မန္တလေးမြို့ဟာ ပျက်စီးခဲ့ပြီလား

by The Call
“မန္တလေးမြို့ဟာ ပျက်စီးခဲ့ပြီလား”
◼️ရွယ်မိုး
မန္တလေးက မြို့ပျက်တာတင်မဟုတ်၊ လူမှုအဖွဲ့အစည်းရဲ့ယဥ်ကျေးမှုစံနှုန်းတွေ၊ ရိုးရာဓလေ့ထုံးတမ်းနဲ့ အစဥ်အလာတန်ဖိုးတွေရော ပျက်စီးလုမတတ် ဖြစ်သွားတာလို့ အသိတယောက်က ပြောတယ်။
ကျနော်ကလည်း အဲဒီလို မြင်ထားပါတယ်။ ကိုယ့်ဇာတိချက်ကြွေမြို့ ဆိုပေမယ့် အပျက်အစီးတွေ များတာကြောင့် ဓာတ်ပုံတပုံများ မြင်ရရင် ဒါက ဘယ်နေရာလဲလို့ကို မမှတ်မိနိုင်လောက်အောင်ပါပဲ၊ ဒါပေမယ့် သည့်ထက် ပို စိတ်ထိခိုက်စရာတွေ ရှိပါတယ်။
ဒီနေ့ဆို မန္တလေးမြို့ရဲ့ ရပ်ကွက်တခုမှာ အလှူပစ္စည်းနဲ့ပတ်သက်ပြီး လုကြ ယက်ကြ တုတ်ဓားတွေနဲ့ ရွယ်ကြ သေနတ်ပါ ဖောက်ကြတယ်။
နောက်ပြီး Mandalay Free Press ရဲ့ သတင်းတပုဒ်ကတော့ ငလျင်အပြီးမှာ ဓားပြတိုက်မှု ဖောက်ထွင်းခိုးယူမှု လုယက်မှုတွေ ရုတ်တရက် အဖြစ်များလာတယ်လို့ ဆိုတယ်။
အဆောက်အဦးတွေ ပြိုကျပျက်စီးတာက ရုပ်ဝတ္ထုတွေပါ၊ ပြန်တည်ဆောက်လို့ရနိုင်တယ်၊ ဒါပေမယ့် ဘာသာရေးအဆောက်အဦးတွေ ပြိုတာက လူတွေရဲ့ စိတ်ခံစားချက်ကို ထိခိုက်စေတယ်။
ဒါ့အပြင် လူမှုအသိုက်အဝန်းလည်း ပြိုတယ်။ မိသားစုဝင်တွေ သေကုန်ကြ၊ သေကွဲရှင်ကွဲ တယောက်တနေရာ ကွဲကွာကြရတာတွေကလည်း လူတွေကို စိတ်ထိခိုက်စေတယ်။
စီးပွားရေး ပျက်စီး ကျဆင်းမှုကြောင့်လည်း အလှူအတန်းမလုပ်နိုင်ကြ၊ လူမှုစီးပွား ပျက်ယွင်းပြီး ရိုးရာဓလေ့ထုံးတမ်း အစဥ်အလာတွေကို ထိန်းသိမ်းဖို့ရာ အခက်အခဲ တွေ့လာရတယ်။ တိုတိုပြောရရင် ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အဦတွေ၊ ရှေးဟောင်းသမိုင်းဝင်တွေရဲ့တန်ဖိုးကို ပြန်ဖော်ထုတ် ပြုပြင်ဖို့ရာ ခက်လိမ့်မယ်လို့ ထင်တယ်။
နောက်ပြီး ကူညီကြပေမယ့် ထိရောက်တဲ့အကူအညီ မဖြစ်စေတဲ့ လူမှုရေးပြောင်းလဲမှုပဲ။ မမျှတတဲ့ ခွဲခြမ်းကူညီမှုတွေ၊ ရသူရ၊ မရသူမရနဲ့ မညီမျှတဲ့ ကူညီမှုတွေက လူတွေကို လုယက်လာစေတယ်။ ကူသူတွေကြားမှာလည်း လုယက်တဲ့ကောင်တွေဆိုပြီး ရှောင်ကြဥ်ဖို့ လှုံ့ဆော်ကြသလို လုရတဲ့အကြောင်းအရင်းကလည်း ကူညီမှုက မမျှတလို့ဆိုတဲ့ အချက်တချက်ကို ထည့်သွင်း စဥ်းစားရလိမ့်မယ် ထင်တယ်။
သတင်းအချက်အလက် သေချာမရရှိမှု၊ ကူညီမှုအစီအစဥ် မရေးဆွဲနိုင်မှု၊ ထောက်ပံ့မှုပစ္စည်း လိုအပ်ချက် မတွက်ချက်နိုင်မှု၊ အထူးသဖြင့် ဦးဆောင်ဦးရွက် ပြုမယ့် အသင်းအဖွဲ့ကြီးတွေ မရှိမှုကြောင့် အဖွဲ့ငယ်လေးတွေဟာ သန်ရာသန်ရာ လုပ်ကြရတယ်၊ လှူပြီးသားနေရာ ထပ်ထပ်လှူတယ်၊ မလှူရသေးတဲ့နေရာဆို လုံးဝ မရောက်ဘူး၊ လှူတဲ့အခါလည်း ရေတိုပစ္စည်း အထားမခံဆိုတဲ့ သိုးလွယ်တဲ့ ထမင်းထုပ်တွေ လှူကြတယ်၊ လွှင့်ပစ်ရတဲ့ ထမင်းထုတ်တွေဆို တောင်ပုံရာပုံပဲ။
မန္တလေးရဲ့ လူမှုစံတန်ဖိုး Social Values ဟာ လတ်တလောမှာ ပျက်စီးသွားမတတ် ဖြစ်ရပေမယ့် အဖတ်ဆယ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။
သေချာနားလည်သူတွေက စည်းကမ်းတကျနဲ့ ဦးဆောင်ပြီး လုပ်ပေးနိုင်ကြရင် အချင်းချင်း ကူညီရိုင်းပင်းမှု၊ စာနာ နားလည်ကြမှုတွေနဲ့အတူ ဒီငလျင်နောက်ဆက်တွဲ ပျက်ယွင်းမှုတွေကို ပြန်တည်ဆောက်နိုင်မယ်လို့ ထင်ပါတယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment