မနေ့က ဘာရှားအယ်အာဆက်ဒ် ဒီနေ့ အကြမ်းဖက် မင်းအောင်လှိုင်

“မနေ့က ဘာရှားအယ်အာဆက်ဒ်
ဒီနေ့ အကြမ်းဖက် မင်းအောင်လှိုင်”
■ အယ်ဒီတာ့စကား
မနေ့က ဖီလစ်ပိုင်၊ ဒီနေ့ မြန်မာ (Yesterday Philippines, Today Burma.) ဆိုသည့်စာသားကို ၈၈ အရေးတော်ပုံကာလက အဆောက်အဦအမြင့်ကြီးများနှင့် အုတ်တံတိုင်း နံရံများပေါ်တွင် တွေ့ရသည်။ ဖိလစ်ပိုင်တွင် လူထုအုံကြွမှု၊ ဆန့်ကျင်တွန်းလှန်မှုများကြောင့် အာဏာရှင်ဖာဒီနန်မားကို့စ်သည် ၁၉၈၆ ခုနှစ်၌ အာဏာစွန့်လွှတ်ခဲ့ရပြီး မိသားစုလိုက် အမေရိကန်သို့ ထွက်ပြေးခဲ့ရသည်။
မြန်မာနိုင်ငံတွင်လည်း ၈၈၈၈ အရေးတော်ပုံကြီးပေါ်ပေါက်လာပြီး မဆလ တပါတီအာဏာရှင်စနစ်၏ ခေါင်းကိုင်ဖခင်ကြီး စစ်အာဏာရှင် ဗိုလ်နေဝင်းနှင့် ဗိုလ်စိန်လွင်၊ ဦးမောင်မောင်တို့ အသီးသီးလည်း သမ္မတရာထူးကို ဆက်တိုက်ပင်စွန့်လွှတ်ခဲ့ကြရသည်။ မဆလ တပါတီအာဏာရှင်စနစ် ပျက်သုဥ်းခဲ့သော်လည်း
စစ်အာဏာရှင်စနစ်ကတော့ ယခုတိုင် ခေါင်းထောင်နေဆဲပင်ဖြစ်သည်။ ယခင်ကထက် ပိုမိုကြီးမားသော အဖျက်စွမ်းအားများဖြင့် ပြည်သူလူထုအား ရက်ရက်စက်စက် သတ်ဖြတ်၊ဖိနှိပ်နေဆဲ ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဆီရီးယားမှာ အာဏာရှင် ဘာရှားအယ်လ်အာဆက်ဒ် ပြုတ်ကျပြီး ရုရှားကိုထွက်ပြေးသွားရာ မြန်မာ့နွေဦးပြည်သူများအတွက်အားတက်ခဲ့ရသည်။၂၀၁၁ က စခဲ့သော ဆီးရီးယားလက်နက်ကိုင်တော်လှန်ရေးသည် ၁၄ နှစ်အကြာတွင် အာဏာရှင်ကိုဖြုတ်ချနိုင်ခဲ့သည်။ မလျှော့သော ဇွဲနှင့်စိတ်ဓာတ်ခိုင်မာမှု စွမ်းအားပင်ဖြစ်သည်။ ရုရှားကို အာဆက်ဒ်ထွက်ပြေးသောနေ့က ဒီဇင်ဘာ ၈ ရက်ဖြစ်သည်။ ထိုနေ့မှာပင် အကြမ်းဖက်စစ်တပ်၏ နခခ(၅)၊ မောင်တောမြို့နောက်ဆုံးလက်ကျန်စစ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ ရန်သူ့အလောင်း ၄၅၀ ကျော် ရရှိခဲ့ကာ လက်နက်ချသူ ရာနှင့်ချီပြီးရှိခဲ့သည်။ အမှတ် ၁၅ စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း အပါအဝင် အရာရှိစစ်သည်များလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်။ ၃ လကြာထိပိတ်မိကာ ရိက္ခာမရ၊ စစ်ကူမလာသောကြောင့် ရာနှင့်ချီသည့် တပ်သားများ၏ အော်ဟစ် အကူအညီတောင်းနေသော ဗီဒီယိုဖိုင်များလည်းထွက်ပေါ်လာရာ အကြမ်းဖက်စစ်တပ်၏ တပ်ပျက်နေမှုမှာ တပ်ထောက်ခံသူများကြား ပေါက်ကွဲအားကြီးမားလာတော့သည်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကလည်း ကချင်အထူးဒေသ(၁) တခုလုံး သိမ်းပိုက်ပြီးသည့်အပြင်ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်နှင့် မံစီမြို့တို့ကိုလည်း အပြီးတိုင် သိမ်းပိုက်နိုင်တော့မည်ဖြစ်သည်။ ဒီဇင်ဘာ ၁၄ ရက်က တောင်ကုတ်မြို့ နောက်ဆုံးစခန်း စကခ(၅)တပ်မဌာနချုပ်၊ အမှတ် ၅၄၄ နှင့် ၃၄၆ ခြေမြန်တပ်ရင်းတို့ကိုလည်းကောင်း ၊ဒီဇင်ဘာ၂၀ ရက်နေ့တွင် အမ်း အခြေစိုက် နပခ ဌာနချုပ်ကိုလည်းကောင်း AA တပ်တော်က ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။ ချင်းညီနောင်အဖွဲ့ကလည်း ကန်ပက်လက်ကို သိမ်းနိုင်ခဲ့ပြီး ဖလမ်းနှင့်မင်းတပ်ကိုလည်း အပြီးတိုင်ရရှိပေတော့မည်။ တော်လှန်ရေးအင်အားစုများက မြို့ပေါင်း ၉၀ ခန့်ကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် Yesterday Syria, Today Burma. မနေ့က ဆီရီးယား၊ ဒီနေ့ မြန်မာ ဖြစ်လာကြသည်။ အာဆက်ဒ်ပြီးလျှင် အကြမ်းဖက်စစ်ခေါင်းဆောင် မအလလည်း ပြေးရပေတော့မည်။ ဆီးရီးယားတော်လှန်ပြည်သူများကြားမှာပင် May Myanmar Be Next. စစ်ရာဇဝတ်ကောင် မအလ အလှည့်ရောက်တော့မည်ဟု မှတ်ချက်ပြုလာကြသည်။ အာဆက်ဒ်ကို ရုရှား၊ အီရန်တို့လို အင်အားကြီးနိုင်ငံများက စစ်လက်နက်နှင့်ငွေကြေးများ ထောက်ပံ့ကူညီခဲ့ကြသည်။ သို့သော် ညီညွတ်သော ဆီးရီးယားပြည်သူတို့၏ ခုခံတွန်းလှန်စစ်က အောင်ပွဲခံခဲ့သည်။
ထို့နည်းတူ အကြမ်းဖက်စစ်ရာဇဝတ်ကောင် မအလကို ရုရှားနှင့်တရုတ်တို့က ထောက်ခံရပ်တည်ပေးနေသော်လည်း နောက်ဆုံးတွင် ပြည်သူလူထုကသာ အောင်ပွဲရမည်မှာ မလွဲဧကန် ဖြစ်သည်။
ပြည်တွင်းရေးမစွက်ဖက်ဖို့ အပြောဆုံးက တရုတ်အစိုးရဖြစ်သည်။ ပြည်တွင်းရေးစွက်ဖက်ရုံမက ကုမ္ပဏီလုံခြုံရေးအကြောင်းပြပြီး လက်နက်ကိုင်တပ်ဖွဲ့တွေစေလွှတ်ပြီး မြန်မာကို သူ့သြဇာခံ
ပြုဖို့ ကြိုးစားနေသည်မှာလည်း တရုတ်အစိုးရပဲဖြစ်သည်။ မြန်မာပြည်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်နေပါသည်ဆိုသော တရုတ်အစိုးရသည် မြန်မာကို စစ်သက်ပိုရှည်ကြာအောင် စစ်ရာဇဝတ်ကောင်တွေကို မွေးမြူနေခြင်းသာဖြစ်သည်။
မြန်မာပြည်သူများကို မျက်မှောက်ပြုပါသည်ဟု အသံကောင်းဟစ်နေသော တရုတ်သည် နိုင်ငံအနှံ့ နေ့ညမပြတ် ပြည်သူများကို ဗုံးကြဲ သတ်ဖြတ်နေသော၊ ရွာလုံးကျွတ်မီးရှို့ကာ၊ အဓမ္မစစ်သားစုဆောင်းနေသော ICC ဝရမ်းပြေးလောင်းလျာ လူသတ်ကောင် မအလကို စစ်လက်နက်၊ လေယာဥ်ဆီ၊ နည်းပညာနှင့်ငွေကြေးများ ထောက်ပံ့ကူညီနေပြန်သည်။ တရုတ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကောင်းများရှိခဲ့သည်။ NLD ပါတီနှင့် ဆက်ဆံရေးကောင်းများရှိခဲ့သည်ကိုအမှတ်ရသင့်သည်။ အခုလည်း သူပူပန်နေသည့် သူအကျိုးစီးပွားများ လုံခြုံမှုရှိဖို့၊ ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် သူ ဆွေးနွေးညှိနှိုင်းရမှာက NUG အစိုးရနှင့် EROs တိုင်းရင်းသားတော်လှန်ရေးအင်အားစုများပင် ဖြစ်သည်။ သူ့အကျိုးစီးပွားများတည်ရှိရာနယ်မြေများသည် NUG အစိုးရနှင့် EROs တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက ထိန်းချုပ်စိုးမိုးထားရာ နေရာများသာဖြစ်သည်။ ICC ဝရမ်းပြေးလောင်းလျာ စစ်ရှုံးကောင်စီက သူ့အကျိုးစီးပွားတွေကို မည်သည့်နည်းဖြင့်မျှ အကာအကွယ်ပေးနိုင်မည် မဟုတ်ချေ။
ဖက်ဆစ်စစ်တပ်က မြန်မာပြည်သူတွေကို ဘယ်လိုအကြမ်းဖက်၊ ဘယ်လိုဗုံးကြဲ၊ ဘယ်လိုမီးရှို့၊ ဘယ်လိုသတ်ဖြတ်နေလဲဆိုတာ မြန်မာပြည်ပေါက် တရုတ်နွယ်ဖွားများ သိမြင်ပြီးဖြစ်သည်။ မုဒိမ်းကျင့်၊ လူသတ် ဓားပြတိုက်နေသော စစ်ရာဇဝတ်ကောင်ဘက်က သွားရပ်နေသောတရုတ်အစိုးရ ရှီကျင့်ဖျင့် ၏လုပ်ရပ်က ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာမဲ့ဖွယ်ပင်ဖြစ်သည်။ မြန်မာပြည်သူများ၏ ဒေါသစိတ်ကိုလည်း မြင့်တက်စေခဲ့သည်။ မအောင်မြင်သော အာဏာသိမ်းမှုစတင်ကတည်းက မြန်မာပြည်သူများနှင့် နေသားတကျရှိနေသော တရုတ်တိုးနယားအက ပျောက်ကွယ်နေခဲ့သည်။ ရှီကျင့်ဖျင့်၏ ရပ်တည်မှု ပေါ်လစီအမှားက တရုတ်ပြည်ကိုလည်း ထိခိုက်နစ်နာစေမှာဖြစ်သည်။ ယခုလည်း နိုင်ငံအသီးသီးရှိ မြန်မာလူမျိုးများက တရုတ်ကို ဆန့်ကျင်ဆန္ဒပြလျက်ရှိရာတရုတ်အစိုးရသည် နိုင်ငံတကာသံတမန်များအကြားဝယ် အရှက်ရဖွယ်ဖြစ်နေပေသည်။ တရုတ်က စစ်ရာဇဝတ်ကောင် မအလကို လူကောင်းမှတ်ပြီး ထပ်ပေါင်းနေဦးမယ်ဆိုလျှင်တော့ မြန်မာပြည်သူတွေကြားမှာ တရုတ်တိုးနယားအကသည် ဧကန်ပင် နိဂုံးချုပ်သွားပါလိမ့်မည်။
နိုင်ငံတကာအစိုးရများက နိုင်ငံတကာပြည်သူများအရေးကို အလေးထားရမှာဖြစ်သည်။ တရုတ်ပြည်သူများအနေနဲ့လည်း မြန်မာပြည်သူများအရေးကို ခံစားနားလည်နိုင်ပေလိမ့်မည်။ ပြည်သူအချင်းချင်း ဖေးကူ လက်တွဲကြရမှာဖြစ်သည်။ မြန်မာပြည်သူများနှင့်အတူ နိုင်ငံတကာပြည်သူများကပါ ရှုတ်ချဆန့်ကျင်လာမည့် တရုတ်အစိုးရ ရှီကျင့်ဖျင့်၏ အလွဲအမှားလုပ်ရပ်များကို တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများကလည်း အမြန်ဆုံး ထောက်ပြပြုပြင်နိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။
မည်သို့ဖြစ်စေ မကြာမီ ICC တရားရုံးကလည်း ဖမ်းဝရမ်းကို အတည်ပြုတော့မည်ဖြစ်သည်။ စုစည်းညီညွတ်သော တော်လှန်ရေးအင်အားစုများ၏ မြို့သိမ်းတိုက်ပွဲများကလည်း တလှိုင်းပြီးတလှိုင်း ခရီးနှင်လာပြီဖြစ်ရာ အကြမ်းဖက် မအလအတွက် နောက်ဆုံးရက်များသို့ ရောက်ရှိနေပြီဖြစ်ပေသည်။
About The Call 320 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*