေးနေရပြီး မထင်ရင်မထင်သလို အိမ်ပေါ်တက်ပြီး ကိုယ့်သားကိုယ့်လင်ကို ဆွဲချပြီး ဘယ်မှန်းမသိပို့လိုက်သည်အထိ ဖြစ်လာသည်။ ရေပေါ်တက်အသက်ရှုရင်း ငါးမျှားချိတ်စာ ပိုက်ကွန်စာမိကုန်ကြသည်။
ခေါင်းလေးတခါငုံ့မိရင် ကိုယ့်ဘေးနားပတ်ဝန်းကျင်ကို မမြင်နိုင်တော့။ တခြားကိုယ့်လိုဘဝတူတွေနှင့် ဘယ်လိုအတူ ရပ်တည်ရမှန်းမသိနိုင်တော့။ ဒီလိုငုံ့နေတာ ဘေးအကင်းဆုံးလို့ ထင်တတ်ကြသည်။ ဘယ်အချိန် ငုံ့နေသည့်ကိုယ့်ခေါင်းပေါ် တုတ်ချက်ကျလာမလား၊ ဓါးချက်ကျလာမလား မစဉ်းစားနိုင်ကြတော့။ ဘေးရန်လည်းမမြင် လွတ်လမ်းလည်းမသိကြတော့။ ဒါကြောင့် ဖိနှိပ်သူအောက်မှာ တတ်နိုင်သမျှ ငြင်းဆန်နိုင်ကြဖို့လိုသည်။ ခေါင်းကို မတ်မတ်မမော့နိုင်တောင် ငုံ့မနေဖြစ်အောင် ကြိုးစားကြဖို့လိုသည်။ ပျော်ရွှင်မှုဆိုတာ ဘဝရဲ့လိုအပ်ချက်တခုဖြစ်ပေမဲ့ အချိန်ကိုတော့ စောင့်ဖိုလိုသည်။ ဝံပုလွေတွေနဲ့ အတူ ကခုန်လို့မရဘူးဆိုတာ သတိရှိကြဖို့လိုသည်။ ဘယ်အရာကိုမဆို လွတ်မြောက်သည့်အချိန်ကျမှသာ စစ်စစ်မှန်မှန်နှင့် ပြည့်ပြည့်ဝဝရရှိနိုင်တယ်ဆိုတာ မမေ့ကြဖို့လိုသည်။
မီးရောင်လက်လက်မြင်တိုင်း ပွဲတော်ထင်ပြီးဝင်တိုးနေကြလျှင် မနက်မိုးလင်းတိုင်း မြေပေါ်မှာအတုံးအရုံးပြန့်ကျဲနေသည့် ပိုးဖလံတွေလိုသာ ဇာတ်သိမ်းကြရပေမည်။ စစ်မှန်တဲ့ပျော်ရွှင်မှုမှာလည်း သူ့အဖိုးအခနဲ့သူရှိပါသည်။
■ သတင်း
ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် တရုတ်စစ်တပ်က အထူးယာဉ်တန်းဖြင့် ကန်ပိုက်တီမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂၀ ဦးကို မြန်မာစစ်တပ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂၀ ဦးသည် နိုဝင်ဘာလ ၂၀ ရက်နေ့ ကန်ပိုက်တီမြို့ကို KIA က သိမ်းပိုက်စဉ် တရုတ်နိုင်ငံက နယ်စပ်ဂိတ်ပေါက်ဖွင့်၍ လက်ခံခဲ့သော စစ်ရှုံးသမားများဖြစ်ကြောင်း သိရှိရသည်။
တရုတ်-မြန်မာနယ်စပ် စစ်ရေးသတင်းမြစ်ကလည်း ယမန်နေ့ညပိုင်း ကြယ်ဂေါင်မှတစ်ဆင့် တရုတ်စစ်တပ်၏ အထူးယာဉ်တန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ယူပြီး မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းမှု အတည်ပြုနိုင်ကြောင်း ပြောဆိုသည်။
တရုတ်နိုင်ငံက ယင်းသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်းမှုမှာ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကချင်ပြည်နယ် မန်စီမြို့နယ် ၊ခမရ ၄၂၄ ရှေ့တန်းစခန်း၊ ခမရ ၄၂၄ ပင်မတပ်ရင်း နှင့် ရဲစခန်းတို့မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးကို မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းခဲ့သည်။
အလားတူ ယခုနှစ် ဧပြီလအတွင်း မြန်မာ- တရုတ် နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်နှင့် လွယ်ဂျယ်မြို့ကို KIA က သိမ်းပိုက် စဉ် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀ ဦးကိုလည်း မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် စစ်ကောင်စီထံသို့ တရုတ်က ပြန်လည် လွှဲပြောင်းပေးခဲ့ပြန်သည်။
လက်ရှိတွင် တရုတ်နိုင်ငံက မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်းပေးသည့် စစ်ရှုံးသမားများဖြစ်ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃၇ ဦးရှိလာပြီဖြစ်သည်။
Khit Thit Media
အကြမ်းဖက် စစ်အုပ်စုကို ILO ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပုဒ်မ ၃၃ နှင့် အညီ အရေးယူရန် ဆုံးဖြတ်ခဲ့မှု NUG အစိုးရ ၊ အလုပ်သမား ဝန်ကြီးဌာန ဦးဆောင်သော အလုပ်ရှင်နှင့် အလုပ်သမားများဖြင့် ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အကြမ်းဖက် မြန်မာစစ်အုပ်စုက လိုက်နာရန် ပျက်ကွက်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ၏ ဆုံးဖြတ်ချက် နှင့် အခြေခံအလုပ်သမား အခွင့်အရေး၊ လူ့အခွင့် အရေး ချိုးဖောက်မှုများ အတွက် ILO စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တင်သွင်းခဲ့သည့် အစီရင်ခံစာပါ တိုက်တွန်းချက်များကို ဆက်လက် ကျူးလွန်နေခြင်းကြောင့် ၃၅၂ ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ (ILO Governing Body) အစည်းအဝေးက ILO အနေဖြင့် နည်းပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မပြုရန်နှင့် စစ်အုပ်စုအား ILO ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပုဒ်မ ၃၃ နှင့်အညီ အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် မြန်မာ စစ်အုပ်စုသည် အဖွဲ့ဝင်နိုင်ငံများ မဖြစ်မနေ လိုက်နာရန် လိုအပ်သည့် ILO ၏ အခြေခံ ပြဋ္ဌာန်းချက်များအနက် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုဝေးတောင်းဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ (၁၉၄၈) နှင့် အဓမ္မလုပ်အားခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၂၉ (၁၉၃၀) ကို ချိုးဖောက်ခဲ့ကြောင်း သိရှိရသည်။
Khit Thit Media
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ဘုရင့်နောင်စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားသော လူငယ် ၄၀၀ ဦးကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၇ စစ်သင်တန်းတက်ရန် ပို့ဆောင်လိုက်ကြောင်း ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်း ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးနှင့် တည်းခိုခန်းစခန်းတွင် တပ်သားသစ်များ အဖြစ် ဖမ်းဆီးထိန်းသိမ်းထားသော လူငယ်များအနက်မှ လူငယ် ၄၀၀ ကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၇ စစ်သင်တန်းတက်ရန်အတွက် စစ်ယာဉ်တန်းဖြင့် စတင်ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ စစ်ကား ၂၀ ကျော်ခန့်ပါဝင်ပြီး တစ်စီးလျှင် လူဦးရေ ၂၀ ဝန်းကျင်ပါဝင်ကြောင်း၊ လုံခြုံရေးအပြည့်ဖြင့် လူငယ် သင်တန်းသားများကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခင်လကလည်း ရန်ကုန်တိုင်းအတွင်းတွင် ယခု စစ်မှုထမ်း အပတ်စဉ် ၆ အတွက် စစ်ကောင်စီက လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ အလှည့်ကျ မဖြစ်မနေ အတင်းအကျပ် လူစုဆောင်း သင်တန်းတက်ခိုင်းခြင်းများကြောင့် လျာထားချက်ထက် ပိုမို၍ လူဦးရေ ရရှိခဲ့ကြောင်း၊ ထို့ကြောင့် အခြားပြည်နယ်နှင့်တိုင်းများဘက်ရှိ စစ်တပ်သင်တန်းကျောင်းများသို့ စေလွှတ်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ စစ်သင်တန်းကျောင်းများတွင်လည်း လူဦးရေ လိုအပ်ချက်ထက် ပြည့်မီစွာ ရရှိကြောင်း သိရှိရသည်။
Khit Thit Media
■ ဖတ်စရာမှတ်စရာ
တကယ်တော့ ကိုယ်ထိမ်းချုပ်နိုင်စွမ်းမရှိတဲ့ စွမ်းအားကြီးတဲ့ အရာတွေကနေ မမျှော်လင့် မရည်ရွယ်ထားတဲ့ ဆိုးကျိုးတွေဖြစ်ခဲ့တာ စက်မှုခေတ် နောက်ပိုင်းဖန်တီးခဲ့ကြတဲ့ ရေနွေးငွေ့အင်ဂျင်တွေ AI တွေ ကမှ အစပြုခဲ့တာမဟုတ်ပါဘူး။ ဟိုရှေးရှေး ဘာသာရေး ကို ဖန်တီးမှုကတည်းက စခဲ့တာပါ။ တမာန်တော်တွေ ဘာသာရေးဆရာတွေက အင်မတန်မှ တန်ခိုးအင်အားကြီးမားစေတဲ့ စိတ်ဝိညဥ်ဆိုင်ရာသဘောတရားတွေကို ဆင့်ခေါ်သင်ကြားပြီး ကမ္ဘာကြီးကို မေတ္တာနဲ့ ပျော်ရွှင်မှုတွေ နဲ့ လွှမ်းခြုံစေဖို့ ရည်ရွယ်ခဲ့ပေမဲ့ တခါတခါမှာတော့ ကမ္ဘာကြီးကို သွေးရည်တွေနဲ့ ဖုန်းလွှမ်းစေခဲ့ကြပါတယ်။
Phaethon ရဲ့ ဒဏ္ဍာရီ နဲ့ အလုပ်သင်လူငယ်ပုံပြင်တွေက ဘာကြောင့်များ လက်တွေ့အသုံးဝင်စေမဲ့ အကြံပြုချက်အဖြေတွေ မပေးနိုင်ခဲ့ဘူးဆိုတာတော့ ရှင်းပါတယ်။ ဒီပုံပြင်တွေမှာ လူသားတွေ အာဏာ ပါဝါရလာပုံကို ဖေါ်ပြတာလွဲချော်နေလို့ပါ။ ဒီပုံပြင်နှစ်ခုစလုံးမှာ လူတစ်ဦးတစ်ယောက်ထဲက အဆမတန်ကြီးတဲ့ အာဏာ ပါဝါရလာပြီး နောက်ပိုင်းမှာ လောဘတွေ မာန်မာနတွေကြောင့် တလွဲဖောက်ပြန်သွားသလိုမျိုး တင်ပြထားပါတယ်။ ဒါကို ကောက်ချက်ဆွဲရရင် လူတစ်ဦးတစ်ယောက်ရဲ့ စိတ်အခြေအနေ ဖောက်ပြန်မှုကြောင့် အာဏာကို အလွဲသုံးစား လုပ်တယ်လို့ အဓိပ္ပါယ်ထွက်နေပါတယ်။ ဒီအကြမ်းစား သုံးသပ်မှုမှာ လွဲချော်နေတဲ့ အချက်ကတော့ လူတစ်ဦးတစ်ယောက်တည်းရဲ့ အစပြုလုပ်ဆောင်မှုကြောင့် လူသားတွေရဲ့ အာဏာ ပါဝါ စွမ်းအားတွေဟာ ပေါ်ပေါက်လာတာမျိုး ဘယ်တုန်းကမှ မရှိခဲ့တာပါ။ လူသားတွေရဲ့ အာဏာ ပါဝါ စွမ်းအားတွေဟာ လူပေါင်းများစွာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ ပေါက်ဖွားလာကြတာပါ။
ဒီအတိုင်းပါပဲ။ လူသား တစ်ဦး တစ်ယောက်တည်းရဲ့ စိတ်ဖောက်ပြန်မှုကြောင့် အာဏာပါဝါ အလွဲသုံးစားတာတွေ ဖြစ်စေတာမဟုတ်ပါဘူး။ တကယ်တော့ ကျနော်တို့လူသားတွေမှာ လောဘ၊ မာန နဲ့ ရက်စက်မှုတွေရှိသလို မေတ္တာ ဂရုဏာ နှိမ့်ချခြင်းနဲ့ ပျော်ရွှင်ခြင်းတွေကိုလည်း တဖက်မှာ ပိုင်ဆိုင်ထားကြပါတယ်။ လူသား အသိုင်းအဝိုင်းထဲမှာ အင်မတန်မှ ဆိုးဝါးပြီး လောဘကြီး ပြီး ရက်စက်တတ်တဲ့ မကောင်းတဲ့ စရိုက်တွေပဲ ဖုန်းလွှမ်းနေပြီး အာဏာပါဝါ ကို အလွဲသုံးစားလုပ်တတ်သူ ခေါင်းဆောင်တချို့ ရှိတယ်ဆိုတာလည်း အမှန်ပါပဲ။ ဒါပေမဲ့လည်း လူ့အသိုင်းအဝိုင်းကြီးက ဒီလို ဆိုးဆိုးဝါးဝါးလူတစုကို ခေါင်းဆောင်အဖြစ် ဘာကြောင့်မြှောက်စားခဲ့ကြတာလဲ? ၁၉၃၃ ခုနှစ်က ဂျာမဏီနိုင်ငံသားတွေဟာ စိတ်ဖောက်ပြန်နေကြသူတွေ မဟုတ်ပါဘူး။ ဒါဆိုဘာကြောင့်များ ဟစ်တလာကို မဲပေးခဲ့ကြတာလဲ?
