မနက်ခင်းအတွေး

by The Call

“The Call ရဲ့ မနက်စာ”
-၂၀၂၄ ​ဇူလိုင် ၁၉ ​​သောကြာနေ့ –
(၇၇ နှစ်မြောက် အာဇာနည်နေ့)
■ မနက်ခင်းအတွေး
❝ချစ်သောသူတို့ သက်တမ်းကား
တိုတောင်းလှ၏။
မုန်းသောသူတို့ သက်တမ်းကား
ရှည်လွန်းလှ၏။
ငါ — ကြေကွဲ၍ မဆုံးပါ။❞
ဆရာမ မိုးမိုး (အင်းလျား) ကွယ်လွန်တော့ ဆရာတင်မိုးက အမှတ်တရ တမ်းတမ်းတတ ရေးခဲ့တဲ့ ကဗျာပါ။ ၁၉၉၀ မတ်လက ရေးခဲ့တဲ့ကဗျာ ဆိုပေမယ့် အဲဒီမတိုင်ခင် နှစ်ပေါင်းများစွာက ဆုံးပါး ကွယ်လွန်သွားသူ အချို့အချို့အတွက်လည်း ဒီကဗျာက အကျုံးဝင်နေပါတယ်။
ဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ ကွယ်လွန်ခဲ့တာ ၇၇ နှစ် ပြည့်မြောက်တဲ့နေ့ပါ။
ဆရာတင်မိုးရဲ့ အဲဒီကဗျာကို ဒီနေ့မှာမှ ပိုပြီး မှတ်မှတ်ရရ ဖြစ်နေမိပါတယ်။ တဆက်ထဲမှာပဲ လူပုဂ္ဂိုလ်တချို့ဟာ ကွယ်လွန်ပြီး နှစ်ပေါင်းများစွာ ကြာတဲ့အထိ လူအများက တသသ ဖြစ်နေရလောက်အောင် သူတို့ ရှင်သန်နေထိုင်ခဲ့တဲ့ ဘဝတိုတိုလေးအတွင်း လူအများ ကောင်းရာ ကောင်းကျိုးကို ဆောင်ခဲ့ကြတာ၊ တချို့ကတော့ မသေခင်ကတည်းက မေ့လျော့ခံဘဝရောက်၊ သေလွန်တော့လည်း ဘယ်သူကမှ တမ်းတမ်းတတ လွမ်းလွမ်းဆွတ်ဆွတ်မဖြစ်ဘဲ အသေ နောက်ကျလှချည်ရဲ့လို့တောင် မေးငေါ့ခံကြရတာ စတာတွေ တဆက်တည်း အတွေးဝင်မိပါ တယ်။
အာဇာနည်ခေါင်းဆောင်တွေ အကြောင်းကိုတွေး၊​ အာဇာနည်သွေးကိုပဲ ထပ်ခါ မွေးမြူ တည်ဆောက်ကြရမယ့် ဒီနေ့လိုအချိန်မှာ အမျိုးယုတ်တွေအကြောင်းတော့ ပြောမနေချင်တော့ပါဘူး။
ဒီနေ့လို အချိန်အခါမှာ မြသွဲ့သွဲ့ခိုင်လို၊ ကြယ်စင်လို နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်း အာဇာနည်တွေ အကြောင်းပဲ ထပ်ခါ တွေးကြရအောင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေ မျှော်မှန်း တည်ဆောက်ခဲ့တဲ့ နိုင်ငံ၊ အသက်ခန္ဓာ စွန့်လွှတ် ပေးဆပ်သွားကြတဲ့ နွေဦးသူရဲကောင်းတွေ ငတ်မွတ် တောင့်တခဲ့တဲ့ နိုင်ငံ၊ အဲဒီနိုင်ငံတော်သစ်ကို ရအောင် တည်ဆောက်ယူကြရင်း ခေတ်အဆက်ဆက် စွန့်လွှတ် ပေးဆပ်ခဲ့သူတွေရဲ့ အသက် ခန္ဓာတွေ အချည်းနှီး မဖြစ်စေဖို့ မပြတ် လုံ့လထုတ်ကြပါစို့ …
“အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ရေးထိုးကြ”
“ရဲရင့်စိတ်နဲ့ ဆက်ချီတက် အာဇာနည်မျိုးဆက်”

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment