မနက်ခင်း သတင်းအစီအစဥ်

by The Call
70 views
‘မနက်ခင်း သတင်းအစီအစဥ်’
◼️ယဥ်ဝယ်ထက်
ဟုတ်ကဲ့
ခံယူချက်ဟာ ကျောက်ပက်တီးကို
သွေးနဲ့စည်းထားပြီးဖြစ်ပါတယ်
နှလုံးသားဟာ ကျောက်သွေးလောင်းခံထားရပြီးဖြစ်ပါတယ်
မျက်ရည်ဟာ မီးလောင်တိုက်ထဲ ပြာကျခဲ့ရပြီးဖြစ်ပါတယ်
ဆယ်လမွန်ငါးတို့ဟာ အိမ်အပြန်ကို
ဆန်တက်နေဆဲဖြစ်သလို
ကြိုးကြာငှက်တို့ရဲ့
မိုင်ထောင်ချီခရီးဟာလည်း
နီးပြီးဖြစ်ပါတယ်
(မယုံမရှိပါနဲ့)
ဟုတ်
လက်မလျှော့ အားတင်းထားသူတို့ရဲ့
ရဲရင့်သောနှလုံးသားမှာလည်း
အဖြူထက် ဖြူစင်သောအနီရောင်ကို
အိပ်မက်ထဲက အိမ်နံရံမှာ
ကလေးငယ်တွေအတွက်
စိတ်ကူးနဲ့နိမိတ်ဖတ် ဆေးခြယ်နှင့်ပြီးဖြစ်ပါတယ်
ဟုတ်ကဲ့
မိုးတွေလည်းရွာဆဲ ဖြစ်ပါတယ်
နှင်းတွေလည်း သည်းဆဲဖြစ်ပါတယ်
သို့သော်
အလင်းရောင်ပျပျကိုလည်း မြင်နေရပြီဖြစ်ပါတယ်
မနက်ဖြန်ဆိုတာရှင်သန်ဆဲမို့လို့
တွဲထားတဲ့လက်တွေမပြုတ်ဖို့
ညီအစ်ကိုမောင်နှမတတွေ
ဆက်လက်ရဲရင့်ညီညွတ်နေစေချင်ပါတယ်
အလံတော်ဆိုတာ
လူထုလွှင့်တင်မှ လူတိုင်းအလေးပြုမည်ဖြစ်ကြောင်း
သတင်းပါးပါတယ်
ဟုတ်
မြစ်တွေဟာလည်းစီးဆင်းဆဲမို့
ရောင်နီဟာ မဝေးသောအချိန်မှာ
ရောက်ရှိလာမှာပဲဖြစ်ပါတယ်
ဟုတ်
Go To Hell FM 9.99 MHz မှ
ဆက်လက်အသံလွှင့်နေပါမယ် ……

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment