“မနက်ဖြန် အဝါရောင်ပန်းတွေပွင့်ရင်”
ချမ်းငြိမ်း
(၁)
လူခြေတိတ်ဆိတ် ငှက်ကလေးတွေ အိပ်ပျော်နေဆဲ။ အိမ်ရှေ့က ခရေပင်ထိပ်မှာ လခြမ်းကွေးကွေးလေး လာချိတ်ချိန်။ အဲဒီ လခြမ်းကွေးကွေးလေးကို မျက်နှာမူပြီး ကျနော် ခရီးစထွက်ခဲ့ပါသည်။ လရောင်ရဲ့ အလင်းပုဝါပါးအောက်မှာ ရိုးတိုးရိပ်တိပ် မြင်ရတဲ့ မပန်းဝါရဲ့ ပန်းခင်းလေးကို ခေတ္တ ငေးမိပါသေးသည်။ ကျနော် ခရီးထွက်ရပါဦးမည်။ တိတ်ဆိတ်သော အိမ်ငယ်လေးထဲမှာ အဝါရောင်ပန်းတပွင့် အိပ်ပျော်နေပါသည်။ ဒါက ကျနော့်အထင်လည်း ဖြစ်နိုင်ပါသည်။ အရုဏ်မလာမီ အမှောင်သည် သိပ်သည်းလွန်းပါသည်။ လရောင်ပန်ထားသော ကမ္ဘာမြေသည် မကြည်လင်လှ။ မြူလွှာပါးပါးသည် မျက်ရည်ခိုးတွေများလားဟု ကျနော်ထင်မိသည်။ ဒီမြေပေါ်မှာ တိတ်ဆိတ်စွာ ငိုကြွေးသူတွေ များလှသည်။ အသံမထွက်ဘဲ ငိုတဲ့အခါ မျက်ရည်ပိုများသည်ဟု ကျနော်ထင် သည်။ တိတ်ဆိတ်သော အိမ်ငယ်လေးထဲက မျက်ရည်စွန်းထင်းနေသော ခေါင်းအုံထက်မှာ မပန်းဝါ ရှိသည်။ သူရော ငိုနေသလား။
(၂)
“ကျနော်သွားမှဖြစ်မယ် မပန်းဝါ”။ ကျနော့်အသံမှာ နှင်းတွေဝေနေသလား၊ ဒါမှမဟုတ် ခပ်ဝေးဝေးကအသံလို မှိန်ပြနေသလား။ မပန်းဝါသည် ကျနော့်အသံကြားနိုင်ပါသည်။ သို့တိုင် ခေါင်းမော့မလာ။ သူ့ဆံနွယ်မှ ရနံ့တချို့သည် ကျနော့် အသက်ရှူလမ်းကြောင်းမှတဆင့် ကျနော့်နှလုံးသားအတွင်း ဝင်ရောက် လာ၏။ “ဟုတ်တယ် သွားမှ ဖြစ်မယ်။”
သူမအသံမှာ တည်ငြိမ်လွန်းသည်ဟု ထင်ရသည်။ ထိုအခါမှ သူမနှင့် ကျနော်ကြားမှာ ကန္တာရတခု ခြားတော့မှာဖြစ်ကြောင်း၊ သို့မဟုတ် သူမနှင့် ကျနော့်ကြားမှာ ချောက်ကမ်းပါးတခု ခြားတော့မှာဖြစ်ကြောင်း သိလာပါသည်။ ဖေဖော်ဝါရီ ကန္တာရ၊ ဖေဖော်ဝါရီ ချောက်ကမ်းပါး။ ထို ကန္တာရနှင့် ချောက် ကမ်းပါးကို နွေဦးနဲ့ တံတားထိုးရပေမည်။
(၃)
မပန်းဝါနှင့် ကျနော် တွေ့ကြသည့်နေ့ဟာ ပူပြင်းခြောက်သယောင်းသော သာမန်နွေတနေ့သာ ဖြစ်ပါသည်။ ထူးထူးခြားခြားလည်း မရှိပါ။ မိုးလည်း အုံ့မနေပါ။ အပြင်မှာ ပန်းတွေလည်း ပွင့်မနေပါ။ သို့သော် အဲဒီနေ့မှာပဲ ကျနော့်ရင်ထဲမှာ အဝါရောင်သစ်ပင်လေးတပင် အမြစ်တွယ်ခဲ့ပါသည်။ ဒီနောက်တော့ ထိုအပင်လေးမှ အဝါရောင်ပန်းကလေးတပွင့် ပွင့်လာပါသည်။
