သူရိန်
မန္တလေးမြို့သက်တမ်းက နှစ် ၁၇၀ နီးပါးရှိပါပြီ။ လက်ရှိအချိန်မှာ စစ်ရိပ်တွေသန်းနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်က စစ်ရှောင်ပြည်သူတွေလည်း ရောက်ရှိနေသလို မန္တလေးမြို့သူ၊ မြို့သားတွေကိုယ်တိုင် စစ်ဘေးရှောင်ဖြစ်လာတော့မယ့် အနေအထားတွေ ဖြစ်နေပါတယ်။ တကယ်တော့ မန္တလေးမှာ စစ်တွေဖြစ်တာ၊ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်တာက မန္တလေးမြို့တည်ကာစ၊ ပထမဆယ်စုနှစ် မပြည့်ခင်ကတည်းကပဲဖြစ်ပါတယ်။ တကယ်တော့ မန္တလေးမြို့ တည်ထောင်ရခြင်း အကြောင်းတရားတွေထဲမှာကိုက စစ်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခတွေ အရင်းခံပါဝင်နေပါတယ်။ မန္တလေးဟာ ဒုတိယ အင်္ဂလိပ်-ဗမာစစ်ပွဲနဲ့ မင်းတုန်းမင်းသား (နောင်တွင် မင်းတုန်းမင်း) ရဲ့ ပုန်ကန်မှုတွေအပြီးမှာ တည်ထောင်ခဲ့တဲ့ မင်းနေပြည်မြို့တော်တခုပဲ ဖြစ်ပါတယ်။ မင်းတုန်းမင်းအနေနဲ့ ပုန်ကန်မှုအပြီးမှာ စာရင်းရှင်း သတ်ဖြတ်မှုတွေဖြစ်ပွားခဲ့တဲ့ အမရပူရမြို့တော်ကနေ စွန့်ခွာလိုတဲ့အတွက် မန္တလေးကို တည်ခဲ့တာဖြစ်တယ်လို့ ပြောဆိုကြတာတွေရှိပါတယ်။
၁၈၅၇ ခုနှစ် မန္တလေးမြို့ တည်ထောင်ပါပြီဆိုကတည်းက ပထမဆုံးဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခကတော့ ၁၈၆၆ မှာဖြစ်တဲ့ မြင်ကွန်း-မြင်းခုံတိုင် မင်းသားညီအကိုနှစ်ယောက်ရဲ့ မအောင်မြင်တဲ့ နန်းတွင်းအာဏာသိမ်းမှု ဖြစ်ပါတယ်။ ဒီအာဏာသိမ်းမှုမှာ မြန်မာပြည်ရဲ့ ရှိတ်စပီးယားလို့ဆိုကြတဲ့ စာဆိုပညာရှင် စလေဦးပုညက အခါပေးပြီး မန္တလေး မြို့တည်၊ နန်းတည် မင်းတုန်းမင်းနဲ့ အိမ်ရှေ့စံ ကနောင်မင်းသားတို့ကို သတ်ဖြတ်ဖို့ရာ ကြံစည်ကြပါတယ်။ လက်ရှိ စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး စစ်ကောင်စီရဲ့ အလယ်ပိုင်းစစ်ဌာနချုပ်တည်ရာ နန်းမြို့တွင်းမှာ ဘုရင့်နောက်လိုက်တွေနဲ့ အာဏာသိမ်းမင်းသားနှစ်ပါးရဲ့ နောက်လိုက်တွေကြား တိုက်ပွဲငယ်တွေ ဖြစ်ပွားပြီး ကနောင်မင်းသားနှင့်တကွ မင်းသားအချို့နဲ့ မှူးကြီးမတ်ရာအချို့ သေဆုံးကြသလို နောက်ဆက်တွဲအနေနဲ့ တနိုင်ငံလုံးမှာ မငြိမ်မသက်မှုတွေနဲ့ ပန်းထိမ်းမင်းသား သူပုန်ထမှုလို ပုန်ကန်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီတော့ လက်ရှိအချိန်မှာ စစ်ကောင်စီက သဲအိတ်ကာ ခံစစ်ပြင်ထားတဲ့ မန္တလေးနန်းတွင်းဟာ စတည်ပြီဆိုကတည်းက လက်နက် နိုင်ငံရေးအငွေ့အသက်တွေနဲ့ စတင်ခဲ့ ပြည့်နှက်နေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒုတိအကြိမ်အနေနဲ့ကတော့ ဗမာ/မြန်မာတွေ ပါတော်မူလို့ သိကြတဲ့ ၁၈၈၅ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲပဲ ဖြစ်ပါတယ်။ နန်းတွင်း နိုင်ငံရေး အရှုပ်အရှင်းတွေကြားမှာ ရန်ကုန်မှာအခြေပြုနေတဲ့ အင်္ဂလိပ်တွေက ခုခံမှုတိတိပပမရှိဘဲနဲ့ မန္တလေးထိ ချီတက်လာနိုင်ခဲ့ပြီး သီပေါမင်းကို ညတွင်းချင်း ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကုန်းဘောင်ဘုရင်တွေ နေ၀င်ပြီး လက်ကျန် ကုန်းဘောင်နိုင်ငံ အင်္ဂလိပ်လက်ထဲ ရောက်ပါတော့တယ်။
ဒါပေမဲ့ လမ်းတလျှောက်က ဘုရင့်တပ်တွေကို ကောင်းကောင်း လက်နက်မဖြုတ်၊ မသိမ်းခဲ့တဲ့အကျိုးဆက်ကို သိမ်းပိုက်စစ်တပ်ဖြစ်တဲ့ အင်္ဂလိပ်နဲ့ အိန္ဒိယတပ်ဖွဲ့တွေ ခံစားရပါတော့တယ်။ သီပေါမင်း ပါတော်မူတဲ့နေ့ကတည်းက ဘုရားကျောင်းကန်တွေ၊ စက်ရုံတွေနဲ့ လူကုံထံ မိသားစုတွေကို လုယက်မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေဖြစ်ကြတယ်။ အင်္ဂလိပ်တပ်တွေရဲ့ မသင်္ကာသူတွေကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ ဒီတခါမှာတော့ အရပ်သူအရပ်သားတွေပါ စစ်ဘေးစစ်ဒဏ်ကို ပထမဆုံး စ ခံလာခဲ့ကြရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးနန်းမြို့၊ နန်းတော်ကို အင်္ဂလိပ်နဲ့ အိန္ဒိယတပ်တွေ အခြေချပြီး ဒပ်ဖရင်ခံတပ်လို့ ခေါ်ဆိုခဲ့ကြပြန်ပါတယ်။ အဲဒီကနေစလို့ စစ်တပ်မျိုးစုံ နန်းတော်ထဲမှာ အခြေချလာတာ နောက်ဆုံးနေထိုင်သူကတော့ လက်ရှိ စစ်ကောင်စီတပ်ပဲဖြစ်ပါတယ်။
ဒီလိုနဲ့ ကုန်းဘောင်မင်းနေပြည်တော်အဖြစ်ကနေ ဗြိတိသျှဘားမားနယ်ထဲ မြို့တမြို့ နှစ်ငါးဆယ်ကျော်နေပြီးမှာတော့ ၂၀ ရာစုရဲ့ အကြီးဆုံးစစ်ပွဲကြီးက မြို့တံခါးဝကို ရောက်လာတော့တယ်။ အရှေ့တောင်အာရှဒေသတွင်းက တခြားမြို့တွေအတိုင်းပဲ ဒုတိယကမ္ဘာစစ်ရဲ့ ရိုက်ပုတ်မှုဒဏ်တွေကနေ မန္တလေးလည်း လွတ်ငြိမ်းခဲ့ခြင်းမရှိပါဘူး။ မန္တလေးဟာ စစ်ဒဏ်ကို နှစ်ကျော့ခံခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ဂျပန်တပ်တွေ သိမ်းပိုက်တဲ့အချိန်မှာလည်း စစ်ဒဏ်ကို ခံခဲ့ရသလို ဂျပန်တပ်တွေ ဆုတ်ပြေးရတဲ့အချိန်မှာလည်း ခံရပြန်ပါတယ်။ ဂျပန်တွေ မန္တလေးကိုဝင်လာချိန်မှာ ဆီးကြိုခုခံဖို့လုပ်တာကတော့ အမေရိကန်ဗိုလ်ချုပ် စတီးဝဲလ်ကွပ်ကဲတဲ့ ကူမင်တန် တရုတ်တပ်တွေဖြစ်ပါတယ်။ ကူမင်တန်အစိုးရခေါင်းဆောင် ချန်ကေရှိတ်နဲ့ သူ့ဇနီးတို့ မန္တလေးကို ခေတ္တခန ရောက်ခဲ့ပါသေးတယ်။ ဂျပန် လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မလို့ လူတွေသေကြေတာ ဘုရားကျောင်းကန်တွေ ပျက်စီးတာတွေဖြစ်ခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။
