“The Call ရဲ့ မနက်စာ”
-၂၀၂၄ နိုဝင်ဘာ ၂၉ သောကြာနေ့ –
■ မနက်ခင်းအတွေး
ခေါ်သံတစုံတရာကို မျှော်လင့်ခဲ့ဖူးပါသလား။ ဒါမှမဟုတ် ခေါ်သံတွေကို ကြောက်ရွံ့ခဲ့ဖူးပါသလား။ ခေါ်သံဆိုတာ အခန်းတံခါးကို ကြားနိုင်ရုံ ခေါက်လာမဲ့ အသံလေးတခုလည်း ဖြစ်နိုင်သည်။ တယ်လီဖုန်းကတဆင့် ကြားနိုင်သည့် သတ္တုသံရောနေသောအသံတိုးဖွဖွတခုလည်း ဖြစ်နိုင်သည်။ ကွန်ပျူတာမျက်နှာပြင်က အီးမေးစာသားတခုလည်း ဖြစ်နိုင်သည်။ ဟိုးအရင်တုံးကဆိုရင်တော့ သံချေးရောင်ထနေတဲ့ စက်ဘီးအိုလေးကို လေးလေးတွဲ့တွဲ့နင်းလာတဲ့ သျှာထိုးဦးထုပ်ဆောင်းထားသော အဘိုးအိုတဦးဆီကလည်းဖြစ်နိုင်သေးသည်။
ခေါ်သံကို နားနှင့်ကြားနိုင်သလို မျက်စေ့နဲ့လည်းမြင်ရနိုင်သည်။ ပြီးတော့ သိပ်အဝေးကြီးက ခေါ်သံမျိုးဆိုလျှင် နှလုံးသားက ကြားနိုင်သည်ပေါ့။ ကြည်နူးစရာကောင်းသော ခေါ်သံမျိုး ရှိတတ်သလိုပဲ စိတ်ပျက်စရာ ခေါ်သံများလည်း ကြုံဖူးရအောင် သဘာဝတရားကြီးက တာဝန်ကျေပါသည်။
သူငယ်ချင်းတွေနဲ့ ကစားပွဲအရှိန်ရနေချိန်မှာပဲ အိမ်ကလူကြီးတယောက်ယောက်ရဲ့ခေါ်သံက မကြားချင်သော ခေါ်သံမျိုးပေါ့။ အတန်းထဲမှာ အမှတ်စာရင်းကြေညာတဲ့အခါ ရှုံးတဲ့သူကိုအရင်ကြေညာမယ်ဆိုလျှင် ကိုယ့်နာမည် မခေါ်လိုက်ဖို့ ရှိသမျှဘုရားတွေအကုန် တိုင်တည်ကြဖူးလိမ့်မည်။ စာသင်ချိန်မှာ ဆရာမတယောက်က အခန်းဝလာရပ်ပြီး ရုံးခန်းမှာကူလုပ်ဖို့ ကျောင်းသားတယောက်လောက်လွှတ်ပေးပါဆိုရင်တော့ ကိုယ့် နာမည်ခေါ်လိုက်ပါစေလို့ ဆုတောင်းရပြန်သည်။ မုန့်ဝေတဲ့အလှည့်နဲ့ တုတ်ဝေတဲ့အလှည့်ဆိုတာက သူ့ဇာတ်ညွှန်းနဲ့သူ ရှိပြီးသားမဟုတ်လား။
စစ်မှုထမ်းဖို့ အလှည့်ကျတဲ့ခေါ်သံက သေမင်းတံခါးဝသို့ အရောက်ပို့တဲ့ခေါ်သံမျိုးမို့ မိဘဆွေမျိုးအားလုံး သက်ဆိုင်ရပြန်သည်။ ဆေးရုံခွဲစိတ်ခန်းတံခါးဝရှေ့မှာထိုင်စောင့်နေရင်း ကြားရမဲ့ခေါ်သံတခုကျတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ ပိုကောင်းသည်။အဖြေက အပေါင်းရောအနုတ်ရော ဖြစ်နိုင်သည်မဟုတ်လား။ မည်သို့ပင်ဖြစ်စေ ခေါ်သံသည် မိမိနဲ့ပဲဆိုင်သည်။ ကိုယ့်ကိုခေါ်တဲ့အသံမို့ ကိုယ်တိုင်ခံစားသက်ဝင်ရသည်။ ကြည်နူးရလျှင်လည်း ကိုယ်တိုင် ငြင်းပယ်ချင်ရင်လည်း ကိုယ်တိုင်ကိုယ်နဲ့ပဲဆိုင်သည်။
ကိုယ့်ကိုမခေါ်သော ခေါ်သံတခုအတွက် ဘယ်သူကမှ စိတ်လှုပ်ရှားမှာမဟုတ်။ ဘယ်သူကမှ အရေးလုပ်စရာမလို။ အရာအားလုံးမှာတော့ ချွင်းချက်ကလေးရှိစမြဲပင်။ မိမိကို ခေါ်တာမဟုတ်ပေမဲ့ နိုင်ငံတကာတရားရုံးက ခေါ်သံတခုကတော့ အားလုံးရဲ့ ပျော်ရွှင်မှုကိုပေးနိုင်တာမို့ ချစ်စရာ ချွင်းချက်တခုဖြစ်ပါသည်။ နောက်ထပ်ခေါ်သံများကိုလည်း မျှော်လင့်ရပါအုံးမည်။ ကာယကံရှင်ကတော့ ခေါ်သံကို သွေးရူးသွေးတန်း ငြင်းပယ်နေမှာ အသေအချာပဲဖြစ်ပါသည်။
■ သတင်း
