“The Call ရဲ့ မနက်စာ”
-၂၀၂၄ ဇူလိုင် ၂၂ တနင်္လာနေ့ –
■ မနက်ခင်းအတွေး
မနက်မိုးလင်းပြီဆိုတော့ ညကထွန်းထားသည့် ခြံတွင်းခြံပြင်မီးတွေ လိုက်ပိတ်ရသည်။ အစွန်ကျသည့်ရပ်ကွက်မို့ အိမ်တိုင်းလိုလို ကိုယ့်ပတ်ဝန်းကျင်လေးလင်းနေအောင်တော့ အားပြုထွန်းတတ်ကြသည်။ မှောင်နေလျှင် အန္တရယ်တွေ၊ မကောင်းမှုတွေ အောင်းခိုလေ့ရှိတတ်ကြသည်မဟုတ်လား။ မီးတွေလိုက်ပိတ်ရင်း ခြံစပ်မှာ တန်းစီစိုက်ထားသည့် အာဆီယံသပြေပင်တန်းဘက်ရောက်သွားသည်။ မနေ့ညနေက ဒီအပင်ခြေမှာ မြွေတကောင် ပြေးဝင်ပျောက်သွားတာ လိုက်ရှာခဲ့ကြတာ သတိရလိုက်သည်။ မြွေဆိုးမြွေကောင်းလားတော့မသိ။ မြွေရှိတယ်ဆိုလျှင်ပင် ဒီအနီးအနား သွားရလာရတာ စိတ်မလုံခြုံတော့။
ဒီလိုပြောတော့ မြို့ကြီးပြကြီးတွေကနေ တောထဲတောင်ထဲရောက်နေကြသည့်သူတွေကို အားနာဖို့တော့ကောင်းသည်။ ဒါပေသည့် တောထဲပဲနေနေ မြို့ပေါ်မှာပဲဖြစ်ဖြစ် စိတ်လုံခြုံမှုကတော့ အရေးကြီးသည်မဟုတ်လား။ လမ်းသွားရင် နောက်လှည့်လှည့်ကြည့်နေရတာ၊ အိပ်နေရင်း နားက အသံတွေနားစွင့်ဖြစ်နေတာ၊ အသိတယောက်ကိုတွေ့ရင်ပင် သူ့နောက်ကိုလှမ်းအကဲခတ်ပြီးမှ ရဲရဲတင်းတင်းပြုံးပြရဲတာ စသည်တွေက ကိုယ်တိုင်ခံစားမှ နားလည်နိုင်မည့် ရင်တထိတ်ထိတ် နေ့ရက်တွေဟုဆိုရမည်။ အချိန်တိုင်းလို သတိနဲ့လူ ကပ်ထားကြရသည်။
အလှူအတန်းလေးလုပ်ဖို့ လူစုမိလျှင်ပင် ချောင်းနေသည့်ကျားဆိုးကြီးတကောင် ခုန်အုပ်ခံရသလို အဖြစ်ဆိုးတွေရင်ဆိုင်သွားကြရသည့်သတင်းတွေက တုန်လှုပ်ခြောက်ခြားစရာ။ ကိုယ့်ဘေးက လေထုကြီးကလည်း မလုံခြုံ၊ ကိုယ့်အပေါ်က မိုးကောင်းကင်ကြီးကလည်း စိတ်မချရ။ ဘာ့ကြောင့် ငါတို့တွေ ပစ်မှတ်ဖြစ်နေရပါလိမ့်တောင် မတွေးအားတော့။ အသက်ရှင်ရတာ ပင်ပန်းခက်ခဲလာသည်နှင့်အမျှ အသက်ရှင်ရတာကို ပိုတန်ဖိုးထားတတ်လာကတော့ အဆိုးထဲကရသည့်အကောင်းဟု ဆိုရမည်။ လုံခြုံစိတ်ချရသည်ပတ်ဝန်းကျင်လေးတခုဆိုတာကပင် လူအဆန်ဆုံး အိပ်မက်တခုဖြစ်လာခဲ့သည်။
“Crime against Humanity လူသားဖြစ်မှုကို ဆန့်ကျင်သည့်ရာဇဝတ်မှု” ဆိုတာ တမင်အမှုကြီးအောင်လုပ်ထားသည့်စကားလုံးဟု ကြားကာစတုန်းက ထင်ခဲ့ဘူးသည်။ အခုတော့ ဒီစကားလုံးတွေတောင် မလုံလောက်ချင်တော့ဟု သိလာခဲ့ရသည်။ လူ့အဖွဲ့အစည်း လူသားမျိုးနွယ် ဆက်လက်တည်တံ့ဖို့ဆိုရင်တော့ ဒီလိုအမှုတွေ လက်ရဲဇက်ရဲကျုးလွန်ခဲ့သည့်သူတွေကို မဖြစ်မနေ အပြစ်ပေးအရေးယူဖို့လိုသည်။ ဒါကို လူ့ကျင့်ဝတ်ဟုဆိုရပေမည်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
