“The Call ရဲ့ မနက်စာ”
-၂၀၂၄ ဇူလိုင် ၁၈ ကြာသပတေးနေ့ –
■ မနက်ခင်းအတွေး
ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ “ငါပြောချင်သမျှ ငါ့အကြောင်း” ကို ဖတ်ရင်းနဲ့ အတွေးတွေ တသီကြီးပေါ်တယ်။ အထင်ရှားဆုံး အတွေးကို ပြောရရင်တော့ တိုင်းပြည်မှာ တကယ့် စာတတ် ပေတတ် ဦးနှောက်ကြီးသူတွေအဖြစ် အများက လက်ခံထားကြသူတွေသည်ပင် ဉာဏ်တိမ်စွာ လွဲချော်ခဲ့တာကို ဒေါက်တာသန်းထွန်းရဲ့ အရေးအရ သိရတော့ ငတို့တိုင်းပြည် အောက်ကျနောက်ကျ ဖြစ်ရတာလည်း မဆန်းလှဘူး ဆိုတာပဲ။ ဒါက ဖြေတွေးတာ မဟုတ်၊ ရင်နာစွာ ဝင်လာတဲ့ အတွေး။
မျိုးဆက် တခုနဲ့တခုမှာ နောက်မျိုးဆက်က ရှေ့မျိုးဆက်ထက် လူစွမ်းလူစ ပိုထက်မှ အဲဒီနိုင်ငံ လူမွေးလူရောင် ပြောင်သထက် ပြောင်ပြီး လူချင်းတူတူ သူချင်းမျှမျှ ဘယ်သူ့အောက်မှမကျ ဘယ်သူ့ကိုမှ အောက်မကျို့ရတဲ့ဘဝ ရောက်မယ်ဆိုတာ ဘယ်လိုမှ မမှား နိုင်တဲ့သီအိုရီ။ ကိုယ့်တိုင်း ကိုယ့်ပြည်ကတော့ ဒီကနေ့အချိန်အခါ အဲဒီလိုဖြစ်ဖို့ နေနေသာသာ အသက်ရှင်သန်ဖို့တောင် မနည်း မွေးမြူနေကြရတာ။
မအလနဲ့ သန္ဓေယုတ် စစ်အုပ်စုကိုလည်း အမြစ်ဖြုတ်ရင်း၊ နောင်လာမယ့် မျိုးဆက် အဆက်ဆက်အတွက် အမွေကောင်းတွေကိုလည်း ချန်ထားရင်း၊ လူကြီးတွေကလည်း လူကြီးအလျောက်၊ ငယ်ရွယ်သူတွေကလည်း ငယ်ရွယ်သူအလျောက် အရှည်ကို မျှော်ကြည့်ပြီး တွေး ကြံ ပြောဆို လုပ်ကိုင်ကြမှသာ ကမ္ဘာမှာ တူတူတန်တန် လေးစားခံရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာဖို့ လမ်းစပေါ်မယ်လို့ တွေးမိတာပါပဲ။
အဲသလို တွေးမိတော့လည်း ပိုပြီး ရင်လေးရပြန်တာပါပဲ။
Be the first to comment