ကချင်ပြည်နယ်တွင် စစ်အာဏာရှင် အစိုးရ အဆက်ဆက်က ခွဲခြား အုပ်ချုပ်ခဲ့သည့် ကချင်အထူးဒေသ ၁ ဟူသော သတ်မှတ်ချက်ကို KIO က ဖျက်သိမ်းလိုက်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတူတကွ တည်ဆောက်ရန် ဌာနေ ပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ကြောင်း KIO က ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
ယခင် စစ်အာဏာရှင်အစိုးရများက ၎င်းတို့ အာဏာခိုင်မြဲစေရန်အတွက် ကချင် အထူးဒေသ ၁ ဟူ၍ ခွဲခြားသတ်မှတ် အုပ်ချုပ်ခဲ့သောကြောင့် ကချင်လူမျိုးများ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေခဲ့ကြောင်း၊ ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသား ပြည်သူများ စိတ်ဝမ်းကွဲမှု မရှိဘဲ အတူတကွ တန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ ၁ ဟု ခွဲခြား သတ်မှတ် ထားသော နယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ရခြင်းဖြစ်ကြောင်း KIO က ပြောသည်။
ထို့ကြောင့် ယခုမှစ၍ ကချင် အထူးဒေသ ၁ ဟူသော သတ်မှတ်ချက် မရှိတော့ကြောင်း၊ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံး ထိခိုက်မှုမဖြစ်စေဘဲ လူသားခြင်းစာနာ ထောက်ထားမှုအခြေခံသည့်မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ပြန်လည်ကြိုး စား တည်ဆောက်သွားမည် ဖြစ်ကြောင်း KIO က ပြောဆိုသည်။
ယခင် ကချင် အထူး ဒေသ ၁ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော ဋ္ဌာနေ ပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများ အားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIO နှင့် ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွတည်ဆောက်သွားကြပါရန် ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။
Khit Thit Media
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ပြည်သူ ၇ ဦး သေဆုံးစေခဲ့သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်မှုအဖြစ် ချင်းပြည်အစိုးရက ကြေညာလိုက်သည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Lumte ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဆေးရုံအဆောက်အဦနှင့် အနီးအနားရှိ နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျန်းမာရေး ဝန်ထမ်း ၂ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
စစ်ကောင်စီက ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများနှင့် ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုကျူးလွန်မှုဖြစ်ပြီး ချင်းပြည်အစိုးရက ပြင်းထန်စွာ ရှုတ်ချကြောင်း၊ စစ်ကောင်စီက အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်နေပြီး လူမျိုးတုန်းသတ်ဖြတ်မှုများကို ရက်စက်စွာ ကျူးလွန်နေကြောင်း ချင်းပြည်အစိုးရက ကြေညာချက် ထုတ်ပြန်ထားသည်။
ချင်းပြည်အစိုးရအနေဖြင့် Lumte ပြည်သူ့ဆေးရုံပျက်စီးဆုံးရှုံးမှုနှင့် အပြစ်မဲ့ ပြည်သူများ သေဆုံးမှုအပေါ် လွန်စွာ ဝမ်းနည်းကြောင်း၊ စစ်ကောင်စီနှင့် ပူးပေါင်းသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း တရားဝင် သတိပေးကြေညာထားသည်။
Khit Thit Media
မကွေးတိုင်း၊ မြို့သစ်မြို့နယ်တွင် အမှတ် ၁၇ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ) လုံခြုံရေးအတွက် အနီးအနားရှိ ကျေးရွာ ၃ ခုကို စစ်ကောင်စီက အတင်းအကျပ် ပြောင်းရွှေ့ခိုင်းပြီး ဒေသပြည်သူများကို စစ်တပ်က အဓမ္မ လုပ်အားပေးခိုင်းစေနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယခုနိုဝင်ဘာလနှောင်းပိုင်း မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ကပစ ၁၇ အနီးရှိ ကျွန်းဖိုတုန်းရွာ၊ ညောင်ပင်ကွင်းရွာ၊ ယူဂျီချောင်းတဲစုကျေးရွာ အပါအဝင် ကျေးရွာ ၃ ခုကို စစ်ကောင်စီက နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်၍ နှစ်ပတ်အတွင်း ချက်ချင်း ပြောင်းရွှေ့ပေးရန် ရွှေ့ပြောင်းခိုင်းနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာ မှ တောင်သူလယ်သမားများ ပိုင်ဆိုင်သော လယ်ယာမြေများတွင် စိုက်ပျိုးထားသည့် ယာခင်သီးနှံများကိုလည်း ရိတ်သိမ်းခွင့်မပေးတော့ကြောင်း သိရှိရသည်။
ထို့ပြင် ကပစစက်ရုံမှ တပ်သားများက ကျေးရွာများ ပြည်သူများကို လုပ်အားပေးခေါ်ယူခိုင်းစေပြီး လုပ်အားခမပေးကြောင်း၊ ခိုင်းသည့် အလုပ်များကို မလုပ်နိုင်သော ပြည်သူများကို စစ်တပ်က ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ကြောင်း သိရှိရသည်။
Khit Thit Media
■ ဖတ်စရာမှတ်စရာ
“ကျောင်းသားအတ္ထုပ္ပတ္တိ”
“ကျောင်းသားအတ္ထုပ္ပတ္တိ” ကို ပထမဆုံးဖတ်ရတုန်းက ၁၉၉၁ နှစ်လည်လောက်မှာ။ အဲ့ဒီအချိန်တုန်းက သူငယ်ချင်းမလေးတယောက်ဆီသွားရင်း သူက “အရေးတော်ပုံမှ ထွက်လာသော ဝိညာဉ်များ၏ ပုံရိပ်များ” လက်ကမ်း ကဗျာစာအုပ်လေး ခိုးကြောင်ခိုးဝှက်ယူလာပေးတယ်။ အဲ့ဒီတုန်းက အရာရာကို တိုးတိုးတိုးတိုး ပြောရပြီး ဘာမဆို ကြောက်နေရတဲ့ကာလလို့ပြောလို့ရမယ်ထင်တယ်။ ကျမတို့ကကျ ငယ်သေးတော့ အဲ့လောက်ကြီး မကြောက်ကြဘူး။ ကဗျာစာအုပ်ကိုသူ့ဦးလေးဆီက ယူလာပေးတဲ့ သူငယ်ချင်းမလေးက ကျမကို ရွှေဘုန်းလူ ဆိုတဲ့ နာမည် စပြောခဲ့တာပဲ။ အဲ့အချိန်မှာ ကျမရော၊ အဲ့ဒီ သူငယ်ချင်းရော ကဗျာတွေရေးနေကြပြီ။ ကျမဆို မဟေသီမှာ စပါနေပြီ။ သူက ကျမကို ဒီစာအုပ်ထဲမှာ ရွှေဘုန်းလူ ဆိုတာကိုသေချာဖတ်၊ အရမ်းကောင်းတယ်၊ နင်ကြိုက်မှာတဲ့။ ပြီးတော့ တပတ်အိမ်ယူသွားဖတ်၊ ပြန်လာပေးတဲ့။ ကျမလည်း စာအုပ်လေးကို အိတ်ထဲထည့်ပြီး မြောက်ကြွမြောက်ကြွနဲ့ အိမ်ပြန်လာလိုက်တာ။ ဒီခေတ်လိုသာဆို လမ်းမှာ စစ်ခံရ ဆွဲခံရနိုင်တာမျိုး။
အိမ်ရောက်တော့ ကဗျာတွေ အကုန်ဖတ်ပစ်လိုက်တယ်။ အောင်ဒင်၊ ရွှေဘုန်းလူ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ လူခါး .. စတဲ့ ကလောင်တွေရဲ့ ကဗျာတွေပါတယ်။ ဖယောင်းဖောက်ထားပြီး ဂတ်စနာနဲ့ လှည့်ထားတဲ့ စာအုပ်ကလေး။ အဲ့ဒီ ဖယောင်းလက်ရေးပိုင်ရှင်က ခု လူသိများတဲ့ ကဗျာဆရာ စာရေးဆရာတယောက်။ ပြီးလည်းပြီးရော ကဗျာစာအုပ်ကို ပြန်မပေးချင်တော့ဘူး။ အပိုင်လိုချင်လာရော။ ဒါပေမယ့် မဖြစ်နိုင်ဘူးလေ။ အဲ့ဒါနဲ့ တအုပ်လုံးနီးပါး လက်ရေးနဲ့ ကူးပြီးသိမ်းပစ်လိုက်တယ်။
၁၉၉၃ ကျတော့ စက်မှုတက္ကသိုလ်က သူငယ်ချင်းတယောက်က တက္ကသိုလ်ပေါင်းစုံ ကဗျာစာအုပ်လုပ်မယ် နင်ဝင်ရေးပါလားတဲ့။ ကျမဆိုသည်မှာက ငယ်ငယ်တည်းက ဘာမှသာမဟုတ်တာ မထော်မနန်း အတော်နိုင်တာ။ ဘယ်သူတွေပါမှာမို့လဲလို့ ပြန်မေးတာလေ။ ကိုယ်ဖြင့် မဂ္ဂဇင်းမှာ ၅ခါလား ၆ ခါလား ပါဖူးသေးတာ။ အဲ့ဒီမှာ သူငယ်ချင်းက ငါ့အငယ်ဆုံးတပည့်နာမည်ပြောမယ် တဲ့။ ပြောဆိုတော့ ရွှေဘုန်းလူ တဲ့။ တကယ်က သူက ကျမ မသိလောက်ဘူးထင်ပြီးကြပ်တာ။ ကျမက ဟင် ကနဲဖြစ်သွားပြီး ပြန်လွတ်လာပြီလား ၊ နင်နဲ့ ရွှေဘုန်းလူ သိလို့လား တွေ မေးချလိုက်တော့မှ သူကျမကို ဆက်ကြပ်လို့မရဘူးဆိုတာ သဘောပေါက်သွားပြီး ဇာတ်စုံခင်းပြတယ်။ နောက် မကြာခင်မှာ ဗလာစာရွက်ပေါ် မင်ပြာလေးနဲ့ ရေးထားတဲ့ ကျောင်းသားအတ္တုပ္ပတ္တိ နဲ့ ကျောင်းဖွင့်ချိန် ကဗျာတွေယူလာပေးတယ်။ ရွှေဘုန်းလူ လက်ရေးတဲ့။ အဲ့ဒါလည်း ကြပ်လွှတ်တာပဲ။ တကယ်က ကိုရွှေဘုန်းလက်ရေးမဟုတ်ဘူး။ မဟုတ်မှန်းကို ၁၉၉၆ ကျမှ ကိုရွှေဘုန်းက ဖုန်းဆက်ပြီး အဲ့ ကဗျာလက်ရေးကဗျာစာရွက်တွေလာတောင်းတော့မှသိရတယ်။
ကိုရွှေဘုန်းက ဒီကဗျာတွေကြောင့် စစ်ကြောရေးမှာ ကဗျာတစ်ကြောင်းရွတ် လက်ဆစ်တွေကိုတူနဲ့ တစ်ချက်ခေါက်ခံခဲ့ရတယ်လို့ ပြောပြခဲ့ဖူးတယ်။ အဲ့လိုရာဇဝင်နဲ့ ကဗျာကို ခုချိန်မှာ နာမည်မတပ်ပေးပဲ ( တမင်ဖြုတ်ထားတာဖြစ်ဖို့ပိုများ) ခပ်တည်တည်နဲ့ ကိုယ့်စကားလုံးလို ကဗျာလို လုပ်နေကြသူတွေကိုတွေ့ရင် သူတို့လက်ဆစ်ချည်းပြေးမြင်တော့တာ။
အဲ့ဒီ သူငယ်ချင်းပေးခဲ့တဲ့ ကဗျာစာရွက်တွေကို ကျမတို့ သိမ်းထားခဲ့တာ ၂၀၀၇ ထိပဲ။ ၂၀၀၇ ကိုရွှေဘုန်းဆုံးတဲ့ညမှာ “အရေးတော်ပုံမှ ထွက်လာသော ဝိညာဉ်များ၏ ပုံရိပ်များ” ရဲ့ ဖယောင်းလက်ရေးရှင် အိမ်ရောက်လာပြီး pamphlet လုပ်ဖို့ ကဗျာတွေပြန်လာကူးပါတယ်။ သူကတောင် တိုက်တိုက်ဆိုင်ဆိုင် ဒီကဗျာကို သူပြန်ကူးနေရပြန်ပြီလို့ ပြောသွားခဲ့သေးတယ်။ ကဗျာကရှည်တော့ သူပြီးအောင်မကူးနိုင်တဲ့တွက် ကျမလက်ရေးနဲ့ ကူးထားတဲ့ စာအုပ်ကိုမပေးလိုက်ပဲ သူငယ်ချင်းပေးထားတဲ့ ကဗျာစာရွက်တွေကိုပဲငှားလိုက်တာ ပြန်ရောက်မလာခဲ့ဘူး။
MANORHARY
Be the first to comment