“မပန်းဝါ” … ကျနော့်အသံကြောင့် သူမ နှုတ်ခမ်းတစုံအောက်က အဖြူရောင် ပုလဲကုံးလေးတွေ ပေါ်သည်အထိ တအံတဩနှင့် ကျနော့်ကို ကြည့်ပါသည်။ သူမကိုခေါ်ကြောင်း အလိုလို သိပုံရသွားပါသည်။ ကျနော့်ကို ပြုံးပြပါသည်။ ခေါင်းငုံ့မသွားပါ။ သူမ နားသယ်စပ်က ချွေးစလေးတွေကို ကျနော် ငေးမိပါသည်။ ဝိုင်စက်တွေ စွန်းထင်းနေသလို မပန်းဝါရဲ့ ဆံနွယ်တွေမှာ ရနံ့တချို့ရှိကြောင်း ကျနော် ကောင်းစွာသိခဲ့ပါသည်။ ယခုတိုင် ထိုရနံ့ကို ကျနော်မှတ်မိပါသေးသည်။ ကျနော် သူမကို မပန်းဝါ ဟု အမည်ပေးခဲ့ပါသည်။ ထိုအမည်သည် သူမကို ကျနော်တယောက်တည်းခေါ်သော အမည်ဖြစ်ပါသည်။ အမှန်ပြောရလျှင် မပန်းဝါသည် ကျနော် သတ်မှတ်သော အမျိုးသမီးတယောက်၏ လှပခြင်းမျိုးတို့ မရှိပါ။ သို့တိုင် မပန်းဝါသည် နှစ်လိုဖွယ်ကောင်းပါသည်။ “မပန်းဝါကို ကျနော်ချစ်တယ်။” မပန်းဝါသည် ကျနော်၏ တောင်းဆိုမှုကို နှုတ်နဲ့ရော မျက်ဝန်းနဲ့ရော ဒါမှမဟုတ် အခြားတနည်းနည်းနဲ့ပါ ဖြေခဲ့ပါသည်။ မပန်းဝါသည် ကျနော့်ကို အလွန်ချစ်ပါသည်။ ထိုအတိုင်း ကျနော်ထင်ပါသည်။ အသေအချာကို ပြောနိုင်ပါသည်။
(၄)
ချောင်းရိုးလေးဘေးတဘက်မှာ တောပန်းတွေ ဝေနေတယ် မပန်းဝါ။ အဝါရောင် ပန်းကလေးတွေပေါ့။ ကျနော် မပန်းဝါကို သတိရနေပါတယ်။ အခု ကျနော် သဘာဝတရားရဲ့ ဘာသာစကားကို တတ်ကျွမ်းနေခဲ့ပြီလေ။ ကျနော် ပန်းတွေနဲ့ စကားပြောတတ်နေပါပြီ။ ဒီအချိန် မပန်းဝါရဲ့ ပန်းခင်းလေးထဲ အဝါရောင်ပန်းကလေးတွေ ပွင့်နေလောက်ပြီပေါ့။ မပန်းဝါရော ပန်းတွေနဲ့ စကားပြောတတ်နေပြီလား။
သေနတ်သံတွေဟာ နတ်ဆိုးရဲ့ ဘာသာစကားတခုပဲ မပန်းဝါ။ အခု အဲဒီဘာသာစကားကိုလည်း ကျနော် တတ်ကျွမ်းနေပါပြီ။ ကျနော့်ရဲ့ သေနတ်လွယ်ကြိုးမှာ အဝါရောင်ပန်းတပွင့် ထိုးထားတယ် မပန်းဝါ။ ဒါက ကျနော် မပန်းဝါကို အမြဲသတိရနေကြောင်း သင်္ကေတ တခုပေါ့။
ခြေလက်ဗလာနဲ့ ထွက်လာခဲ့တဲ့ ကျနော့်မှာ သေနတ်တလက်ရှိနေခဲ့ပါပြီ။ တခါက ကဗျာတွေရေးတဲ့လက်ဟာ အခုသေနတ်ကြီးနဲ့ပေါ့ မပန်းဝါ။ ရယ်တော့ ရယ်ရသားပဲ မပန်းဝါ။ မတတ်နိုင်ဘူးလေ။ လူဆိုတာ ကိုယ်ချစ်တဲ့အရာတွေနဲ့ အဝေးကြီးမှာ နေရပြီး ကိုယ်မုန်းတဲ့ အရာတွေနဲ့တော့ အတူတူနေရတတ်တယ် မဟုတ်လား။
(၅)
သေနတ်သံတွေ ကြားနေရတယ် မပန်းဝါ။ ကျနော့်ရင်ဘတ်မှာ အနီရောင်ပန်းတပွင့် လာစိုက်နေတယ်။ အဲဒီပန်းပွင့်ကလေးကနေ အနီရောင် မျက်ရည်စက်တွေ တစက်စက်ထွက်နေတယ်။ ကျနော် နာကျင်တယ်လို့ မခံစားရတော့ပါဘူး။ ကျနော့် သေနတ်လွယ်ကြိုးကနေ လွင့်စင်သွားတဲ့ အဝါရောင်ပန်းကလေးဟာ ကျနော်နဲ့ ခပ်ဝေးဝေးမှာ ရှိနေတယ်။ ကျနော် မျက်လုံးတွေ လေးလံလာတယ် မပန်းဝါ။ ကျနော် ခဏလောက် အိပ်ပါရစေ။ ခဏလေးပါ။
ကျနော် ရနံ့တခုရတယ်။ ဟိုး ခပ်ဝေးဝေးက လွင့်ပျံ့လာတဲ့ ရနံ့မျိုး။ မပန်းဝါရဲ့ ဆံနွယ်တွေဆီမှာရှိတဲ့ ရနံ့မျိုး။ တဖြည်းဖြည်း နီးကပ်လာတယ်လို့ ကျနော်ခံစားရတယ်။ ကျနော့်မျက်လုံးတွေကို အားယူပြီး ဖွင့်ကြည့်လိုက်တယ်။ အမြင်တွေက မှုန်ဝါးနေတယ်။ နောက် တဖြည်းဖြည်း ကြည်လင်လာတယ်။ အဝါရောင် ဟုတ်တယ် အဝါရောင်ဝတ်စုံလေးနဲ့ ကျနော့်ကို ပြုံးကြည့်နေတဲ့ မပန်းဝါ။ သူမ ခေါင်းမှာလည်း အဝါရောင် ပန်းကလေးတပွင့်ကို ဖြစ်သလို ထိုးထားတယ်။ မပန်းဝါ ကျနော့်ကို တခုခုပြောနေပုံရတယ်။ ဒါပေမယ့် ကျနော် မကြားရပါဘူး။ သူမအသံက နီးသွားလိုက် ဝေးသွားလိုက်။ နောက် တဖြည်းဖြည်း ပီသလာတယ်။ “အိမ်ပြန်ရောက်နေပြီပဲ အိပ်လိုက်ဦးနော်” တဲ့။ ကျနော် ဘေးဘီကို ကြည့်မိတယ်။
ဟုတ်ပါရဲ့ ကျနော်အိမ်ပြန်ရောက်နေတာပဲ။
ဘယ်လို ရောက်လာပါလိမ့်။ သူမအသံ ထပ်ကြားရတယ်။ “မနက်ဖြန် အဝါရောင်ပန်းတွေ အများကြီးပွင့်တော့မှာ” တဲ့။ ကျနော် မပန်းဝါကို စကားပြန်ပြောဖို့ ကြိုးစားကြည့်မိတယ်။ မရ။ ဒါကြောင့် ကျနော် မပန်းဝါကို ပြုံးပြလိုက်ပါတယ်။ ဟုတ်တယ် ကျနော် ပင်ပန်းနေပြီ။ အိပ်မှဖြစ်မယ်။ ခဏလောက်ပါပဲ မပန်းဝါ။ မနက်ဖြန် မပန်းဝါကို အဝါရောင်ပန်းတွေ ပန်ပေးရဦးမယ်လေ။
(၆)
တောတန်းလေးတနေရာက ဝါးကွပ်ပျစ်လေးပေါ်မှာ လူငယ်လေးတယောက် လဲလျောင်းနေသည်။ သူ့ရင်ဘက်က ဒဏ်ရာမှ ထွက်လာသော သွေးစက်တွေခြောက်နေပြီဖြစ်တာကြောင့် နာရီအတန်ကြာကပင် သူသေဆုံးခဲ့ကြောင်း သက်သေပြနေသည်။ သူ့ရင်ဘတ်ပေါ်မှာ အဝါရောင် တောပန်းပွင့်လေးတပွင့် တင်ထားသည်။ ဒဏ်ရာမှ သွေးတို့ဖြင့် နီစွေးနေသော အောက်ခံအရောင်ကြောင့် အဝါရောင်ပန်းကလေးသည် တောက်ပနေသည်။
သူ့မျက်နှာသည် ပြုံးလျက်။
Be the first to comment