ကျနော်တို့လူသားတွေ ကိုယ်မထိမ်းချုပ်နိုင်တဲ့ အာဏာ ပါဝါ စွမ်းအားကို ဆင့်ခေါ် ရှာဖွေတတ်တဲ့ အကျင့်စရိုက်ဟာ လူသားတစ်ဦးတစ်ယောက်ရဲ့ စိတ်အခြေအနေကြောင့်မဟုတ်ပဲ လူသားမျိုးနွယ်စုကြီးရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ပုံစံကြောင့်သာ ဖြစ်ပေါ်လာတာပါ။ ဒီစာအုပ်မှာ အဓိက ထောက်ပြချင်တဲ့ အချက်က လူသားတွေဟာ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ကြီးမားတဲ့ စွမ်းပကားတွေကို အကောင်အထည်ဖေါ်နိုင်ခဲ့ကြပြီး၊ ဒီပူးပေါင်းလုပ်ဆောင်တဲ့ ကွန်ရက်တွေက တဆင့်ပဲ အာဏာ ပါဝါ စွမ်းအားကို အမျှော်အမြင်ဥာဏ်နည်းစွာ အလွဲသုံးစား လုပ်စေဖို့ အလားအလာတွေ ဖန်တီးပေးတတ်ကြပါတယ်။ တကယ်တော့ ကျနော်တို့ရဲ့ ပြဿနာ ဟာ ပူးပေါင်းလုပ်ဆောင်မှု ကွန်ရက်တွေရဲ့ ပြဿနာပါ။
ဒါကို ပိုပြီး တိတိကျကျ ပြောရရင်တော့ သတင်း အချက်အလက် တွေရဲ့ ပြဿနာပါ။ ဘာကြောင့်လဲဆိုတဲ့ သတင်းအချက်အလက်တွေက လူသားကွန်ရက်တွေကို ချိတ်ဆက်ပေးထားလို့ပါ။ လူသားတွေဟာ တဆင့် စကား တဆင့်နားနဲ့ ပြောခဲ့ကြတဲ့ ပုံပြင် ဒဏ္ဍာရီတွေ ယုံမှတ်ထားကြတဲ့ နတ်ဘုရားတွေ၊ မှော်အသက်သွင်းခံထားရတဲ့ တံမြက်စည်းတွေ၊ AI တွေအပါအဝင် အခြားသော မြောက်မြားစွာသော အရာများကတဆင့် ဒီ ကြီးမားတဲ့ကွန်ယက်တွေကို နှစ်ထောင်သောင်းချီပြီး တည်ဆောက်ခဲ့ကြတာပါ။ လူသားတစ်ဦးချင်းစီမှာတော့ အမှန်တရား အစစ်အမှန်ကို သိချင်တဲ့စိတ် ရှာဖွေလိုတဲ့စိတ်တွေ ကိန်းအောင်းနေတတ်ကြပေမဲ့၊ လူသားကွန်ယက်ကြီးကိုတော့ ပုံပြင်တွေ ဒဏ္ဍာရီ စိတ်ကူးယဥ်ဇတ်လမ်းတွေေပါ်မှာ အုတ်မြစ်ချ တည်ဆောင်ထားကြတာပါ။ သိသာတဲ့ ဥပမာ ပြရရင်တော့ ဒီလို လူသားတွေရဲ့ ဆက်သွယ်မှုကွန်ယက်တွေကနေ နာဇီဝါဒ၊ စတာလင်ဝါဒ တွေပေါ်ပေါက်လာကြတာပါ။ ဒီလိုမျိုး ဆက်သွယ်မှုကွန်ယက်တွေ လူ့အဖွဲ့အစည်းတွေအင်အားကောင်းလေလေ ဒီလိုမျိုး လှည့်စားတတ် အရည်ခြုံ ဝါဒဆိုးတွေဖြစ်ပေါ် ထွန်းကားလာတတ်လေလေပါပဲ။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အော်ဝဲလ်ရဲ့ လူသိများလှတဲ့ အဆိုအမိန့်အတိုင်းပါပဲ၊
“မသိနားမလည်မှုဟာ အင်အား” တဲ့။
နာဇီဝါဒ နဲ့ စတာလင် ဝါဒတွေဟာ ရက်စက်တဲ့ စိတ်ကူးအိပ်မက်တွေ၊ အရှက်မဲ့စွာ ပြောင်လိမ်ညာမှုတွေကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တယ် ဆိုပေမဲ့ ကမ္ဘာသမိုင်းမှာ ထူးထူးခြားခြား ရှားရှားပါးပါး တစ်ခါတလေမှ ပေါ်ထွန်းလာတယ်လို့ ယူဆလို့မရပါဘူး။ ဒီဝါဒတွေ အပြီးတိုင် ပျက်စီးသွားပြီလို့လည်း မှတ်ယူလို့ မရပါဘူး။ နာဇီဝါဒ နဲ့ စတာလင် ဝါဒတွေဟာ အင်အားကြီးမားစွာ တည်ဆောက်ခဲ့တဲ့ လူသားမျိုးနွယ်တွေရဲ့ အပေါင်းအစုကွန်ယက်တွေပါ။ ၁၉၄၁-၄၂ မှာမဟာမိတ်တို့ အားသာလာပြီး ဒုတိယကမ္ဘာစစ်ကို အောင်နိုင်ခဲ့ပါတယ်။ မရှေးမနှောင်းမှာ စတာလင်ဟာ စစ်အောင်နိုင်သူအဖြစ်နဲ့ ထင်ရှားလာပြီး၊ ၁၉၅၀ နဲ့ ၁၉၆၀ နှစ်များမှာ သူနဲ့ သူ့ကို ဆက်ခံသူတွေဟာ စစ်အေးတိုက်ပွဲကို အနိုင်ရနိုင်တဲ့ အနေအထားတွေ ရရှိခဲ့ပါသေးတယ်။ ၁၉၉၀ နှစ်များမှာ လစ်ဘရယ် ဒီမိုကရေစီစံနစ်က အနိုင်ရတယ်လို့ ထင်ရပေမဲ့၊ ဒီအောင်မြင်မှုက တဒင်္ဂမျှသာပါ။ ဒီ ၂၁ ရာစုထဲမှာ အင်မတန် အင်အားကြီးတဲ့ လူသားမျိုးနွယ်တွေရဲ့ ဆက်သွယ်မှုကွန်ယက်တွေကို အသုံးချပြီး အလိမ်အညာနဲ့ စိတ်ကူးယဥ် ပုံပြင်တွေကို ဝါဒဖြန့်ပြီး ဟစ်တလာနဲ့ စတာလင်တို့ အပြီးမသတ်နိုင်ပဲကျဆုံးခဲ့တဲ့ အကြွင်းမဲ့ အာဏာရှင်စံနစ်ကို လက်ကိုင်ပြုတဲ့ အစိုးရ စံနစ်တွေ တဖန်အောင်ပွဲခံလာနိုင်ပါတယ်။ ဒီလို အမှားအယွင်း အပေါ်ယံ ထင်ယောင်ထင်မှားလှည့်စားမှုတွေနဲ့ ကွန်ယက်တွေဟာ အချိန်တန်ရင် ပျက်စီးသွားမယ်လို့ ယူဆထားလို့ မရပါဘူး။ ဒီလိုမျိုးလူတွေရဲ့ အောင်ပွဲခံခြင်းကို တားမြစ်ဖို့ဆိုရင်တော့၊ ကျနော်တို့ လူသားတွေအားလုံး ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်သွားကြရမှာပဲ ဖြစ်ပါတယ်။
(Yuval Noah Harari ရဲ့ “Nexus” စာအုပ် အမှာစာ ပထမပိုင်းအား ဆရာစံရွှေလှ San Shwe Hla ၏ ဘာသာပြန်မျှဝေချက်ထဲမှ ကောက်နှုတ်ဖော်ပြသည်)
Be the first to comment