မန္တလေးမှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေကတော့ အင်္ဂလိပ်နဲ့မဟာမိတ်တပ်တွေ မြန်မာနိုင်ငံကို ပြန်လည် သိမ်းပိုက်ဖို့ ထိုးစစ်ဆင်စဥ်ကာလများမှာပဲ ဖြစ်ပါတယ်။ ဒီတခါမှာ မန္တလေးတောင်၊ နန်းတွင်းနဲ့ မန္တလေးမြို့အနှံ့မှာ မဟာမိတ်ယန္တရားတပ်တွေနဲ့ ဂျပန်တပ်တွေ တိုက်ပွဲအကြီးအကျယ်ဖြစ်ပါတယ်။ နန်းတွင်းထဲကနေ ခုခံတဲ့ ဂျပန်တပ်တွေကို အင်္ဂလိပ်က အားရပါးရဗုန်းကြဲလို့ နန်းတော်လည်း အလုံးစုံနီးနီး ပျက်စီးခဲ့ရပါတယ်။ စစ်ပွဲကာလတလျှောက်မှာ မြို့သူမြို့သားတွေကိုယ်တိုင် စစ်ကိုင်းဘက်ကို တိမ်းရှောင်ရတာတွေဖြစ်ပါတယ်။ မန္တလေးမြို့သား ဂီတစာဆို မြို့မငြိမ်းစပ်ဆိုသွားတဲ့ ပြည်တော်ဝင်သီချင်းက ဒီ စစ်ဘေးရှောင် မန္တလေးသူ၊ မန္တလေးသားတွေ အိမ်အပြန်မှာ စိတ်ဓာတ်ပြန်လည်နိုးကြားစေဖို့ စပ်ဆိုသွားခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ အင်အားစုတွေရဲ့ အိမ်ပြန်ချိန်ကို မျှော်မှန်းကြရာမှာ ပြန်လည်အသုံးပြုနေဆဲဖြစ်တာဟာ နှစ် ၁၀၀ အတွင်း ဗမာ့လူ့အဖွဲ့အစည်းရဲ့ မပြောင်းလဲသေးတဲ့သဘောတွေကို မီးမောင်းထိုးပြနေပါတယ်။
မန္တလေးနဲ့စစ်ဘေးကိုပြောရရင် နောက်ဆုံး စစ်ဘေးအကြီးအကျယ် သင့်ခဲ့တာကတော့ ပြည်တွင်းစစ်ကာလ အစောပိုင်းတွေမှာပဲဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်မီး အကြီးအကျယ် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်တဲ့အချိန်မှာပဲဖြစ်ပါတယ်။ ဦးနုအစိုးရအနေနဲ့ ရန်ကုန်အစိုးရလို့ ခေါ်တွင်ခံရတဲ့အထိ မြို့ပြတွေ နယ်မြေတွေ အများကြီး လက်လွတ်ခဲ့ရ၊ မေမြို့နဲ့ ထိုစဥ်က အစိုးရတပ်/စစ်တပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မေမြို့ကို သိမ်းပိုက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်တွေဟာ ရဲဘော်ဖြူနဲ့ ဗမာပြည်ကွန်မြူနစ်တပ်တွေနဲ့အတူ မန္တလေးကို ဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။ အစိုးရတပ်တွေနဲ့ ဒီအင်အားစုတွေအကြားမှာ မြို့ကိုထိန်းချုပ်ဖို့ တိုက်ပွဲတွေဖြစ်ပွားပြီး မြို့တွင်း အထင်ကရနေရာတွေဖြစ်တဲ့ စျေးချို၊ ဘုရားကြီးနဲ့ ဘူတာကြီးတို့မှာ တိုက်ပွဲတွေဖြစ်ပါတယ်။ မြို့ရဲ့လေးပြင်လေးရပ်က ရပ်ကွက်တွေမှာလည်း တိုက်ပွဲတွေဖြစ်၊ အိုးအိမ်တွေ ပျက်စီးမီးလောင်တာတွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါဟာ မန္တလေးမှာ နောက်ဆုံးဖြစ်ခဲ့တဲ့စစ်၊ မန္တလေးသားတွေ နောက်ဆုံးသင့်ခဲ့တဲ့ စစ်ဒဏ်လို့ ဆိုနိုင်ပါတယ်။
ဒီလိုနဲ့ မန္တလေးဒေသကနေ KNU တပ်တွေ ဆုတ်ခွာခဲ့ရသလို ဗကပလို အင်အားစုတွေလည်း စစ်တပ်က တိုက်ခိုက်မှုတွေအောက် ပျောက်ကွယ်သွားခဲ့ရပါတယ်။ လက်ရှိစစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက် လာပြီး ပြည်တွင်းစစ် နောက်ပိုင်းကာလတွေမှာ မန္တလေးဟာ အဖြူရောင်နယ်မြေအဖြစ် နှစ်ပေါင်းမနည်း ရပ်တည်လာခဲ့ပါတယ်။
ဒါတွေကို ပြောင်းလဲပေးလိုက်တာကတော့ ၂၀၂၁ အာဏာသိမ်းမှုပဲဖြစ်ပါတယ်။ ဆန္ဒပြမှုတွေကို အကြမ်းဖက်အင်အားသုံး ဖြိုခွဲမှုတွေအပြီး လက်နက်ကိုင်တော်လှန်ရေး အစပျိုးစဥ်ကာလများမှာကတည်းက ဆယ်စုနှစ်ပေါင်းမနည်းပျောက်နေတဲ့ စစ်ရိပ်ဟာ မန္တလေးမြို့ထဲကို ပြန်လည် ဝင်ရောက်လာပါတော့တယ်။ အာဏာသိမ်းကာစ လေးလကျော်အတွင်းမှာပဲ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေရဲ့ စုရပ်စခန်းနဲ့ လက်နက်တိုက်ကို စီးနင်းရာကနေ မြို့တွင်းတိုက်ပွဲအသေးစားတခု စတင်ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။ မန္တလေးနဲ့ မဝေးတော့တဲ့အရပ်တွေဖြစ်တဲ့ မိုးကုတ်၊ မတ္တရာ၊ စဥ့်ကူး စတဲ့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်လို့ တော်လှန်ရေးအင်အားစုတွေ အသာရနေတဲ့အဖြစ်မှာ မန္တလေးမှာ တိုက်ပွဲတွေဖြစ်တော့မှာလားဆိုတဲ့ စိုးရိမ်စိတ်တွေ၊ မရေရာမှုတွေ ဖြစ်နေပါတယ်။ တကယ်တမ်းမှာတော့ မန္တလေးဟာ စစ်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စိမ်းကားနေတဲ့ဒေသ မဟုတ်ဘူးဆိုတာ သမိုင်းကြောင်းဖြစ်ရပ်တွေက မီးမောင်းထိုးပြနေတာကို တွေ့နိုင်ပါတယ်လို့ ပြောလိုပါတယ်ခင်ဗျား။
(စာရေးသူအနေနဲ့ ‘မန္တလေးဖြစ် စစ်သမိုင်း’ ဆိုတဲ့ ဆောင်းပါးခေါင်းစဥ်ဟာ ဒေါက်တာသန်းထွန်းရဲ့ ‘မန္တလေးဖြစ်အမျိုးသားစိတ်’ ဆိုတဲ့ စာအုပ်ခေါင်းစဥ်ကနေ မှီငြမ်း ရယူထားတာဖြစ်ကြောင်း ဝန်ခံပါတယ်။)
ရည်ညွှန်းကိုးကားများ။
တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ (မြသန်းတင့်)
ငါးနှစ်ရာသီဗမာပြည် (ဦးနု)
တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် (ဗိုလ်မှူးကြီးဟောင်းတင်မောင်)
ပြည်တွင်းသောင်းကျန်းမှုသမိုင်း အတွဲ ၂*
Defeat Into Victory by Joseph Stilwell
Last and First in Burma by Maurice Collis
Be the first to comment